Tuesday, May 4, 2010

သူ


သူ ......အနိမ့်ကျဆုံးသော
ကုသိုလ်အလုပ်လုပ်ရင်း

အမြင့်မြတ်ဆုံးသော စိတ်ထားမွေးမြူသူ

သူ
......လူဖြစ်ရတဲ့ တန်ဖိုးကို

တန်ဖိုးရှိတဲ့ လူအဖြစ်ပြခဲ့သူ

သူ
......အယူအမှားတွေ ဖျောက်တဲ့

လူသားဆန်သူ တယောက်ဖြစ်ခဲ့သူ

သူ
......ရုပ်ရှင်အလုပ်ကို စွန့်ပြီး

ရုပ်သေတွေအတွက် ရှင်သန်နေသူ

သူ
......သူ့အနုပညာကို ခုတုံးလုပ်ပြီး

အများ ဝေဒနာကို ဖြေသိမ့်ေ...ပးနေသူ

သူ
......တစ်ရံအခါက ရွှေစင်ရုပ်ကို

စဏ္ဍာလ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လဲလှယ်ခဲ့သူ

သူ
......လူသေတွေအတွက် ခရီးဆက်ရင်း

နာမည် မသေမဲ့ သူ
သူ
......သစ္စာတရားကို လူသေတွေမှာရှာပြီး

မေတ္တာတရားကို လူရှင်တွေကိုဝေငှသူ

သူ
.....ဝါးလုံးတွေများတဲ့ မှော်ရုံတောမှာ

မနိုင်ဝန်ထမ်းနေတဲ့
ကောက်ရိုးတမျှင်ဖြစ်ခဲ့သူ

သူ .....အများနဲ့ တယောက်အဖြစ်က

အများအတွက်
တယောက်ထွန်းတောက်ခဲ့တဲ့

ကြယ်တပွင့်လင်းလက်ခဲ့ပါသည်.......။

မောင်ရင်ငဇေ

(သရုပ်ဖော်
ပန်းချီ မင်းကျော်ခိုင်)


Monday, May 3, 2010

ဆင်ဖြူတော်

ဆင်ဖြူတော်ဆိုသည်မှာ ဆင်အရောင်သည် အဖြူရောင်ရှိသော ဆင်မျိုးကို ခေါ်သည်။ ဆင်ဖြူသည် ရှားပါး တိရစ္ဆာန် ဖြစ်၍ ဆင်ဖြူကို တစ်ကောင်ဟု မသုံးပဲ ရတနာကဲ့သို့ တန်ဘိုးထားရှိသောကြောင့် တော်ဟု တပ်ကာ ဆင်ဖြူတော်ဟု သုံးနှုန်းသည်။ မြန်မာရာဇ၀င်၌ ရှေးဘုရင်တွင် ဆင်ဖြူတော် (အသေ) ကိုပင် ရရှိပင်လျှင် ဆင်ဖြူရှင်ဘွဲ့ကို ခံယူခဲ့သူ ရှိနေပါသည်။

  • (ဆင်ဖြူအသေတစ်စီးမျော လာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့သဖြင့် သမိုင်းတွင် တစ်စီးရှင် သီဟသူအဖြစ်၎င်း၊ ပင်းယမြို့တည် သီဟသူ အဖြစ်၎င်း ကျော်ကြားပေသည်။)
ဆင်ဖြူတော်၏ ကြန်အင်လက္ခဏာ
  • မျက်လုံးသည် ပုလဲရောင် ရှိရမည်။
  • ခွာသည် အဖြူရောင် ရှိရမည်။
  • ဆင်၏ကျောကုန်းသည် ငှက်ပျောကုန်း သဏ္ဍာန် ရှိရမည်။
  • အမွေးရောင်သည် ကျွဲဖြူလို ရှိရမည်။
  • အစွယ် စုံရှိရမည်။
  • အမြီးသည် တံခါးလက်ဝါးပုံစံဖြစ်ရမည်။
  • နားရွက်သည် သာမန် ဆင်တွေထက် ကြီးရမည်။
  • သာမန်ဆင်များနှင့် မတူဘဲ က္ကုနြေ္ဒသိက္ခာရှိပြီး တည်ငြိမ်နေရမည်။

ဆင်ဖြူ (၁၂)မျိုး

  • ၁။ “ရတနာဆင်၊ ဒွါရတင်ကား ငွေစဉ်ဦးကင်း၊ ဖြူဝင်းသည်မှာ ရတနာသရဘူ”
  • ရတနာမျိုးထဲမှာပါသော ဆင်(၁၂)မျိုးရှိတဲ့အနက်က ငွေရောင်၊ ငွေသွေးကဲ့သို့၊ ဦးကင်းများ ဖြူနေလို့ရှိရင် တစ်ကိုယ်လုံးဖြူတာမဟုတ်ဘူးနော်။ ဦးကင်းမှာဖြူတာ။ အဲဒါကို “ရတနာသရဘူ” လို့ခေါ်ပါတယ်။ ရတနာသရဘူ၊ ဖူနေရာမှာ *(ဘ)နဲ့ရေးတယ်။ ရှေးက ရတနာသရဘူ။ ဒါက ပထမဆင်ဖြူ။
  • ၂။ “ဖြူသည် မင်းနေ၊ မှတ်တွေသင်္ညာ၊ ရတနာပလ္လင်”
  • မင်းနေ (သို့) မင်းထိုင်၊ အဲဒီနေရာ၊ ရှင်ဘုရင်နေတဲ့နေရာ၊ ရှင်ဘုရင်ထိုင်တဲ့နေရာ။ အဲဒီနေရာမှာ ဖြူလာခဲ့လို့ရှိရင် အဲဒီဆင်ကို “ရတနာပလ္လင်” လို့ ခေါ်ပါတယ်။
  • ၃။ “ကခွင်ဖွေးစွာ ရတနာကတင်”
  • ဆင် “ကတင်” ရမယ့်နေရာမှာ ဖြူဖွေးလာလို့ရှိရင် “ရတနာ ကတင်”လို့ခေါ်ပါတယ်။
  • ၄။ “ကိုယ်ပြင်ဝဲယာ ဖြူဖွေးစွာလျှင် ရတနာကကျည်း”
  • ကိုယ်ရဲ့အပြင် လက်ဝဲ၊ လက်ယာ ဖြူလာလို့ရှိရင် “ရတနာကကျည်း” ဆင်ဖြူပါ။
  • ၅။ “ကိုယ်မှီး၊ ကပြီး၊ လှည်းဘီး၊ ခန့်မျှ နံ၏ပြင်ပ၊ ပါဒလေးဘက်၊ ဖြူချက်သန့်စွာ၊ ရတနာထောက်ရှည်”
  • ဒါက တစ်ကိုယ်လုံး မဲနေစေကာမူ လှည်းဘီးခန့်မျှလောက် နံ၏အပြင်ပ၌၊ ပြီးတော့ ခြေထောက်လေးချောင်း ဖြူနေလို့ရှိရင် “ရတနာထောက်ရှည်” လို့ ခေါ်ရမယ်။
  • ၆။ “ဖြူသည်ကုန်းမှာ ရတနာပြဿဒ်”
  • ကျောတည့်တည့်အလည်ခေါင်ကုန်း အဲဒီကဖြူလာလို့ရှိရင် “ရတနာပြဿဒ်” လို့ခေါ်ပါတယ်။
  • ၇။ “ဖြူဆွတ်ပေါက်လျှံ၊ မြီးဆံ၊ သရက်စေ့၊ ငွေ့အတိမှာ၊ ရတနာပိန်း”
  • သရက်စေ့ဆိုတာက ဆင်အမြီး၊ အရင်းကစပြီးတော့ နွားမြီး၊ ကျွဲမြီးများလိုပေါ့ဗျာ၊ နွားမြီး၊ ကျွဲမြီးနဲ့ ခြားနားသွားတာက အဖျားကျတော့ သရက်စေ့ပုံသဏ္ဍာန်ရှိပြီး ပိုပြီးတော့ ကြီးသွားသေးတယ်။ အဲဒါကို သရက်စေ့လို့ခေါ်တယ်။ အဲဒီ သရက်စေ့ပေါ်ကမှ တစ်ခါ ဖွာပြီးတော့ အမြီးဆံအမြီးမျှင်ပေါက်တာ။ အဲဒီအမြီးမျှင်နှင့်တကွ သရက်စေ့ဖြူလို့ရှိရင် “ရတနာပိန်းဆင်” လို့ ခေါ်ပါတယ်။
  • ၈။ “ခေါ်ထိမ်းမှတ်ရိုး မေးဆုံးဖြူစွာ ရတနာမုံ”
  • ဆင်မေးစေ့မှာ ဖြူသောအမွေးတွေ ပေါက်ပြီးတော့ မေးဖြူလာလို့ရှိရင်၊ အမွေးဖြူ အသားဖြူလာလို့ရှိရင် “ရတနာမုံ” လို့ခေါ်ပါတယ်။
  • ၉။ “နှာယုံ၊ နှာဖျား၊ ဆူထွားလှစွာ၊ ရတနာဆုပ်”
  • ရတနာဆုပ်ဆိုတာ (ဆ) တစ်ချောင်းငင် ပသတ်နဲ့ရေးတယ်။ နှာယုံ၊ နှာဖျား ဆိုတာက နှာအရင်းကနေ အဖျားထိအောင်ပေါ့။ အဲဒီအမွေးရော ဖြူသောသဘောရှိလို့ရှိရင် အဲဒီဆင်မျိုးကို “ရတနာဆုပ်”ဆင်ဖြူတော်လို့ ခေါ်ပါတယ်။
  • ၁၀။ “သစ်ချုပ် ဟိုး ဟိုး ၀မ်းရိုးအတွင်း၊ လမင်းရောင်ဝါ ရတနာကြံဆင်”
  • အဲဒါ ၀မ်းဗိုက်ဖြူတယ်ဆိုပါတော့ဗျာ။ ၀မ်းဗိုက်ဖြူတဲ့ဆင်ကို “ရတနာကြံဆင်” လို့ ခေါ်ပါတယ်။
  • ၁၁။ “နှုံးတွင်းပါးစပ် နားနချပ်တွင်၊ ဖြူသန့်လှစွာ ငွေပမာကို ရတနာယပ်”
  • နားရွက်နှစ်ဘက်ဖြူလို့ရှိရင် “ရတနာယပ်” လို့ခေါ်ပါတယ်။ နာရွက်တင်ဖြူနေတယ်။
  • ၁၂။ “စေ့စပ်သေချာ (၁၁)ဖြာတည်း များစွာဤတွင် စုံလင်သည်မှာ ရတနာကြန်စုံ”
  • ပြောခဲ့တဲ့အစိတ်အပိုင်းတွေ အကုန်ဖြူလာလို့ရှိရင် အဲဒါကို “ရတနာကြန်စုံ” လို့ခေါ်ပါတယ်။
  • “ဆင်အပုံတို့၊ ၀န်းရုံရံခ
    ရှိဦးသသို ဂဇဖုန်းစည်၊
    မျိုးဇာနည်တည့် ပြည့်သာဂရ
    မတ္တတည်းဟူ သိကြောင်းကိုလော့
    ဆင်ဖြူ ခေါ်သင့် ခေါ်စဉ်တည်း။”
  • ရှေးမြန်မာမင်းများ လက်ထက်က မာတင်္ဂဆင်၊ ကေလာသဟထ္ထိဆင်၊ ပုဏ္ဍရိကဆင်နှင့် အရုဏ ဟထ္ထိဆင်ဟူ၍ ဆင်ဖြူတော် ၄ မျိုးရှိပြီး ဗေဒင်ကျမ်းဂန်များတွင်မူ ခန္ဓာဇလပ်ပွင့်အဆင်း ကဲ့သို့ ဖြူဖွေးသော သေတဂဇရာဇာဆင်၊ ဖွတ်လျော်ပြီးစဖြူဖွေးသော အ၀တ်ပုဆိုးကဲ့သို့ အဆင်းရှိသည့် သေတဂဇရာဇာဆင်၊ မျောက်ငိုပွင့်အဆင်းရှိသော သေတဂဇရာဇာဆင်၊ ဧကရာဇ်ပွင့် အဆင်းရှိသော သေတဂဇရာဇာဆင်၊ သေတသုဝဏ္ဏဒန္တဆင်၊ ဆင်ဖြူရွှေမွေး၊ ရွှေကွန်ယက်အုပ်ဆင် ဟူ၍ ဆင်ဖြူ ၇ မျိုးရှိကြောင်း ရန်ကုန် နက္ခတ်ဗေဒင် ဆရာအသိုင်း အ၀န်းမှ သိရှိရသည်။