Wednesday, September 23, 2009

ဘေးထွက်ရလဒ်များ

နာရေးကူညီမှု အသင်းကြီးကို စတင်တည်ထောင်စဉ်က ကျွန်မတို့တစ်တွေရဲ့ အဓိက ရည်ရွယ် ချက်က လူတစ်ဦးတစ်ယောက် သေဆုံးသွားလို့ ပရိဒေဝမီးတောက်လောင်နေကြတဲ့ ကျန်ရစ်သူ နာရေးရှင်များရဲ့ အပူကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ ငြိမ်းသတ်ပေးကြဖို့ပါ။ ဒါပေမယ့် တစ်နွယ်ငင် တစ်စင်ပါဆိုသလို ဘေးထွက်အကျိုးကျေးဇူး တွေကလည်း မနည်းပါဘူး။ ကျွန်မ မှတ်မိသလောက်ပြောရရင် ...ကျွန်မတို့အိမ်က အကူမိန်းကလေးကို ကိုကျော်သူ့ အိမ်က မိန်းကလေးမှန်းသိလိုက်ရတဲ့ ဆင်ခြေဖုံးရပ်ကွက်က အဘွားတစ်ယောက်က ''သမီးရယ် ... မောင်ကျော်သူတို့ကို အဘွား သိပ်ကျေးဇူးတင်တာပဲကွယ်။ သူတို့ အသင်းကြီးပေါ်လာလို့ အဘွားကို အဘွားသားက သူနဲ့ အတူ လာနေဖို့ ခေါ်ပြီလေ။ အဲဒါ အခု အဘွားသားနဲ့ သွားနေတော့မှာ' ဆိုတော့ မိန်းကလေးက နာရေးကူညီမှုအသင်းနဲ့ အဘွားပြောနေတဲ့ အကြောင်းအရာနဲ့ ဘယ်လိုမှ ဆက်စပ်လို့မရတော့''အဘွားသားနဲ့ အဘွားသွားနေမှာ နဲ့ ဦးမောင် (ကျော်သူ) တို့ အသင်းနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ'' လို့ပြန်မေးရပါတယ်။
အဲဒီတော့မှ အဘွားက ''သြော် ... အဘွားလောသွားလို့၊ ဒီလို သမီးရဲ့ အဘွားရဲ့သားက ပြောတယ်၊ အမေ့ကို ကျွန်တော် ကျွေးထားနိုင်ပါတယ်၊ အမေအိုတစ်ယောက်ရဲ့ စားစရိတ် (ကုန်ကျစရိတ်) ကဘယ်လောက်ရှိမှာလဲ၊ ဒါပေမယ့် ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ အိမ်မှာ နေတုန်းများ အမေ ဆုံးပါးသွားခဲ့ရင် ကျွန်တော် အဲဒီစရိတ် ကိုတော့ တတ်နိုင်မှာ မဟုတ်ဘူး၊ အဲဒါကို တွေးကြောက်ခဲ့လို့ အမေ့ကို ခေါ်ထားချင်ပေးမယ့် ခေါ်မထားရဲ ခဲ့ဘူး၊ အခုတော့ ကိုကျော်သူတို့ အသင်းပေါ်လာတော့ ကျွန်တော် အဲဒီအတွက် လုံးဝ ပူစရာ မလိုတော့လို အမေ့ကို ကျွန်တော်တို့နဲ့ နေဖို့ ခေါ်တာ'' လို့ ပြောတယ်လို့ ပြောပြပါတယ်။နောက်တစ်ခုကတော့ ကျွန်မ မိတ်ဆွေတစ်ဦးရဲ့ဘကြီး ဝဋ် ဒုက္ခတစ်ခု ငြိမ်းသွားတာပါ။ ကျွန်မမိတ်ဆွေ ရဲ့ဘကြီးဟာ ပင်စင်စားလူပျိုကြီးတစ်ဦးပါ။ လူပျိုကြီးပီပီ ကျောထောက်နောက်ခံ သားသမီးကလည်းမရှိတော့ တူတွေ၊ တူမတွေ ကိုပဲ အားနာစွာနဲ့ အားကိုးနေရတဲ့ ဘဝပေါ့။ သူဟာ အရပ်ထဲမှာ အသုဘ ကိစ္စဖြစ်တိုင်း အသုဘသွားမေးရင်း အသုဘရှင်တွေဆီမှာ အသုဘစရိတ်ကို စုံစမ်းလေ့ရှိပါတယ်။ စုံစမ်းရတဲ့ အကြောင်းအရင်းကတော့ သူ့ပင်စင် စုဆောင်း ငွေလေးနဲ့ သူ့ရဲ့အသုဘစရိတ် လောက်ငမှု ရှိနိုင်၊ မရှိနိုင်ကို ချိန်ချိန်ကြည့်နေတာပါတဲ့။ သူ့အတွက် သူ့တူ၊ တူမ တွေ ဝန်ထုတ်ဝန်ပိုး မဖြစ်စေလိုတဲ့ စေတနာနဲ့ပေါ့လေ။ အခုတော့ သူ့မှာ အဲဒီဝဋ် ဒုက္ခကငြိမ်းသွားပါပြီတဲ့။ နာရေးကူညီမှုအသင်းရဲ့ ဖုန်းနံပါတ်ကိုပဲ သူ့ခေါင်းရင်းမှာ ထင်ထင်ရှားရှားရေးထားလိုက်ပြီတဲ့။ အဲဒီလို နာရေးကူညီမှုအသင်းရဲ့ ဖုန်းနံပါတ်ကို ထင်သာ မြင်သာတဲ့ နေရာမှာ ရေးမှတ်ထားပြီး အသုဘကိစ္စအတွက်တော့ အပူအပင်ကင်းစွာနဲ့ မိမိတို့ရဲ့ ဘဝနေဝင်ချိန်ကို စိတ်အေးလက်အေး စောင့်ဆိုင်းနေတဲ့ အဘိုးအို၊ အဘွားအိုများစွာကိုလည်း ကျွန်မတွေ့ကြုံရပေါင်း များလှပါပြီ။(တစ်လက်စတည်း နဲ့ နာရေးကူညီမှုအသင်းရဲ့ ဖုန်းနံပါတ်ဟာ ၅၇၈၁၈၄ ဖြစ်တယ် ဆိုတာရယ်၊ နောက်ထပ်ဖုန်း အသစ်တစ်လုံးလည်း လာရောက်လှူဒါန်းသွားတယ် ဆိုတာရယ်၊ ဖုန်းနံပါတ်ကတော့ ၅၆ဝ၃၃၃ ဖြစ်တယ်ဆိုတာရယ် ကိုသတင်းကောင်းပါးပါရစေ)။ကျွန်မရဲ့ မွေးနေ့ ဇန်နဝါရီလ(၁)ရက်နေ့ကို ရိပ်သာတစ်ခုခုမှာ တရားအားထုတ်ရင်းနဲ့ ဖြတ်ကျော် ချင်တဲ့ ဆန္ဒကြောင့် ၂ဝဝ၁ ခုနှစ်ရဲ့ နှစ်ကုန်ရက်များနဲ့ ၂ဝဝ၂ ခုနှစ်ရဲ့ နှစ်ဆန်းရက် များအတွင်း ရွှေမင်တောရ (ပုလဲ မြို့သစ်)မှာ ၁ဝ ရက် သွားရောက်နေထိုင် တရားအားထုတ်နေစဉ်ကလည်း ကျွန်မကို ကိုကျော်သူ့ဇနီးရယ်လို့ သိသွားကြတဲ့ ဓမ္မမိတ်ဆွေများက နာရေးကူညီမှုအသင်း လက်ကမ်းစာစောင်များ ယူလာခဲ့ဖို့ တောင်းဆိုကြပါတယ်။ တစ်ရက်မှာတော့ အဲဒီစာစောင်လေး တစ်ခုကို ကိုင်လာပြီး ယောဂီ အမေတစ်ဦးက ကျွန်မကို နှုတ်ဆက်ကျေးဇူးတင်စကား ပြာလာပါတယ်။ သူဟာ ရောဂါသည် တစ်ဦးဖြစ်နေလို့ သူ့သားသမီးတွေဟာ သူရိပ်သာ ဝင်နေတာကို စိတ်မချကြတဲ့ သူတို့ဟာ လက်လုပ်လက်စား မိသားစုများဖြစ်ကြလို့ အမေ့ ကိုလည်း ရိပ်သာမှာ အမြဲလာမကြည့်နိုင်၊ ရိပ်သာမှာ အမေတစ်ခုခု ဖြစ်ခဲ့ရင်လည်း သူတို့ထံကို ဆက်သွယ်အကြောင်းကြားဖို့ကလည်း ခက်ခဲတဲ့အတွက် အမေ ရိပ်သာမှာ ရက်ရှည် တရားသွား အားထုတ်တာကို ကြည်ကြည်ဖြူဖြူ ခွင့်မပြုခဲ့ကြတဲ့အကြောင်း၊ အခုလို နာရေးကူညီမှု အသင်း ပေါ်ပေါက်လာတဲ့နောက် အသင်းရဲ့ ဖုန်းနံပါတ်ကို သွားလေရာ ရိပ်သာယူသွားပြီး နီးစပ်ရာ ဓမ္မမိတ်ဆွေများကို အဲဒီဖုန်းနံပါတ်လေးပေးထားပြီး အမေတစ်ခုခု ဖြစ်ခဲ့ရင် အဲဒီအသင်းကို ဖုန်းဆက်ပြီး အကြောင်းကြားပေးပါလို့ အကူအညီတောင်းထားပြီး အမေအားထုတ်ချင်တဲ့ ဝိပဿနာ ဘာဝနာတရားကို စိတ်တိုင်းကျ အားထုတ်ခွင့် ရနေပြီဖြစ်တဲ့အကြောင်း၊ အဲဒါကြောင့်ကျွန်မတို့ကို အရမ်းကျေးဇူးတင်နေပြီး အမြဲတမ်းပဲ မေတ္တာပို့အမျှပေးဝေနေတဲ့ အကြောင်းတွေကို ပြောပြပါတယ်။ ကျွန်မပြောချင်တာက ပရိဒေဝမီးတောက်လောင်နေတဲ့ နာရေးရှင်များရဲ့ အပူမီးကို ငြှိမ်းသတ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ကြတဲ့ လုပ်ငန်းကြီးရဲ့ ဘေးထွက်အကျိုး ရလဒ် တွေဟာ မမျှော်လင့်ပဲ များပြားလှတယ်ဆိုတာကိုပါ။လူရယ်လို့ဖြစ်လာရင် သေရမှာပဲဆိုတဲ့ တရားကို နှလုံးသွင်းထားနိုင်လို့ သေရမှာကို မကြောက် ပေမယ့် မိမိသေခဲ့ရင် မိမိရဲ့ ကျန်ရစ်တဲ့ ဥတုဇရုပ်ကလာပ်ကြောင့် ကျန်ရစ်သူများအတွက် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေမှာကို ကြောင့်ကြတတ်ကြတဲ့ လူများအတွက်လည်း နာရေးကူညီမှု အသင်းကြီးဟာ လိုအပ်နေတာ အမှန်ပါပဲ။ သေဆုံးခါနီး လူတစ်ဦးအတွက် မရဏ သန္နဇော စောချိန်မှာ မည်သည့်ပူပင်ကြောင့်ကြမှုမျှ ဝင်ရောက်နှောင့်ယှက်ခြင်း မခံရဘဲ အေးငြိမ်းစွာ စုတိ စိတ်ကျနိုင်ခြင်းသည် ဘဝကူးကောင်းရန်အတွက် အလိုအပ်ဆုံး အခြေအနေတစ်ရပ်ပင် မဟုတ်ပါလား။


(ဒေါ်ရွှေဇီးကွက် )