Monday, July 30, 2012

မင်းကွန်း ခေါင်းလောင်းကြီး

မင်းကွန်း ခေါင်းလောင်းကြီးကို (ခရီးသွား) ပြည်သူတို့ မ တည်ငွေဖြင့် ၁၈၉၆ခု မတ်လ တွင် ဧရာဝတီသင်္ဘောကုမ္ပဏီ မှ ခေါင်းလောင်းစင် အသစ်ဆောက်လုပ်နေစဉ်က....
ခုခေတ် မင်းကွန်းခေါင်းလောင်း

မင်းကွန်:ရွှေပြည် Mingun Ancient Land,Myanmar Oil on Canvas by U Mar Lar

မင်းကွန်:ခေါင်းလောင်း Mingun Bell

The pride of Mingun, if not for Mandalay or even for the entire nation, as it is always refers as “The World Largest (Intact) Bell”! King Bodawpaya had it casted in 1808 on an island of Ayarwaddy River to dedicate to his gigantic pagoda. Having 90-tonnes, it is claimed to be the largest hung, un-cracked, working bell in the world, although there is a bell in Moscow, which is three times larger than Mingun bell but cracked. Originally, it was supported with huge teak posts but now replaced with the steels frames after the 1838 earthquake.


Saturday, July 21, 2012

ဒီချုပ်ရုံးချုပ်တွင် ကျင်းပသော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း

ကျွန်မကဒေါက်တာဘွဲ့မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့်မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီး ခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံစေချင်ရင် စာမေးပွဲဖြေရတော့မလို ဖြစ်နေပြီ၊ အားလုံးဒီလို အာဇာနည်နေ့မှာ သိုက်သိုက်ဝန်းဝန်းရောက်လာတဲ့အတွက် ကျွန်မဝမ်းသာပါ တယ်။ ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ အခုနှစ်တင် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဘယ်လိုပဲ အခက်အခဲတွေ ရှိခဲရှိခဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်နေ့ကို ကျင်းပဖြစ်အောင် ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပရတဲ့အကြောင်းဟာ ကျွန်မတို့ အခြေခံအားဖြင့်တော့ နိုင်ငံရေးအကြောင်းပဲ လို့ပြောရမှာဖြစ်ပါ တယ်။ ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ နိုင်ငံရေးအကြောင်းကို အခြေခံပြီးတော့ ဒီလိုပွဲတွေကို ကျင်းပတာပါ။ အာဇာနည်စိတ်ဓာတ်ကို ကျွန်မတို့နိုင်ငံမှာ ပြန့်ပွားစေချင်လို့။ ဒီလို အာဇာနည် စိတ်ဓာတ်ပြန့်ပွားစေချင် တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစားတယ်ဆိုတာ ဟာကျွန်မ တို့နိုင်ငံမှာရှိရမယ်။ အများမလေးစားတဲ့ဟာကို ပြန့်ပွားအောင်လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒီတော့ကျွန်မတို့ အာဇာနည် စိတ်ဓာတ်က ဘာလဲဆိုတော့ ပြောနိုင်တာတွေက အမျိုးမျိုးပေါ့နော်။ ကျွန်မအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို အများက မြင်တာက သတ္တိရှိခြင်းနဲ့ပဲဆိုင်တယ်လို့ မြင်ကြတာများတယ်။ သတ္တိရှိတာကို အာဇာနည် စိတ်ဓာတ်ပေါ့ ၊ ရဲရဲရင့်ရင့်နဲ့ လုပ်ရဲကိုင်ရဲတာကို အာဇာနည် စိတ်ဓာတ်လို့မြင်ကြတယ်။ ကျွန်မကတော့ ဒီလိုပဲ ကြည့်လို့မဖြစ်ဘူးပေါ့နော်။ အာဇာနည်ဆိုတဲ့ စကားကတော့ သက္ကတ ဘာသာကနေပြန်ကြည့်မယ်ဆိုရင် မြင့်မြတ်တဲ့မျုးိရိုးကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီခေတ်က မျိုးရိုးကိုကြည့်တဲ့ခေတ်မဟုတ်တော့ပါဘူး။ ဒီတော့ မြင့်မြတ်တဲ့မျုးိရိုး အစား မြင့်မြတ်တဲ့စိတ်ဓာတ်လို့ပဲ ကျွန်မပြောချင်ပါတယ်။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံမှ အာဇာနည် စိတ်ဓာတ်လို့ အခေါ်ခံရမှာပါ။ သတ္တိရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံတဲ့သတ္တိမျိုးဖြစ်ရပါမယ်။ သတ်ရဲဖြတ်ရဲတိုင်းသတ္တိမဟုတ်ပါဘူး။ တိုက်ရဲခိုက်ရဲတိုင်းလည်း အာဇာနည် မဟုတ်ပါဘူး။ အာဇာနည် စိတ်ဓာတ်ရဲ့ အခြေခံက မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ ကျွန်မပြောချင်ပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ကျွန်မတို့ နိုင်ငံမှာ ပွားများအောင်လို့ ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုလေးစားသင့်တယ်။ ဒီခေါင်းဆောင် ကြီးတွေရဲ့ကျေးဇူးကို မမေ့သင့်ဘူးလို့ ကျွန်မတို့ ဒီလိုပဲယူဆပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ ဘာလဲဆိုရင်တော့ လူတိုင်းလူတိုင်းဟာ သိသင့်ပါတယ်။ တကယ်တမ်း မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာ မသိတဲ့သူတွေရှိလားလို့ တစ်ခါတလေကျွန်မစဉ်းစားမိတယ်။ ကျွန်မငယ်ငယ် တုန်းက မရှိဘူးလို့ထင်မိတယ်။ အသက်ကြီးလာတော့ ရှိတယ်ဆိုတာမြင် ခဲ့တယ်။ တကယ်ပဲတချို့က မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာနားမလည် တာတွေရှိကြတယ်။ အဲဒီနားမလည်တာတွေက ပြုစုပျိုးထောင်မှု၊ ပညာရေးစနစ်၊ဗီဇလည်းပါပါတယ်။ ဗီဇဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ မွေးကတည်းကတူလာတာမဟုတ်ပါဘူး။ ဒါပေမယ့် မွေးကတည်းကမတူလာဘူးဆိုပေမယ့်လည်း ပြုစုပျိုးထောင်မှုနဲ့ ပညာရေးစနစ်ကနေပြီးတော့ အများကြီးပြုပြင်ပေးနိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံမှာ ပညာရေးစနစ် အရေးကြီး တယ်ဆိုတာကို အမြဲပဲ မီးမောင်းထိုးရတဲ့ကိစ္စက ဒါပါပဲ။ ကျွန်မတို့နိုင်ငံသူနိုင်ငံ သားတွေဟာ တန်ဖိုးရှိတဲ့လူသားတွေဖြစ်လာအောင်လို့ ကျွန်မတို့ဟာ ပညာရေးစနစ်ကိုပြုပြင်ချင်တာပါ။ ပညာရေးစနစ်ပြုပြင်ပြီးတော့မှ ကျွန်မတို့ပိုပြီးတော့ အမြင်ကျယ်တဲ့ ပိုပြီးတော့ စိတ်ထားမြင့်တဲ့ နိုင်ငံ သူနိုင်ငံ သားတွေကို ပြုစုပျိုးထောင်ချင်ပါတယ်။ မိဘများမှာလည်းတာဝန်ရှိပါတယ်။ လက်ဦးရာတွေက မိဘတွေပဲ ။ မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို မှန်ကန်တဲ့အတွေးအခေါ်တွေ မှန်ကန်တဲ့ တန်ဖိုးထားတွေ သိအောင်လို့ လုပ်ပေးရမှာပါ။ အဲဒီလိုလုပ်ပေးမှ ကျွန်မတို့ဟာ အာဇာနည်တွေများတဲ့ တိုင်းပြည်ဖြစ်လာပါလိမ့်မယ်။ တချို့က အာဇာနည်ဆိုတာ စွန့်လွတ်ပြီး အနစ်နာခံပြီး အသေခံသွားတဲ့သူလို့ထင်မှတ်တဲ့သူတွေလည်းရှိပါတယ်။ဒါက သူရဲကောင်းနဲ့ အာဇာနည်ကို အဓိပ္ပါယ် အသဲမကွဲ ဖော်ထုတ်လိုက်တာပဲလို့ ကျွန်မကတော့ မြင်ပါတယ်။ သူရဲကောင်းက သူရဲကောင်းပဲ၊ အာဇာနည်က အာဇာနည်ပဲ။ အာဇာနည်ဆိုတာဟာ မြင့်မြတ်တဲ့စိတ်လည်းပါရမယ်လို့ ကျွန်မထင်ပါတယ်။ ရိုးရိုးသူရဲကောင်းစိတ်ဓာတ်နဲ့ မလုံလောက်ပါဘူး။တစ်နည်းအားဖြင့် ဆိုရမယ်ဆိုလို့ရှိရင် သူရဲကောင်း အာဇာနည် ၊ အာဇာနည် သူရဲကောင်းစတာမှာတော့ သူရဲကောင်းဘက်က စပေမယ့် အာဇာနည် စိတ်ဓာတ်ရှိမှ အာဇာနည်ဖြစ်မှာပါ။ သူရဲကောင်းတိုင်းက အာဇာနည်ဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဇာနည်တိုင်းကတော့ သူရဲကောင်းဖြစ် တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဇာနည် စိတ်ဓာတ်ဆိုကတည်းက ဘယ်ဟာကိုတန်ဖိုးထားရမလဲဆိုတာ သိတဲ့အခါကျတော့ ဒီတန်ဖိုးထားမှုကို အခြေခံပြီးတော့ ဒီ သတ္တိရှိသင့်တဲ့နေရာမှာ ရှိကြတယ်။ သတ္တိထုတ်သင့်တဲ့နေရာမှာထုတ်ကြတယ်။ သတ္တိကို မထုတ်သင့်တဲ့နေရာမှာ ထုတ်တာလည်း အာဇာနည် စိတ်ဓာတ်မဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်။ အာဇာနည် စိတ်ဓာတ်ဆိုတာ မြင့်မားတဲ့စိတ်၊ ဆင်ခြင်တုံတရားပါတဲ့စိတ်နဲ့ သတ္တိကို တွဲထားတဲ့စိတ်လို့ ဒီလိုပဲ ကျွန်မက အဓိပ္ပာယ်ဖော်ချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တကယ်ပဲလေးစားတယ်၊ တကယ်ပဲ တန်ဖိုးထားတယ်ဆိုလို့ရှိရင် ဒီကိစ္စကိုနားလည်ဖို့လိုပါတယ်။ တကယ်တန်ဖိုးကိုနားမလည်ဘဲနဲ့လေးစားတယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ မှားပြီးတော့ ဒီလူဟာ မလေးစားသင့်တဲ့အရည်အချင်းကိုကြည့်ပြီး အားကျပြီးလေးစားတယ်ဆိုတာလည်း တစ်နည်းအားဖြင့် တကယ့်မြင့်မြတ်တဲ့လူတွေကို စော်ကားရာရောက်တယ်လို့ ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။ အဲဒါကြောင့်မို့ အာဇာနည် စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကို သေသေချာချာ တစ်ယောက်ချင်းတစ်ယောက်ချင်းကနေပြီး ကိုယ့်ဘာသာကို လေ့လာပြီးကြည့်စေချင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့လူငယ်တွေကို ကြည့်စေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ အာဇာနည်ဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း အာဇာနည်ဖြစ်ဖို့ဆိုတာ အသက်ကို စွန့်လွှတ်ဖို့ မလိုပါဘူး။ တစ်ခါတလေ မသက်မစွန့်ဘဲနဲ့တကယ့်ကိုနေသွားရတာတောင်မှ အာဇာနည် စိတ်ဓာတ်နဲ့နေသွားတာတွေရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့လူငယ်တွေဟာ မြင့်မြင့်ကြံကြပါ။ ကိုယ့်ကိုယ်ကို အာဇာနည် စိတ်ဓာတ်နဲ့နေနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် လေ့ကျင့်ကြပါ။ လေ့ကျင့်နေလို့ရှိရင်ရပါတယ်။ အာဇာနည် စိတ်ဓာတ်ထဲမှာ ကိုယ်ကျိုးမရှာတဲ့ မြင့်မြတ်တဲ့ စိတ်ထားတစ်ခုလည်းပါပါတယ်။ ကိုယ်ကျိုးရှာတဲ့ စိတ်ပါသွားပြီဆိုလို့ရှိ ရင် ကိုယ့်ရဲ့တိုးတက်ရေးအတွက် ကိုယ့်ရဲ့အကျိုးတိုးတက်ရေးအတွက် သိပ်ပြီးတော့ အလေးထားသွားပြီဆိုလို့ရှိရင် ဒါအာဇာနည်မဟုတ်တော့ပါဘူး။ တခြားနေရာတွေမှာတော်တဲ့သူဖြစ်နိုင်ပါတယ်။ လူတော်ဖြစ်နိုင်ပါတယ်။ အင်မတန်မှတော်တဲ့သူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာဇာနည်လို့တော့ ကျွန်မကသတ်မှတ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုလို့ရှိရင် ကိုယ့်ရဲ့ပစ္စည်းအတွက်၊ ကိုယ့်ရဲ့တိုးပွားရေးအတွက် အများကြီး စွန့်စားတဲ့သူတွေရှိတယ်။ စွန့်စွန့်စားစားနဲ့လုပ်တဲ့ စီးပွားရေးသမားတွေလည်းရှိတယ်။ စွန့်စွန့်စားစားနဲ့ကိုယ်လုပ်ချင်တဲ့အရာကို ရအောင်လို့ လုပ်တဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုပ်တယ်ဆိုတဲ့အခြေခံတာကြောင့်မို့ ဒါကို ကျွန်မကတော့ အာဇာနည် စိတ်ဓာတ်လို့ မသတ်မှတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သား အားလုံးဟာ အာဇာနည် စိတ်ဓာတ်ဘာလဲဆိုတာကို သေသေချာချာစဉ်းစားကြပါ။ စဉ်းစားပြီးတော့မှ ဒီလို စိတ်ဓာတ်မျိုးကို ကိုယ့်အတွင်းမှာလည်း တိုးပွားအောင်လို့လုပ်ပါ။ တခြားသူတွေ ဒီလို စိတ်ဓာတ်ရှိလို့ ရှိရင်လည်း အဲဒီလို ပုဂ္ဂိုလ်တွေကို တန်ဖိုးထားပါ လို့ ကျွန်မပြောချင်ပါတယ်။ မှားပြီးတော့ သွားပြီးတန်ဖိုးမထားနဲ့နော်။ မှားပြီး တန်ဖိုးထားရင် ကျွန်မတို့နိုင်ငံ အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ တန်ဖိုးထားမှန်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ပညာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ ဘာကိုတန်ဖိုးထားသင့်တယ်။ ဘယ်လိုကိစ္စတွေကို တကယ် အထင်ကြီးသင့်တယ်ဆိုတာကို၊ အထူးသဖြင့် ကျွန်မတို့လူငယ်တွေကိုသေသေချာချာ စဉ်းစားစေချင်ပါတယ်။ ဘာပဲကြည့်ကြည့် အပေါ်ယံပဲမကြည့်ပါနဲ့။ သေသေချာချာ လေးလေးနက်နက်စဉ်းစားပြီးတော့ ငါတို့ဟာ ဘာတွေကို တန်ဖိုးထားရမလဲဆိုတာ ကို စဉ်းစားပါ။ အရေးမကြီးတဲ့ ကိစ္စနဲ့ပတ်သက်လို့ အထင်မသေးပါနဲ့။ တချို့တွေကဆိုရင် အပေါ်ယံကြောပဲကြည့်ကြတယ်။ အပေါ်ယံကြောကြည့်ပြီးတော့ အထင်သေးတာတွေရှိခဲ့ပါတယ်။ ဥပမာ ဒီနေ့ အာဇာနည်နေ့မို့ ပြန်ပြောရမယ်ဆိုရင် ဖေဖေက ငယ်ငယ်က ကျောင်းသားဘဝတုန်းက ဖိုသီဖတ်သီနဲ့နေတတ်တာ နောက်ပြီးတော့ နေပုံထိုင်ပုံက မယဉ်ကျေးတာ၊ မသိမ်မွေ့တာ အဲဒါတွေကိုကြည့်ပြီးတော့ အထင်သေးတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် အဲလိုအထင်သေးတာမှားသလားဆိုတော့လည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးတဲ့သူနဲ့ ရိုင်းစိုင်းတဲ့သူဟာ ယဉ်ကျေးတဲ့သူက ပိုပြီးတော့တန်ဖိုးရှိပါတယ်။ ဖေဖေကိုယ်တိုင်လည်း ဒီဟာကို မဆုံးခင်မှာ အသိအမှတ်ပြုသွားပါတယ်။ ကျွန်မဖေဖေအကြောင်းရေးတဲ့ အထုပ္ပတ္တိအတိုလေးမှာလည်းရေးထားပါတယ်။ ကျွန်မတို့အင်မတန်မှ နီးစပ်ဖူးတဲ့ မိတ်ဆွေတစ်ယောက်ကပြောတယ်။ ဖေဖေကပြောခဲ့ဘူးတယ်တဲ့ ငယ်ငယ်တုန်းက ကျောင်းသားဘဝတုန်းကလို သူဒီလိုနေလို့မဖြစ်ဘူးပေါ့နော်။ အခုသူကအမျိုးသားခေါင်းဆောင်အဆင့်ရောက်နေပြီဆိုတော့ ကျောင်းသားဘဝတုန်းကလို ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းနေဖို့မသင့်ဘူး။ သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်ဆိုတာကိုသူက ဖေဖေက အသိအမှတ်ပြုတယ် ။ သူကြိုးစားသွားမယ်လို့ပြောပါတယ်။ ကြိုးစားလည်းကြိုးစားပါတယ်။ ဒါကြောင့်မို့လို့လဲနောက်ဆုံးအပိုင်းမှာဖေဖေဟာ အပြောအဆိုကတော့ နောက်ဆုံးမိန့်ခွန်းအထိ ဗမာတွေမမေ့အောင်တော့ ခပ်ကြမ်းကြမ်းပြောသွားတာပဲ။ ဒါပေမယ့် ဆက်ဆံရေးနဲ့ပတ်သက်လို့ရှိရင် အထူးသဖြင့် လူကြီးတွေကို ဒါကတော့ ဖေဖေက ငယ်ငယ်ထဲကပါ ငယ်ငယ်ကတည်းက လူကြီးတွေကိုလေးလေးစားစားနဲ့ ဂါရဝတရားပြည့်ပြည့်ဝ၀နဲ့ ဆက်ဆံခဲ့တာတွေရှိပါတယ်။ နောက်ပိုင်းမှာလည်း ပိုပို ပိုပိုပြီး ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုပြီးတော့မြင်ရတာပေါ့လေ။ ဒါကမေမေ့ရဲ့ကျေးဇူးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ပိုပြီးတော့ ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုတော့ ငြင်းလို့မရနိုင်ပါဘူး။ တကယ့်အာဇာနည် စိတ်ဓာတ်ရှိတဲ့သူဆိုတာဟာ စိတ်နှိပ်ချမှုလည်းရှိရမယ်။ ကိုယ့်မှာပြုပြင်ဖို့လိုတယ်ဆိုတာကိုလည်းနားလည်ရမယ်။ ကိုယ်နဲ့မတန်တဲ့အဆင့်ကို ကိုယ်ရောက်နေပြီဆိုပြီးတော့ မာန်တက်နေတယ်ဆိုတာလည်း ဒါအာဇာနည် စိတ်ဓာတ်မဟုတ်ဘူး။ အာဇာနည် မှန်ရင် အတွေးအခေါ်မှန်ရတယ်။ အတွေးအခေါ်မှန်တဲ့အခါကျရင် ကိုယ့်အားနည်းချက်ကို ကိုယ်တွေ့ရတယ်။ တခြားသူရဲ့အားသာချက်ကိုလည်း သိရတယ်။ တရားတော်ထဲမှာ ဆိုလို့ရှိရင် ကျွန်မအင်မတန်မှ ကြိုက်တဲ့ ဆုံးမစကားတစ်ခုရှိပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မမကြာခဏပြောပါတယ်။ ဒါကတော့ရှင်းရှင်းလေးပါ ။ သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့ကျေးဇူးကို ကျုံ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချဲ့ပြီးတော့မြင်တယ်။ သူယုတ်မာကတော့ပြောင်းပြန်ပေါ့နော်။ ကိုယ့်ရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချုံ့ပြီးတော့မြင်တယ်။ အဓိကပြောရမယ်ဆိုရင် သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် သိရတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် အလေးထားရတယ်။ တခြားသူတွေရဲ့အားနည်းချက်တွေကို မြင်ပြီးတော့ သိပြီးတော့ အင်မတန်မှ ချဲ့ကားပြီးတော့ ကိုယ့်ရဲ့အားနည်းချက်ကို ကျတော့ လစ်လျူရှုထားတဲ့သူတွေသာ သူတော်ကောင်းမဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီတော့ အာဇာနည်ဆိုကတည်းက သူတော်ကောင်းဖြစ်ရမယ်။့မြင့်မြတ်တဲ့စိတ်ရှိရမယ်။ မြင့်မြတ်တဲ့စိတ်ရှိတဲ့စိတ်ရှိတဲ့သူဟာ ကိုယ့်ရဲ့အားနည်းချက်ကို သိရမယ်။ သိရုံတင်မကဘူး။ ပြုပြင်ချင်တဲ့စိတ်လည်းရှိရမယ်။ အဲဒါကြောင့် ကျွန်မ ဒီနေ့ ဖေဖေနဲ့တကွ ကျဆုံးသွားတဲ့ခေါင်းဆောင်ကြီးတွေ အကြောင်းပြောနေတဲ့နေရာမှာ ဖေဖေကိုယ်တိုင်ပြောသွားတဲ့စကား သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်။ ကျောင်းသားဘဝတုန်းကလိုပုံစံနဲ့သူနေလို့မရတော့ဘူး။ သူဟာကျောင်းသားမဟုတ်တော့ဘူး။ သို့သော်ငြားလည်း အဲဒီတုန်းက ဖေဖေတော်တော်ငယ်ပါသေးတယ်။ ၃၂ နှစ် ။ဒီစကားပြောခဲ့တုန်းက ၃၂ နှစ် မပြည့်သေးခင်ပေါ့။ ဘုရင်ခံရဲ့ကောင်စီမှာ ဒုဥက္ကဋ္ဌဖြစ်ပြီးတဲ့အချိန် ၃၂ နှစ်မပြည့်သေးတဲ့ အချိန်မှာ ဒီစကားပြောခဲ့တာပါ။ အခုခေတ်ဆိုရင် ၃၂ နှစ်မပြည့်သေးတာကို ကလေးလို့တချို့ကတောင်ထင်ကြတယ်။ ကျွန်မ တို့လည်း အမှန်ပြောရင် တစ်ခါတလေ ကလေးလို့မြင်ပါတယ်။ လူငယ်ပေါ့နော်။ ဒါပေမယ့် ဖေဖေကတော့ လူကြီးစိတ်အပြည့်အဝနဲ့ သူဟာ လူကြီးတစ်ယောက်ဖြစ်သွားလို့ လူကြီးပီပီနေရမယ်။ သူ့ရဲ့အားနည်းချက်တွေကို သူပြုပြင်ရမယ်။ ဒီဟာတွေကို တစ်နေ့ထက်တစ်နေ့ တိုင်းပြည်အတွက်ပိုတန်ဖိုးရှိအောင်လို့ နေသွားရမယ်ဆိုတာကို လက်ခံသွားတာကြောင့်မို့လို့ ကျွန်မအနေနဲ့ကတော့ ဖေဖေဟာ တကယ့်အာဇာနည်စိတ်ဓာတ်နဲ့ပြည့်စုံတယ်လို့ ဒီလိုပဲသတ်မှတ်ပါတယ်။ ကျဆုံးသွားရလို့ ၊ ဒီလို အနစ်နာခံသွားရလို့ အာဇာနည်ရယ်လို့ ဒီလို ကျွန်မ သတ်မှတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့ ၊ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိလို့ အာဇာနည်လို့ ကျွန်မက သတ်မှတ်တာပါ။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့နိုင်ငံမှာ အာဇာနည်တွေ အများကြီး မွေးဖွားရှင်သန်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Tuesday, July 17, 2012

“စပါးပြီး စပါး၊ မယားပြီး မယား” စာရေးဆရာ ကွယ်လွန်

MgMgTote
 မောင်ဖေငယ် ထောင်ကျခဲ့တဲ့စာအုပ် အဖုံး
အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်က ခေါင်းဆောင်ကြီးကို ထိခိုက်စေနိုင်သော အရေးအသားများကြောင့် ထောင်ချ အရေးယူခံခဲ့ရဖူးသူ စာရေးဆရာ မောင်ဖေငယ်၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်၌ တနင်္ဂနွေနေ့က သင်္ဂြိုလ်ခဲ့သည်။

မောင်ဖေငယ် (ခေါ်) ဦးတင်ဖေသည် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါအခံဖြင့် လေဖြတ်ကာ အသက် ၆၇ နှစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။

“မနေ့က သင်္ဂြိုလ်တာပါ။ ရေဝေးသုသာန်မှာပါ။ ညနေ ၃ နာရီက။ စာပေအသိုင်းအဝိုင်းက လူတွေ အတော်များများတော့ လာကြပါတယ်” ဟု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

မောင်ဖေငယ်သည် ရာဇဝင်နောက်ခံ အတ္ထုပ္ပတ္တိများ ပြုစုလေ့ရှိသည်။ ၁၉၇၄ ထုတ် ၎င်း၏ ‘ရနောင်မောင်မောင်တုတ်’ ဟူသောစာအုပ်ထဲ၌ ရနောင်မောင်မောင်တုတ်၏ ကိုယ်ကျင့်တရား ပျက်ယွင်းမှုများကို ‘ပြည်သူတွေ စပါးပြီးစပါး စိုက်နေရတဲ့အချိန်မှာ ဘုရင်က မယားပြီးမယား ယူနေတယ်’ဟု ထည့်သွင်းရေးသားခဲ့ရာ ထိုစဉ်က အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌကြီး ဦးနေဝင်း အိမ်ထောင်သစ်များ ထူထောင်နေသည်နှင့်လည်း တိုက်ဆိုင်နေသည်။

ထို့ပြင် မဆလ ဆိုရှယ်လစ် စီမံကိန်းအရ စပါးအထူးအထွက်တိုးရေးအတွက် စီမံကိန်းသီးနှံအဖြစ် တောင်သူလယ်သမားများအား စပါးများ အဓမ္မ အစိုက်ခိုင်းနေသည့် ကာလနှင့်လည်း ကြုံကြိုက်နေသည်။ ထိုအရေးအသားများကြောင့် စာပေအသိုင်းအဝိုင်း အတွင်း ဟိုးလေးတကြော်ဖြစ်သွားရာ စာအုပ်များလိုက်လံသိမ်းယူ ဖျက်ဆီးခံရပြီး

 မောင်ဖေငယ်ကိုလည်း ဖမ်းဆီးကာ သေဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် ထောင်ဒဏ် ပြောင်းလဲချမှတ်ခဲ့သည်။ စစ်ကြောရေးကာလအတွင်း ရရှိခဲ့သည့် မျက်လုံးအောက်တွင် ဆေးလိပ်မီးဖြင့် အထိုးခံခဲ့ရသည့် ဒဏ်ရာမှာ ကွယ်လွန်ချိန်အထိ ရှိနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

ထိုကာလအတွင်း ‘ရှုဒေါင့်’ဂျာနယ်ပါ ‘အလမ္ပာယ်ဆရာကြီး’ကဗျာမှာလည်း အာဏာရှင် ဦးနေဝင်းအား ထိခိုက်စေသည်ဟူ၍ ဂျာနယ်အယ်ဒီတာ (ဦး)ဝင်းခက်နှင့် ကဗျာဆရာ ဝင်းလတ်တို့ကို ဖမ်းဆီး ထောင်ချခဲ့ဖူးသည်။ ကဗျာဆရာဝင်းလတ်မှာ လက်ဝဲနိုင်ငံရေး အတွေးအခေါ် ရှိသူဖြစ်သော်လည်း မောင်ဖေငယ်မှာ မည်သည့်နိုင်ငံရေးနောက်ခံမျှ မရှိဘဲ ၎င်းဖာသာ ရာဇဝင်လာ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများကို ရေးသားနေသည့် စာရေးဆရာ တဦးဖြစ်ကြောင်း ရင်းနှီးသူများက ပြောဆိုသည်။ ဆရာ၏ နောက်ဆုံးခရီးတွင် ရေဝေးသုသာန် ၌ ထက်မြက်၊ မိချမ်းဝေ၊ မြတ်ခိုင် စသည့်စာပေလောကမှ ပုဂ္ဂိုလ်များ လာရောက်ပို့ဆောင် ကြကြောင်း နာရေးကို ကိုယ်တိုင်စီစဉ်ဆောင်ရွက်ပေးခဲ့သူ စာရေးဆရာမ သန်းမြင့်အောင် က မဇ္ဈိမကို ပြောသည်။ မောင်ဖေငယ် ရေးသားပြုစုခဲ့သော စာအုပ်အချို့မှာ ရနောင်မောင်မောင်တုတ်၊ ဒိုင်းခင်ခင်၊ နန်းစံကြသူများ၊ ဘကြီးတော်မင်း၊ ရတနာဂီရိရောက် သီပေါမင်း၊ နန်းမတော်မယ်နု၊ သမိုင်းနှင့်ဝိရောဓိဖြစ်ခြင်း၊ သီပေါမင်း၏ နောက်ဆုံးနေ့ရက်များ စသည့်စာအုပ်များ ဖြစ်သည်။ မောင်ဖေငယ် စာရေးခွင့်ပြန်ရသည်မှာ ဆယ်နှစ်မရှိသေးပါ။
ရနောင်မောင်မောင်တုတ် စာအုပ်မှာကား ယခုချိန်ထိ ပြန်လည်ထုတ်ဝေခွင့် မရတော့ပေ။
ကွယ်လွန်ချိန်တွင် ဇနီး၊ သား ၂ ယောက်နှင့် သမီး ၃ ယောက် ကျန်ရှိသည်။

(မဇ္ဈိမ)  သတင်းမှ ကူးယူဖော်ပြပါသည်။

နန်းပြာသာဒ်...၊ စိန်ပန်းနီ...၊ ပင်မဆောင်...၊ ရေနီမြောင်း (ဆူးငှက်)



    တက်ခေတ်မြန်မာလူငယ်များရဲ့ နယ်ချဲ့အစိုးရကို စုစည်းတွန်းလှန်အာခံကြရာမှာ ၁၉၂၀ခုနှစ် ဒီဇင်ဘာ လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပထမကျောင်းသားသပိတ်ကြီးက အထင်အရှားဖြစ်ပါတယ်။ မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာပြဌာန်းလိုက်တဲ့ The University Act (တက္ကသိုလ်အက်ဥပဒေ)ကို မကျေနပ်လို့ တက္ကသိုလ်ကျောင်းသား ကိုဘဦးအပါအ၀င် ကျောင်းသား ၁၁ ဦး ခေါင်းဆောင်တဲ့ ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီသပိတ်ကြီးကြောင့် တစ်တိုင်းပြည်လုံး အသိပညာတွေ တိုးတက်မြင့်မားလာခဲ့တယ်။ ပညာရေးနဲ့ ပတ်သက်တဲ့အမြင်တွေလည်း ကျယ်ပြန့်လာခဲ့တယ်။ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူတို့ရဲ့ ပူးပေါင်းညီညွတ်မှု လူထုတိုက်ပွဲတန်ဖိုးတွေနားလည်လာကြတယ်။ တိုးတက်တဲ့ သခင်ကျင့်၊ သခင်စိတ်ဓာတ်၊ သခင်အတွေးအခေါ် အတွက် စစ်မှန်တဲ့ ပညာရေးလိုအပ်မှုတွေသဘောပေါက်လာကြတယ်။ ကောလိပ်၊ တက္ကသိုလ်ကျောင်းတွေတိုးချဲ့ဖွင့်လှစ်ပေးဖို့ လိုလားလာကြတယ်။ အထက်မြန်မာပြည် မန္တလေးမြို့တော်မှာ ဥပစာကောလိပ်ကျောင်းတစ်ကျောင်းဖွင့်လှစ်ပေးဖို့ မန္တလေးသား ဗဟိုစည်ဦးဘဦး၊ ရသေ့ကြီးဦးခန္တီ၊ ကျောက်စာဝန်တော် စိန်ခို တို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြတယ်။ အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက်လျောရင်... မြို့လူထုက ကိုယ့်အလှူငွေနဲ့ကိုယ်... ကိုယ့်မြို့မှာ ကောလိပ်ကျောင်းတွေဖွင့်မယ်လို့လည်း တင်းမာလာကြတယ်။ နိုင်ငံရေးမျက်နှာစာ ဖက်ကလည်း ဂျီစီဘီအေဦးချစ်လှိုင်ကဦးဆောင်ပြီး တောင်းဆိုမှုတွေဖြစ်လာပါတယ်။

    ဒါကြောင့်လည်း ၁၉၂၃ခု နိုဝင်ဘာလမှာ ၀ံသာနုခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီမှာ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ဖို့ ဥပဒေကြမ်းတင်သွင်းခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ ၁၉၂၄ခု ဧပြီလမှာ အစိုးရက ဒီဥပဒေကိုပြင်ဆင်ဖို့အတည်ပြုပေးခဲ့ရတယ်။ ၁၉၂၄ခု ပြင်ဆင်ချက်ဥပဒေအရ အထက်မြန်မာပြည်မှာ ဥပစာ ကောလိပ်တစ်ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဇွန်လမှာပဲ ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့ပါတော့တယ်။ ဒီကော်မတီက အထက်ဗမာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမှာပဲဖွင့်လှစ်ဖို့ ဆုံးဖြတ်ပြီး ၁၉၂၅ခု ဇူလိုင်လ ၄ရက်နေ့မှာ မန္တလေးတောင်ပြင်ဗောဓိကုန်းရပ်မှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းထဲက တစ်ထပ်တိုက်လေးမှာပဲ မန္တလေးဥပစာကောလိပ်ကို စတင်ဖွင့်လှစ်လိုက်ပါတော့တယ်။ ဒီတစ်ထပ်တိုက်လေးဟာ... မန္တလေးတက္ကသိုလ်သက်တမ်းတစ်လျှောက် နယ်မြေအင်ဂျင်နီယာရုံးအဖြစ် ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ဝင်ပေါက်အရှေ့ဘက်က တစ်ထပ်အုတ်တိုက်အနီလေးပဲဖြစ်ပါတယ်။

    ယခုထက်တိုင် ခံ့ညားထယ်ဝါစွာမြင်တွေ့နေရဆဲဖြစ်တဲ့ ပင်မအဆောက်အဦကြီးဟာ မန္တလေးဥပစာ ကောလိပ် စတင်ဖွင့်လှစ်ခဲ့စဉ်က စိုက်ပျိုးရေးသိပ္ပံရုံးအဆောက်အဦးကြီးအနေနဲ့ တည်ရှိခဲ့တာပါ။ ဒီအဆောက်အဦကြီးဟာ ၁၉၂၁ခု သြဂုတ်လ ၂၉ရက်နေ့မှာ အုတ်မြစ်ချပြီး ၁၉၂၄ခု ဒီဇင်ဘာ ၂၂ရက်နေ့မှာ စိုက်ပျိုးရေးသိပ္ပံရုံးအဖြစ်ဖွင့်လှစ်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်အပြီး ၁၉၄၇ခုနှစ်မှာ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်တော့ ဒီစိုက်ပျိုးရေးသိပ္ပံရုံး အဆောက်အဦကြီးမှာ ဗဟိုစာသင်ခန်းမဆောင်ကြီးအဖြစ် ဖွင့်လှစ်သင်ကြားခဲ့ပြီးနောက် မန္တလေး တက္ကသိုလ်ရဲ့ ပင်မ ကျောင်းဆောင်ကြီးအဖြစ် ယနေ့ထက်တိုင် ထည်ဝါခံ့ညားစွာတည်ရှိနေခြင်းပဲဖြစ်ပါတယ်။

    မန္တလေးဥပစာကောလိပ်စတင်ဖွင့်လှစ်တော့ ကောလိပ်အုပ်ချုပ်ရေးအဖွဲ့မှာက ကပ္ပတိန်ကျော်ညွန့် (M.D) က သဘာပတိအဖြစ်ဆောင်ရွက်ပါတယ်။ ဆရာဆရာမတွေကတော့ မစ္စတာထင်စီ(M.A) ကျောင်းအုပ်ကြီးနဲ့ အင်္ဂလိပ်ဘာသာကထိက၊ ဦးဖိုးသာ(M.Sc) ရူပဗေဒနှင့် ဓာတုဗေဒ ကထိက၊ ဦးလှပေါ်ဦး(M.A)သင်္ချာကထိက၊ မစ္စတာ ဒက်စ်ဂူပကား ရာဇ၀င်ကထိက၊ ဦးဘကျား(B.A) ပါဠိနှင့် မြန်မာစာ၊ မစ္စတာအက်စ်ဒါမိုဒါရမ် သိပ္ပံပညာနည်းပြတို့ ဖြစ်ပါတယ်။

    မန္တလေးဥပစာကောလိပ်ကို အခက်အခဲအမျိုးမျိုးကြားကကြိုးစားဖွင့်လှစ်ပြီး ရှေ့ခရီးဆက်နိုင်ဖို့ ကြိုးပမ်းဆဲမှာပဲ လှေလှော်ရင်း တက်ကျိုးမယ့်ကိန်းဆိုက်မယ့်ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာပါတယ်။ ဒီဖြစ်ရပ်ကတော့ ၁၉၂၆ ခု သြဂုတ်လမှာပဲ ဥပဒေပြုကောင်စီမှာ ရွှေတောင်းကြားပါတီက မန္တလေးဥပစာကောလိပ်ဟာ ကျောင်းသားဦးရေနည်းလို့ ပိတ်ပစ်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူးရှင်။ ပကတိစစ်မှန်တဲ့အခြေအနေကြောင့်မဟုတ်ဘဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ ဂိုဏ်ဂဏစွဲနှင့် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်အမျိုးသားရေးကိစ္စဘက်ကို သစ္စာဖောက်တာမို့ ဒီအဆို မအောင်မြင်တာပဲဖြစ်ပါတယ်။ ဒါနှင့် မကျေနပ်နိုင်ကြသေးပါဘူး။ မန္တလေးဥပစာကောလိပ်ပိတ်ရေးကိစ္စကို နည်းအမျိုးမျိုးနှင့် ဆက်လက်ကြံစည်နေကြဆဲဖြစ်ပါတယ်။

    တကယ်တော့ မန္တလေးဥပစာကောလိပ်ကို ကျောင်းသူ ၂ယောက် အပါအ၀င် ကျောင်းသား ၃၁ယောက် နဲ့ပဲ စတင်ဖွင့်လှစ်ခဲ့ပေမယ့်၊ ကျောင်းဘောလုံးသင်းလည်းထူထောင်နိုင်ခဲ့တယ်။ နောင်နှစ်တွေ နောင်နှစ်တွေမှာ ကျောင်းသူ၊ ကျောင်းသား ၆၆ယောက်အထိတိုးလာတယ်။ အဆောင်နေကျောင်းသူ ကျောင်းသားလည်း ၁၆ယောက်အထိထိုးလာတယ်။ ၁၉၂၈ခုနှစ်ရောက်တော့ မန်းကောလိပ်မဂ္ဂဇင်းကို ပထမထုတ်ဝေလာနိုင်တယ်။ ထူးခြားတာက အဲဒီနှစ်မှာ မန္တလေး ဥပစာကောလိပ်ကျောင်းသား ကိုဘရှိန်းက ဧရာဝတီမြစ်ရိုးတစ်လျှောက် တစ်ကိုယ်တော်စက်ဘီးခရီးစဉ်ကို အောင်မြင်စွာ ဆင်နွဲနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

    ဥပစာကောလိပ်မှာ ပညာရေးသာမက ဘာသာရေး၊ လူမှုရေးပိုင်းလည်း မလစ်ဟင်းတာမို့ ကျောင်း ကထိန်ပွဲတော်တွေဟာ စည်ကားလှပါတယ်။ ဒီပွဲတော်တွေမှာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အနုပညာစွမ်းရည်တွေလည်း ပြသနိုင်ပါသေးတယ်။ မိုးဒေ၀ါမလှရွှေအဖြစ် ကျော်ကြားလာမယ့် ကျောင်းသူမလှရွှေ၊ မသိန်းညွန့်၊ မသန်းမြင့်တို့ ညီအစ်မ တွေသာမက၊ မကြည်ကြည်၊ မအုန်းခင်၊ လူထုဒေါ်အမာဖြစ်လာမယ့် မအမာ၊ အမ်အေဒေါ်အုန်းဖြစ်လာမယ့် မအုန်းတို့က လည်း မန္တလေးသူတွေပီပီ ကျောင်းကပွဲတွေမှာ အစွမ်းပြခဲ့ကြတယ်။

    မန္တလေးဥပစာကောလိပ်က မွေးဖွားပေးလိုက်တဲ့ သားကောင်း၊ သမီးကောင်းရတနာတွေလည်း မနည်းလှပါဘူး။ ကျောင်းသူ၊ ကျောင်းသားနည်းခဲ့ပေမယ့် အဖိုးတန်ရတနာချည်းမို့ သမိုင်းစာမျက်နှာမှာ ကမ္ပည်းတင် ဂုဏ်မြောက်ခဲ့သူချည်းပါပဲ။ ၀န်ကြီး ဦးကျော်ငြိမ်း၊ စာရေးဆရာသိန်းဖေမြင့်၊ သံအမတ်ကိုလှမောင်၊ ဆိုရှယ်နီ သခင် လေးမောင်၊ ၀န်ကြီး ဗိုလ်ခင်မောင်ကလေး၊ ကိုခင်မောင်မောင်၊ တိုင်းချစ်သခင်သိန်းဖေ၊ စာရေးဆရာဇေယျာမောင်(ကျောင်း အုပ်ကြီး ဦးကိုလေး)၊ သခင်ဗဟိန်း၊ လူထုဒေါ်အမာ၊ အမ်အေဒေါ်အုန်း၊ မိုးဒေ၀ါမလှရွှေ၊ မသိန်းလှ၊ မသန်းမြင့်၊ ဒေါက်တာ မောင်ဒီ၊ ပွဲကုန်းကိုလှဖေ၊ ဆရာဝန် စာရေးဆရာ ဒေါက်တာထွန်းရွှေ စသူတို့ဟာ မန္တလေး ဥပစာကောလိပ်ကျောင်းထွက်တွေပါပဲ။

    ဒီလိုနဲ့ မန္တလေးဥပစာကောလိပ်ဟာ မန္တလေးရွှေမြို့တော်ကြီးရဲ့ သားသမီးရတနာဖြစ်ရုံမက၊ အထက် မြန်မာပြည်ရဲ့ မြေးရတနာလည်းဖြစ်ပါတယ်။ အနှောက်အယှက်အဖျက်အဆီးကြားက ခက်ခက်ခဲခဲမွေးဖွားကြီးပြင်းလာပြီး လူလားမြောက်မတ်တတ်ပြေးတဲ့ အရွယ်မို့ ဘိုးဘွားမိဘတွေဝမ်းသာပီတိဖြစ်ရပါပြီ။ ၁၉၂၅ခုနှစ်က မွေးဖွားပြီး အခု ၁၉၃၀ ခုနှစ်ဆိုတော့ ၅နှစ်သားသမီးအရွယ် ဘိုးဘွားမိဘတွေ အတွက် စိတ်ကူးယဉ်မှုတွေ၊ မျှော်လင့်ချက်တွေအများကြီး ထားရမယ့်အရွယ်ပါပဲ။ ဒီ အချိန်မှာ မြန်မာပြည်ရဲ့နိုင်ငံရေးမျက်နှာစာမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါပြီ။ မြန်မာပညာတတ်လူငယ်များရဲ့ သခင်အကျင့်၊ သခင်စိတ်ဓာတ် ပိုမိုခိုင်မာစုစည်း အားကောင်းလာပြီး လွတ်လပ်ရေးအတွက် မဆုတ်မနစ်ဦးဆောင်ကြဖို့ သန္နိဋ္ဌာန်ချကြတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့် သခင်ဘွဲ့ခံ လူငယ်တွေက ‘တို့ဗမာ အစည်းအရုံးကြီး’ဖွဲ့စည်းခဲ့ပါတယ်။ ဒီအခြေအနေတွေဟာ လူမမယ်မန္တလေးဥပစာကောလိပ်အတွက်လည်း ရှေ့ဆောင်လမ်းပြ မျှော်လင့်ချက်တွေပဲ မဟုတ်ပါလား။

    ၁၉၃၀ခုနှစ်ဟာ တို့ဗမာအစည်းအရုံးကြီးဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါ့အပြင် အင်္ဂလိပ်အပါအ၀င် မဟာမိတ်နိုင်ငံကြီးများ အကျပ်အတည်းကျရောက်တဲ့နှစ်လည်းဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ သဿမေဓအခွန်နဲ့ပတ်သက်ပြီး ဆရာစံ ဦးဆောင်တဲ့ လယ်သမားသူပုန်လည်း ပေါ်ပေါက်လာခြင်းနှင့်အတူ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့်လည်း အင်္ဂလိပ်အစိုးရမှာ ဘေးကျပ်နံကျပ်ဖြစ်တဲ့နှစ်ပါပဲ။ ဒါကြောင့် ‘အင်္ဂလိပ် အခက်၊ ဗမာ့အချက်’ဆိုပြီး မျိုးချစ်လူငယ်တွေရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုအရှိန်အဟုန်မြှင့်တင်ကြပါတယ်။ အင်္ဂလိပ်အစိုးရက ဘတ်ဂျက်အသုံး တစ်နှစ်မှာရှစ်သောင်းကျသင့်နေတဲ့ မန္တလေး ဥပစာကောလိပ်ကို ပိတ်ပစ်ဖို့အသံတွေ အလိုတော်ရိတွေကြား ဆူဆူညံညံကြားလာရပြန်ပါပြီ။

    ဒီတစ်ခါ မန္တလေးမြို့ခံများဖြစ်တဲ့ ဦးစိန်ရိုး၊ ဗဟိုအမျိုးသားကျောင်းအုပ်ကြီးဦးရာဇာတ်၊ အမရပူရ ဦးဘသီ၊ စမစ်ဂန်ဂျာဆင်း၊ ဒေါက်တာဘနှစ်၊ ဒေါ်မြ အစရှိတဲ့ ပုဂ္ဂိုလ်များက မန္တလေးဥပစာကောလိပ်ပိတ်ရေးအစီအစဉ်ကို ရှေ့တန်းက ကန့်ကွက်ကြတယ်။ ဆရာကြီးဦးရာဇာတ်ဆိုတာ ဗဟိုအမျိုးသားကျောင်း ကျောင်းအုပ်ကြီးဖြစ်ရုံမက၊ မန္တလေးမြို့ခံ ကျောင်းသူ ကျောင်းသားများ၊ ကျောင်းသားမိဘများက လေးစားမြတ်နိုး အားကိုးသူ မျိုးချစ်တစ်ဦးဖြစ်လေတော့ ဆရာကြီး နောက်မှာလည်း မြို့လူထုက အားပေးထောက်ခံကြတယ်။ မြို့ခံသတင်းစာတွေကလည်း မန္တလေးဥပစာကောလိပ်ပိတ်မယ့်အရေးကို ဆန့်ကျင်ကန့်ကွက်ကြတယ်။ ဒီအချိန်မှာပဲ မန္တလေးဥပစာကောလိပ်ကျောင်းအုပ်ကြီး အေဒီမာရှယ်က မန္တလေးဥပစာကောလိပ်ပိတ်ရေးကိစ္စမှာ ကျောင်းသားတွေရဲ့မေးမြန်းမှုအပေါ် မချေမငံဖြေကြားမှုမီပွားကစပြီး အိမ်တော်ရာဘုရား ၁၄ခန်းဇရပ်ကြီးမှာ ကျောင်းသားတွေက သပိတ်မှောက်ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြမှုအောင်မြင်ရေးအတွက် ဥပစာကောလိပ်ကျောင်းသားတွေက ဗဟိုအမျိုးသားကျောင်းအုပ် ဆရာကြီးဦးရာဇာတ်ဆီက အကြံဥာဏ်များရယူခဲ့ပါတယ်။ အိမ်တော်ရာ ၁၄ခန်းဇရပ်က ကျောင်းသားတွေရဲ့ သပိတ်မှောက်ဆန္ဒပြမှုက ရဟန်းပျိုသမဂ္ဂ၊ ဈေးချိုတော်နဲ့ မန္တလေးမြို့လူထုက အားပေးထောက်ခံခဲ့ ပါတယ်။ ဒါကြောင့်လည်း မန္တလေးဥပစာကောလိပ်ပိတ်ပစ်ရေးအစီအစဉ်တွေ မအောင်မြင်ခဲ့ပါဘူး။ ဒီလိုနဲ့ မန္တလေးဥပစာကောလိပ်ဟာ အောင်ပန်းပန်ဆင်ပြီး ကြွားကြွားဝံ့ဝံ့ ဆက်လက်တည်ရှိခဲ့ပါတယ်။ မန္တလေးဥပစာကောလိပ်ကျောင်းသားများဟာလည်း မန္တလေးဈေးချိုတော် အပါအ၀င် မန္တလေးမြို့လူထုရဲ့ ရင်နှစ်သည်းချာတွေဖြစ်ခဲ့လေတော့ အားလုံးကလည်းအရေးပေးကြပါတယ်။

    ၁၉၄၂ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ရက်နေ့မှာတော့ အင်္ဂလိပ်တို့အားအကိုးဆုံး စင်္ကာပူခံတပ်ကြီး ဂျပန့်လက်အောက် ကျရောက်ခဲ့ပြီး အဲဒီနှစ်မတ်လ ၈ရက်နေ့မှာတော့ ရန်ကုန်မြို့မှာဂျပန့်အန္တရာယ် စစ်ရိပ်သန်းလာတာမို့ ရန်ကုန်မြို့က မီးသတ်စက်အပါအ၀င် အုပ်ချုပ်ရေးရုံးတွေ မန္တလေးမြို့ကိုပြောင်းရွှေ့ဆုတ်ခွာလာ ကြပါပြီ။ ၁၉၄၂ခု ဧပြီလ ၃ရက်(၁၃၀၃ခုနှစ်၊ နှောင်းတံခူးလဆုတ် ၄ရက် သောကြာ)နေ့၊ နံနက် ၁၀နာရီလောက်မှာ အစင်း ၈၀ လောက်ပါတဲ့ ဂျပန်လေတပ်က မန္တလေးတစ်မြို့လုံးကို စိစိညက်ညက်ကျေအောင် ဗုံးကြဲတိုက်ခိုက်ပါတော့တယ်။ ဒီလိုနဲ့ နောက် ၁လမျှအကြာ ၁၉၄၂ခု၊ မေလ ၁ရက်နေ့မှာတော့ ဂျပန်က မန္တလေးကို သိမ်းပိုက်လိုက်ပါတော့တယ်။ မန္တလေး ဆေးရုံကြီး၊ ဝေလမင်းသမီးမျက်စိနာကုဆေးရုံ၊ ၃မှတ်၊ ၁၈မှတ်၊ ၁၁မှတ်၊ ၁၇မှတ် ဂတ်တဲတွေ၊ ကြေးနန်းရုံး၊ ဓာတ်စက်ရုံ၊ ကုန်ရုံ၊ ဘူတာကြီး၊ မီးသတ်စက်၊ ရိုးကုမ္ပဏီ၊ အင်ပီရီယယ်လ်ဘဏ်၊ ဗဟိုအမျိုးသားအထက်တန်းကျောင်း အပါအ၀င် လူနေရပ်ကွက်တွေ ဈေးတွေကျောင်းတွေ ဘုရားကျောင်းဇရပ်တွေ စစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ပါပြီ။  လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်၊ တံတားတွေဖျက်ဆီးခံရတာနှင့်အတူ အင်းဝတံတားကြီးကိုလည်း ၁၉၄၂ခု ဧပြီ ၃၀ရက်နေ့မှာပဲ ဂျပန်အ၀င်မှာ အင်္ဂလိပ်ကဗုံးခွဲလို့ ပေါင်းကူးကုန်းမှတ် ၇ နဲ့ ၈ လည်း ကျိုးပြတ်ပျက်စီးကာ အဆက်အသွယ် ပြတ်တောက်ကုန်ပါပြီ။

    ဒီအချိန်မှာ မန္တလေးစိုက်ပျိုးရေးကောလိပ် ဓာတုဗေဒဌာနတာဝန်ခံဒေါက်တာ အာယားနေရာမှာ စစ်မဖြစ်မီ သီသီရုန်းပြီး လန်ဒန်က ရန်ကုန်ကိုပြန်ရောက်လာတဲ့ မန္တလေးဥပစာကောလိပ်ကျောင်းသားဟောင်း ဆရာဦးကိုလေးဟာ မန္တလေးစိုက်ပျိုးရေး ကောလိပ်ကိုသာမက မန္တလေးဥပစာကောလိပ်ကိုပါ ထိန်းရသိမ်းရစောင့်ရှောက်ရပါ သေးတယ်။ မန္တလေးမှာ စစ်ကြီးဝင်ရောက်လာတာနဲ့ မန္တလေးဥပစာကောလိပ်လည်း ပိတ်လိုက်ရပါတော့တယ်။

    ဂျပန်လက်အောက်ကျရောက်ခဲ့တဲ့ မန္တလေးဟာ ၁၉၄၅ခု၊ မတ်လ ၂၀ရက်နေ့မှာတော့ ရဲဘော် ၃ကျိပ်နှင့်အတူ ပြည်တွင်းကမျိုးချစ်ပါတီများက မဟာမိတ်တပ်တွေနဲ့ ပြန်လည်ပူးပေါင်းပြီး ဂျပန့်လက်အောက်က လွတ်မြောက်စေခဲ့ပါတယ်။ တစ်ပြည်လုံး အတိုင်းအတာအနေနဲ့ ၁၉၄၅ခု မတ်လ ၂၇ရက်နေ့မှ ဂျပန်ကိုတော်လှန်ခဲ့ ပေမယ့် အထက်ဗမာပြည်အနေနဲ့ အခြေအနေနဲ့ အချိန်အခါအရ မတ်လ(၈)ရက်နေ့မှာပဲ ဂျပန်ကို စတင်စစ်ကြေညာခဲ့ပါ တယ်။ ဘုရားကြီးအနောက် ၄၅တာမှာရှိတဲ့ အဆောက်အဦတစ်ခုမှာ အထက်ဗမာပြည်စစ်ရုံးချုပ်ဖွင့်လှစ်ပြီး ဗိုလ်မှူးဗထူး ကိုယ်တိုင်ဒီရုံးကနေဂျပန်ကို စစ်ကြေညာလက်မှတ်ရေးထိုးခဲ့တာပါ။ အခုဗိုလ်ဗထူးလမ်းမှာ ဗုဒ္ဓပြတိုက်အဖြစ်ဖွင့်လှစ်ထားတဲ့ အဆောက်အဦးပဲဖြစ်ပါတယ်။ ၁၉၄၅ခု မတ်လ ၂၀ရက်နေ့မှာပဲ မန္တလေးမြို့တွင်းမှာ ရန်သူဂျပန်တွေ မရှိတော့ကြောင်း ကြေညာလိုက်တာမို့ စစ်ကိုင်းမင်းဝံတောင်ရိုးမျာ တိမ်းရှောင်စစ်ခိုနေတဲ့ မန္တလေးသူ၊ မန္တလေးသားတွေဟာ မတ်လ ၂၃ ရက်ရောက်တော့ ကူးတို့သင်္ဘောကြီးနဲ့ စစ်ကိုင်းဆိပ်ကမ်းကမန္တလေးဘက် အမရပူရစံရွေးဆိပ်ဆီကူးကာ မိမိဇာတိရပ်ဆီ ‘ပြည်တော်ဝင်’နိုင်ခဲ့ကြပါပြီ။

    ဂျပန့်လက်အောက်က မန္တလေးလွတ်မြောက်ပြီး ၁၉၄၅ခု ဧပြီလဆန်း ၁၀ရက်ဝန်းကျင်မှာပဲ မန္တလေး ၈၄ လမ်း ကျောက်သွေးတန်းရပ်က ရန်ကုန်ကိတ်မုန့်တိုက်အဆောက်အဦအပေါ်ထပ်မှာ ဆရာကြီးဦးရာဇာတ်၊ လူထုဦးလှ စသူတို့ ဦးဆောင်ကာ အထက်ဗမာပြည် ဖ.ဆ.ပ.လအဖွဲ့ချုပ်ရုံးဖွင့်လှစ်ပါတယ်။ ဒီရုံးကို ဆရာဦးကိုလေး(စာရေးဆရာ ဇေယျာမောင်)မကြာမကြာရောက်လာပြီး ဆရာကြီးဦးရာဇာတ်နဲ့ မန္တလေးဥပစာကောလိပ်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တက္ကသိုလ်အဆင့်သို့ မြှင့်တင်နိုင်ရေးများကို ဆွေးနွေးလေ့ရှိပါတယ်။ ဒီလိုဆွေးနွေးမျှော်လင့်မှုတွေဟာ မကြာခင်မှာ ပြောင်းလဲလာတဲ့ မြန်မာပြည်နိုင်ငံရေးအခြေအနေများနှင့် အကောင်အထည်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအစိုးရအဖွဲ့မှာ ၀န်ကြီးအဖြစ်ဆရာကြီးဦးရာဇတ် ရန်ကုန်ကိုရောက်ရှိပြီးတဲ့ နောက် ဆရာဦးကိုလေးကိုလည်း ပြန်ကြားရေးဌာနမှသည် ပညာရေးဌာနသို့ပြောင်းရွှေ့အမှုထမ်း စေခဲ့ပါတယ်။ ဒါကြောင့် ၁၉၄၆ခုနှစ် အောက်တိုဘာလမှာပဲ ဆရာဦးကိုလေးတစ်ယောက် ရန်ကုန်တက္ကသိုလ်မှာ ရောက်ရှိအမှုထမ်းခဲ့ပါပြီ။ ၁၉၄၇ခု ဧပြီလရောက်တော့ ဆရာကြီး ဦးရာဇတ်က ဆရာဦးကိုလေးကို ကင်းဘဲလမ်း အိမ်အမှတ် ၁၀ပေါ်မှာ ခေါ်တွေ့ပြီး မန္တလေးဥပစာကောလိပ်ပြန်ဖွင့်ဖို့ ဥပစာကောလိပ်က ဒီကရီကောလိပ်၊ ဒီကတစ်ဆင့် အထက်ဗမာပြည်အတွက် သီးခြားတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဖို့ ဆက်လက်ရွက်ဆောင်ကြိုးပမ်းရန် ကိစ္စတွေ မှာကြားပါတော့တယ်။

    ဒီလိုနဲ့... ၁၉၄၇ခုနှစ် မေလ ၂၉ရက်နေ့မျာ ဆရာဦးကိုလေး(၀ါ)စာရေးဆရာဇေယျာမောင်ဟာ စစ်ကြီးကြောင့်ပိတ်ခဲ့ရတဲ့ မန္တလေးဥပစာကောလိပ်မှာ ကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူကာ စစ်ကြီးကြောင့်ပိတ်ခဲ့ရတဲ့ မန္တလေးဥပစာကောလိပ်ကိုပြန်လည် ဖွင့်လှစ်ဖို့ပြင်ဆင်ရပါ တော့တယ်။ ဆရာဦးကိုလေးဟာ စစ်ကြီးကြောင့်ပျက်စီးယိုယွင်း ပြီးနေရာပျောက်ခဲ့ရတဲ့ မန္တလေးဥပစာကောလိပ် အတွက် အဖက်ဖက်ကလိုအပ်ချက်တွေ ပြန်လည်စုဆောင်းရှာဖွေတည် ထောင်ပြီး စာသင်ခန်း၊ စာသင်ဆောင်၊ ကျောင်းဆောင် နေရာများပြန်လည်ရယူကာ ကြိုးပမ်းခဲ့တာကြောင့် ဆရာကြီးဦးရာဇတ် မျှော်မှန်းအကောင်အထည်ဖော်စေချင်တဲ့ မန္တလေးယူနီဗာစီတီ ကောလိပ်အဖြစ် ၁၉၄၈ခု ဇွန်လမှာပဲ အောင်မြင် စွာဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ဒါပေမယ့်... ဆရာကြီးဦးရာဇတ်မှာတော့ သူမျှော်လင့်ခဲ့တဲ့ မန္တလေးယူနီဗာစီတီကောလိပ် ကျောင်းကြီးကိုဖြင့် မြင်တွေ့ခွင့်မရခဲ့တော့ပါဘူး။ မန္တလေးယူနီဗာစီတီကောလိပ်ကြီး မဖွင့်လှစ်မီ ၁နှစ်ခန့်အလို ကြိုးစားပမ်းစားပြင်ဆင်နေဆဲ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာပဲ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး ၉ဦး ကျဆုံးသွေးမြေကျမှုမှာပါဝင်သွားခဲ့ပါပြီ...။  ဒါကြောင့် ၁၉၄၈ခုနှစ် ဇွန်လမှာ အခက်အခဲကြားကဖွင့်လှစ်လိုက်တဲ့ ‘မန္တလေးယူနီဗာစီတီကောလိပ်’ ကျောင်းတော်ကြီးကို ဆရာကြီး ဦးရာဇတ်က ဟို... တမလွန် ကောင်းကင်ဘုံကနေ မဲ့ပြုံးအကြည့်နဲ့ ကျေနပ်ပီတိဖြစ်နေမှာကတော့ မလွဲဧကန် ဖြစ်ပါတယ်။

    ၁၉၄၈ခုနှစ် ဇွန်လမှာ မန္တလေးယူနီဗာစီတီကောလိပ်ကို ဆရာကြီးဦးရာဇတ်နေရာ တာဝန်ယူခဲ့တဲ့ ပညာရေးဝန်ကြီး စောစံဖိုးသင်က လာရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်ပွဲဟာ အဲဒီခေတ် အဲဒီအချိန်ကဖြင့် ကြီးကျယ် ခမ်းနားခဲ့ပါတယ်။ ပညာရေးဝန်ကြီးရောက်ရှိခြင်း၊ မန္တလေးမြို့ဝန်ရဲ့နှုတ်ဆက်မိန့်ခွန်း၊ ကျောင်းတိုက်အုပ်ချုပ်ရေး သဘာပတိနှုတ်ဆက်မိန့်ခွန်း၊ တက္ကသိုလ်ကျောင်းတိုက် ကျောင်းအုပ်ကြီးအစီရင်ခံစာ၊ ပညာရေးဝန်ကြီး ပြန်ကြားမိန့်ဆိုချက်၊ ကျောင်းတိုက်ဝန်း၊ ကျောင်းဆောင်များသို့ ပညာရေးဝန်ကြီးလှည်လည်ကြည့်ရှု့ ခြင်း အစီအစဉ်များ ပါရှိခဲ့တယ်။ မန္တလေးဥပစာကောလိပ်ဖွင့်ပွဲအခမ်းအနားမှာ ဖတ်ကြားခဲ့တဲ့ ကျောင်းအုပ်ကြီးရဲ့အစီရင်ခံစာ အစီအစဉ်မှာ ဆရာဦးကိုလေးက အခုလိုရေးသားတင်ပြ အစီရင်ခံထားပါတယ်။

    ဒီအစီရင်ခံစာမှာပဲ ပစ္စည်းပစ္စယ၊ ပရိဘောဂသာမက၊ ကျောင်းဆောင်၊ စာသင်ခန်းရရှိမှု၊ ဆရာဆရာမ စုဆောင်းရှာဖွေရမှု၊ ပထမဆုံး အမျိုးသမီးအဆောင်ဖွင့်လှစ်ရမှု၊ တက္ကသိုလ်နှင့်ပတ်သက်တဲ့ အရေးတကြီးစီမံဆောင်ရွက်ရ မှုတွေကိုလည်း အခုလိုဆက်လက်အစီရင်ခံဖောပြခဲ့ပါတယ်။

    ယခုစစ်ကြီးအပြီးဖွင့်လှစ်တဲ့ မန္တလေးယူနီဗာစီတီကောလိပ်ရဲ့ကနဦးအစ ၁၉၂၅ခုနှစ်ကစပြီး ဖွင့်လှစ်ခဲ့တဲ့ မန္တလေးဥပစာ ကောလိပ်ကပေါ်ထွက်ခဲ့တဲ့ ထင်ရှားကျော်ကြားတိုင်းပြည်ဂုဏ်ဆောင်ပုဂ္ဂိုလ်များကိုလည်း ဆရာဦးကိုလေးက အစီရင်ခံစာမှာ အခုလို အမှတ်တရ ဖော်ပြဂုဏ်ပြုလိုက်ပါသေးတယ်။

    တကယ်တော့ တက္ကသိုလ်ဆိုတာ စာမေးပွဲအောင်ရုံ၊ ဘွဲ့လက်မှတ်ရရုံပဲလား။ ဒီထက်မက ကျယ်ဝန်းနက်ရှိုင်းတဲ့ အဓိပ္ပါယ် ရှိသလားဆိုတာကိုလည်း ဆရာဦးကိုလေးက အစီရင်ခံစာမှာ ရှင်းလင်းပြတ်သားစွာ ဖွင့်ပြခဲ့ပါတယ်။

    မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်ပွဲအခမ်းအနားမှာ နောက်ထပ်ထူးခြားမှုတစ်ခုကတော့ အနုပညာထွန်းကားတဲ့ ရွှေမြို့တော်ကြီးပီပီ ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာပိုဒ်စုံရတုကို မြန်မာစာနည်းပြ ဦးလှတင်က ရေးစပ်သီကုံးပြီး မြန်မာစာနည်းပြဆရာမ ဒေါ်သန်းမေက ဂုဏ်ပြုသီဆိုခဲ့ခြင်းပဲဖြစ်ပါတယ်။

    ထိုမျှမကသေးပါဘူး ဖွင့်ပွဲအထိမ်းအမှတ် ကျောင်းကပွဲအစီအစဉ်မှာ သီချင်း၊ တေးဂီတ၊ ယိမ်းအကများ နှင့်အတူ ဆရာမြို့မငြိမ်းရဲ့ တက္ကသိုလ်ကျောင်းတိုက်ဂုဏ်ပြုပဏာမသီချင်းကို ကျောင်းသူများက သီဆိုကြပြီး ကျောင်းသူ မတင်တင်မြင့်နဲ့ မစီစီဝင်းတို့က ကပြဖျော်ဖြေခဲ့ကြပြန်ပါတယ်။ ဒီလိုနဲ့ မန္တလေးယူနီဗာစီတီကောလိပ်ကြီးဟာ တစ်နှစ်ပြီး တစ်နှစ် သင်ကြားပို့ချတဲ့ပညာရပ်တွေ လည်း တိုးချဲ့လာ...။ ကျောင်းသူ၊ ကျောင်းသားတွေလည်းများပြားလာ ကျောင်းဆောင် အဆောက်အဦးတွေလည်း အသစ်အသစ် ပေါ်ထွန်းလာပါတော့တယ်။ စစ်ကြီးမတိုင်မီက စိုက်ပျိုးရေးသိပ္ပံရုံး အဆောက်အဦးကြီးကိုလည်း ပင်မဗဟိုစာသင်ဆောင်အဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၅၂ခုနှစ်မှာတော့ မန္တလေးယူနီဗာစီတီ ကောလိပ်ရဲ့ရှေ့ဆောင်လမ်းပြ ဆရာကြီးဦးရာဇတ်ကိုဂုဏ်ပြုတဲ့ ရာဇတ်ခန်းမကြီး ကိုဆောက်လုပ်ကာ အပေါ်ထပ်မှာ စာကြည့် တိုက်ဖွင့်လှစ်နိုင်ခဲ့ပါပြီ။

    ဒီလိုနဲ့ ရွက်ကြွေ... မြေသက်...၊ မိုးစက်သွန်းချ...၊ နှင်းခ ဆောင်းပန်းချီ... ရာသီအလီလီပြောင်းခဲ့ပါပြီ။ ရာသီအလီလီ ပြောင်းပေမင့် အညာဒေသရဲ့အမှတ်လက္ခဏာတမာတန်းရဲ့အေးမြတဲ့အရိပ်၊ လေအသင့်မှာ နင့်ကနဲသင်းတဲ့ တမာပွင့်ရနံ့...၊ ဆည်တော် မြောင်းမကြီးက ဖောက်သွယ်စီးဆင်းစေတဲ့ အေးမြရေနီမြောင်းရေအယဉ်တွေနဲ့ မန္တလေး တက္ကသိုလ်ရဲ့ သဘာဝရှုခင်းတွေဟာ တက္ကသိုလ်မြေ ကို ရောက်ရှိထိတွေ့၊ ပက်သက်၊ ခံစားသူတိုင်းမှာ လွမ်းဆွတ်ဖွယ် နှလုံးခိုက်ကြရပါတယ်။

    ဒါကြောင့် မန္တလေးတက္ကသိုလ်ကကဗျာစာဆိုတွေကလည်း သူတို့ရေးဖွဲ့တဲ့ကဗျာတွေက မန္တလေးတက္ကသိုလ် အလွမ်းတွေဟာဖြင့် ရသမြောက်ခဲ့ကြတာမို့ ယနေ့အထိ မြန်မာစာပေသမိုင်းမှာ အထင်ကရရှိနေခဲ့ကြတာ ဂုဏ်ယူစရာပါပဲလေ...၊ ဒီကဗျာ...၊ ဒီအလင်္ကာ...၊ ဒီစာပေတွေနဲ့ ရေးစပ်ဆိုသူ ကျောင်းတော်သားကဗျာဆရာ စာရေးဆရာတို့ရဲ့ ဂုဏ်ပုဒ်တွေကလည်း မန္တလေးတက္ကသိုလ်ကျောင်းတော်ကြီးနဲ့အတူ ထွန်းလင်း၊ တောက်ပ၊ ၀င်းလက်လာပါတော့တယ်။ ရေမြင့်တော့ကြာတင့်၊ ကြာတင့်တော့ကန်သာသာတဲ့ သဘောပါပဲလေ။

    စာပေအနုပညာ၊ ရိုးရာယဉ်ကျေးမှုမျှသာမက... နိုင်ငံရေးမျက်နှာစာမှာလည်း မန္တလေးယူနီဗာစီတီ ကောလိပ်မှသည် မန္တလေးတက္ကသိုလ်အထိ ရပ်တည်လှုပ်ရှားမှုများ အထင်အရှားခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဌများအဖြစ် ၁၉၄၇- ၄၈ မှာ ကိုလှမောင်၊ ၁၉၄၈- ၄၉ မှာ ကိုလှမျိုးသန့်၊ ၁၉၅၁- ၅၂ မှာ ကိုမျိုးညွန့်၊  ၁၉၅၆- ၅၇ မှာ ကိုကျော်စိုး၊ ၁၉၅၇- ၅၈မှာ ကိုစောလွင်တို့တာဝန်ယူခဲ့ကြပြီး မန္တလေးတက္ကသိုလ်သီးခြားဖြစ်တည်နိုင်ရေးအတွက် ၁၉၅၅ခုနှစ် နိုဝင်ဘာလမှာတစ်ကြိမ်၊ ၁၉၅၆ခု သြဂုတ်လ ၂၅ရက်မှာတစ်ကြိမ်၊ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်တောင်းဆိုခဲ့ကြပါတယ်။ ၁၉၅၇ ဇွန်လ ၅ရက် သတင်းစာရှင်းလင်းပွဲမှာတော့ ၀န်ကြီးချုပ်ဦးနုက ဒီအဆိုတွေကို ထောက်ခံခဲ့ပါတယ်။ ဒီနောက် ၁၉၅၇ခု သြဂုတ်လ ၅ရက်နေ့၊ မန္တလေးတက္ကသိုလ်အတွင်း ရာဇာတ်ခန်းမဆောင်မှာကျင်းပတဲ့ အစည်းအဝေးကနေ မန္တလေးတက္ကသိုလ် သီးခြားဖြစ်ရေးအဆိုကို ကျောင်းသားများသမဂ္ဂကပဲ ထပ်မံပြီးတောင်းဆိုလိုက်ပါတော့တယ်။

    ဒီလို... ဒီလို... အခြေအနေတွေကြောင့် ကျောင်းအုပ်ကြီးဦးကိုလေးက မကြာမီသီးခြားတက္ကသိုလ် ဖြစ်တော့မယ်။ မကြာမီသေချာပေါက်ပေါ်လာတော့မယ့် မန္တလေးတက္ကသိုလ်အတွက် ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများပူပေါင်းပြီး တက္ကသိုလ်ဂုဏ်ရောင်ထွန်းပြောင်ရေးကြိုးပမ်းကြဖို့ ဆော်သြခဲ့ပါတယ်။

        ၁၉၂၅ခုနှစ်က ဥပစာကောလိပ်ငယ်အဖြစ် အလူးလူးအလိမ့်လိမ့်ဖွင့်လှစ်ရပ်တည်ခဲ့ရတဲ့ နောက် ၁၉၄၇ခုနှစ်မှာ ယူနီဗာစီတီကောလိပ်အဖြစ်တစ်ဆင့်မြှင့်တင်ပြီးနောက် အခု... ၁၉၅၇- ၅၈ ခုနှစ်မှာဖြင့် မန္တလေး တက္ကသိုလ်အဖြစ် သီးခြားရပ်တည်ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ၁၉၅၇ခုနှစ် အောက်တိုဘာလ ၄ရက်နေ့ ဗမာပြည်ပါလီမန်အထက် အောက်လွတ်တော်၂ရပ်လုံးက မန္တလေးတက္ကသိုလ်ကို သီးခြားတက္ကသိုလ်အဖြစ်ပြဋ္ဌာန်းအတည်ပြုလိုက်ပါပြီ။ ဒါကြောင့် ၁၉၅၈ခု ဇွန်လမှာ‘မန္တလေးတက္ကသိုလ်’ရယ်လို့ ငွားငွားစွင့်စွင့် ကြွားကြွားဝံ့ဝံ့ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ မန္တလေးတက္ကသိုလ်ကို ဂုဏ်ယူဝင့်ကြွားစွာဖွင့်လှစ်ခဲ့တာဖြင့် အခု ၂၀၁၁ဇွန်လမှာဖြင့် ၅၃နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ တကယ်တော့ မန္တလေးဥပစာကောလိပ်အဖြစ် ဒီနှစ်မှာ သက်တမ်း ၈၆နှစ်ပြည့်ခဲ့ပြီး၊ မန္တလေးယူနီဗာစီတီ ကောလိပ်အနေနဲ့က ဒီနှစ်မှာ ၆၃နှစ်ပြည့်ခဲ့ပါပြီ။ မန္တလေးတက္ကသိုလ်အနေနဲ့ကတော့ ဒီနှစ်မှာ(၅၃)နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ ဘာပဲပြောပြော... ၈၆နှစ်၊ ၆၃နှစ်၊ ၅၃နှစ်ဆိုတဲ့ သက်တမ်းကာလများအတွင်း လောကဓံရဲ့လှိုင်းတွေ ဘယ်လောက်ထန်ခဲ့ပေမယ့် အမိ တက္ကသိုလ်ကြီးက ဂုဏ်ယူဝင့်ကြွားဖွယ်သားသမီးတွေ ကို မမောမပန်းမွေးဖွားပေးခဲ့တာဟာ မမေ့အပ်တဲ့ကျေးဇူးတရားတွေပဲ ဖြစ်ပါတယ်။

    တကယ်တော့ ကျွန်တော်တို့ဟာ မန္တလေးတက္ကသိုလ်ရဲ့ အတိတ်က ရွှေထီးဆောင်းကာလတွေကိုပဲ သမင်လည်ပြန် ငဲ့စောင်းကြည့်ပြီး ဂုဏ်ယူလွမ်းဆွတ်နေခဲ့ကြတာပါ။ ဒီနေ့ပစ္စုပန်ဟာ အနာဂတ်မှာ အတိတ်ဖြစ်သွားမှာကလည်း မြေကြီးလတ်ခတ်မလွဲပါပဲ...။ လာမယ့်အနာဂတ်မှာ အတိတ်ဖြစ်သွားမယ့် ဒီနေ့ပစ္စုပ္ပန်ကိုလည်း အခုလိုဂုဏ်ယူလွမ်းဆွတ် တသကြဖို့ကတော့ ဒီနေ့ပစ္စက္ခ မန္တလေး တက္ကသိုလ်နှင့် ပတ်သက်သူတိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။

    အနာဂတ်မှာ မန္တလေးတက္ကသိုလ်ရဲ့ပစ္စုပ္ပန်ကို လွမ်းဆွတ်ကြခြင်းဟာ ဂုဏ်ယူဖွယ်၊ ၀ံ့ကြွားဖွယ်၊ အလွမ်းပဲ ဖြစ်ကြရမှာပါ...။ နှမျောတသစုပ်သပ်ခဲ့ကြရတဲ့ နောင်တအလွမ်း၊ စိတ္တရအလွမ်းတွေတော့ မဖြစ်ကြစေချင်တာ... အားလုံးရဲ့ ဆန္ဒတွေပါ... ဒါကြောင့်... မန္တလေးတက္ကသိုလ်ကြီးနဲ့ ဖြတ်သန်းခဲ့မှု ကမ္ပည်းမော်ကွန်းတွေကိုပြန်လည် ဖော်ထုတ်၊ တသ၊ သတိရကြရင်း မန္တလေးတက္ကသိုလ်ကြီးရဲ့ ဂုဏ်ရောင်ပြောင်မှု အစဉ်အလာတွေ အဓွန့်ရှည်ရေး၊ ကြိုးပမ်းကြမှုအတွက် အားသစ်အင်သစ်၊ အသိအမြင်သစ်များရရှိနိုင်ပါစေလို့ ဆုတောင်းတင်ပြပါတယ်။

ဆူးငှက်

"ဗိုလ်ချုပ်တို့ကျဆုံးပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၌ ဗိုလ်ချုပ်၏ မိခင်၊ အမေဒေါ်စု၏ တိုင်းပြည်သို့ရေဒီယိုမှပြောကြားခဲ့သောစကား"

"ဗိုလ်ချုပ်တို့ကျဆုံးပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၌ ဗိုလ်ချုပ်၏ မိခင်၊ အမေဒေါ်စု၏ တိုင်းပြည်သို့ရေဒီယိုမှပြောကြားခဲ့သောစကား"

လွန်ခဲ့သည့်နှစ်က ဂဠုန်အဖွဲ့ ခေါင်းဆောင် ဦးစောအား သူခိုးကျင့်၊ သူခိုးကြံ၊ လူမသမာတစ်စုက ချောင်းမြောင်းလုပ်ကြံ ပစ်ခတ်ခဲ့စဉ်က သားဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် များစွာ ရှုတ်ချ၊ ကဲ့ရဲ့စကားများပြောခဲ့တယ်။ မိမိထံကို နယ် လှည့်လာ ရင်း ဝင်ရောက်ကန်တော့စဉ် အခါက မိမိက စိုးရိမ်ကာ လူဆို တာ အထက်ရောက်နေလျှင် မနာလို ဖြစ်ပြီး မလိုသူများက မကောင်းကြံစည်တတ်တယ်။ အစစအရာရာ သတိထားပါ" ဟု ပြော မိသေးတော့ သူက "ဗျာ..ဘုရားတောင်မှ အတိုက် အခံရှိသေးတာပဲ။ အမှန်မှာတော့ ကိုယ်ကသာ လမ်းမှန်ဘက် ကနေပြီး အကြောင်းမှန်ကို ကိုယ်က လက်ကိုင်ထားရင် ဘာမှကြောက် စရာမလိုပါဘူး။ စစ်တိုက်တုန်း ကတောင် မသေခဲ့သေးတာ မစိုးရိမ်ပါနဲ့။ အခု တိုင်းပြည်လူထုဟာ အရင် လို မဟုတ်ဘူး။ ဝေဖန်တတ် လာပါပြီ" ဟုအားရပါးရရယ်မော ၍ ပြန်ပြောခဲ့ ပါသေးတယ်။ ခုအောင်ဆန်းဟာ သူအလွန်မုန်း တီးရွံရှာတဲ့ ချောင်းမြောင်း လုပ်ကြံ တဲ့နည်းနဲ့ပဲ သေလွန်သွား ရှာတယ်........

မွန်ဝတ်စုံအကြောင်းသိကောင်းစရာ(အကျဉ်းချုပ်)

မွန်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့်မင်းဧကရာဇ်၊ စစ်သေနာပတိ၊ က၀ိဆရာ၊ မှူးကြီးမတ်ရာ၊ သူဋ္ဌေးသူကြွယ်၊ နယ်စားမြို့စား၊ ပြည်သူများ လူတန်းစားအမျိုးမျိုးရှိခဲ့ကြသည့် အားလျော်စွာဝတ်စားဆင်ယင်မှုသည်
လည်း လူတန်းစားကိုလိုက်၍ ၀တ်စားဆင်ယင်ခဲ့သည်မှာ ယုံမှားဖွယ်ရာ မရှိပါ။ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီပဒေသရာဇ်မင်းတို့ အုပ်စိုးသောခေတ်နှင့်နယ်ချဲ့တို့၏ လက်အောက်သို့ရောက်ရသော
ခေတ်တွင် မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှုသည်လည်း လွှမ်းမိုးဖျက်ဆီးခြင်းခံခဲ့ရသည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး
နောက်ပိုင်းတွင် မွန်ဒေသမှ ယက္ကန်လုပ်ငန်းရှင်များသည် စီးပွားရေးအမြင်ဖြင့်ပိုမိုတွင်ကျယ်စွာ ရောင်းချနိုင်သော
မြန်မာ့အ၀တ်အထည်ကိုသာ ယက်လုပ်ကြပြီး မွန်လူမျိုးတို့၏၀တ်စားဆင်ယင်မှုကို လျစ်လျူရှုခဲ့ကြသည်။ ရာမညတိုင်းသားတို့သည် လွယ်ကူစွာရနိုင်သော အ၀တ်အထည်များကိုသာ ၀ယ်ယူသုံးစွဲခဲ့ကြသဖြင့် မွန်တို့၏ အ၀တ်အထည်များကို ပိုမို၍အ၀တ်နည်းလာကြသည်။ အမျိုးသားဝတ်စုံကို ၀တ်ဆင်ရန် လိုအပ်သည့်အခါတွင်မည်သည့်ဝတ်စုံကိုဝတ်ဆင်ရမည်ကိုပင် မဝေခွဲနိုင်သော အခြေအနေသို့ရောက်ခဲ့လေသည်။

တက္ကသိုလ်၊ ကောလိပ်များရှိတိုင်းရင်းသားလူမျိုးတိုင်းတွင် မိမိတို့တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီများရှိကြသည်။
ကော်မတီတစ်ခုနှင့်တစ်ခု တွေ့ဆုံပွဲများ၊ စုပေါင်းကျင်းပသောပွဲများရှိကြသည်။ ပွဲတော်များတွင် တက္ကသိုလ် မွန်ကျောင်းသူ၊ ကျောင်းသားများသည်တခြားတိုင်းရင်းသား နည်းတူ မိမိတို့၏၀တ်စုံကို မ၀တ်ဆင်နိုင်ခဲ့ကြပေ။ ဥပမာ- 1971ခုနှစ် ရန်ကုန်တက္ကသိုလ်ပြည်ထောင်စုအလံသယ်ယူပွဲတွင် မိမိတို့၏ ၀တ်စုံပြည့်ဖြင့် ပါဝင်မဆင်နွှဲနိုင်သော အခြေအနေသို့ရောက်ခဲ့ရ၏။
မွန်အမျိုးသားများ၊ မွန်ရဟန်းတော်များ၊ ကျောင်းသူကျောင်းသားများ၊ မွန်လူငယ်များသည် မွန်ဝတ်စုံဖြစ်မြောက်လာအောင် တက္ကသိုလ်မွန်ကျောင်းသူ၊ ကျောင်းသားများသို့ စာနှင့်တစ်ဖုံ၊ လူနှင့်တစ်မျိုးတောင်းဆိုလာကြသည်။

အမျိုးသားဝတ်စုံထုတ်ဖော်ဖြစ်မြောက်ရေးကော်မတီကို (21.8.1971)စနေနေ့တွင် ရွှေတိဂုံဘုရားလမ်း၊ မွန်ပိဋကတ်တိုက်တွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းသူကျောင်းသားများ၊
ကျောင်းသားဟောင်းများ ဦးစီး၍ ဖွဲ့စည်းလိုက်သည်။
(21.8.1971)ပထမအကြိမ်အစည်းအဝေးတွင် -
- မွန်လူမျိုးတို့၏ ရှေးဟောင်းအ၀တ်အစားနှင့်ယနေ့အ၀တ်အစားများကို အထောက်အထားပစ္စည်းအဖြစ်အသုံးပြုရန်မွန်ဒေသစုံသို့သွားရောက်
စုဆောင်းရန်။
- မွန်ဒေသကို ရောက်ရာတွင် တွေ့ရှိရသောပစ္စည်းများကို အကြောင်းအရာကိုသိရှိသော ပုဂ္ဂိုလ်များထံတွင် မေးမြန်းလေ့လာရန်။
- မွန်တို့၏၀တ်စားဆင်ယင်မှုအကြောင်းကို တတ်သိပုဂ္ဂိုလ်များနှင့်ဆွေးနွေးရန်။
- (5.9.1971)တွင် အစည်းအဝေးပြန်ခေါ်ပြီး ရရှိထားသောအချက်အလက်များကို ဆွေးနွေးရန်။
- ရရှိထားသောအဖြေများကိုပေါင်းစပ်ပြီး မွန်ဝတ်စုံအကြမ်းသဘောရွေးချယ်သတ်မှတ်ရန်။
- (12.9.1971)တွင် မွန်လူကြီးများ၊ လူငယ်လူလတ်၊ ရဟန်းတော်များ၊ ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား/သူများကိုဖိတ်ခေါ်ပြီး မွန်ဝတ်စုံကို သတ်မှတ်အတည်ပြုရန်။

ကော်မတီအဖွဲ့သည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ကရင်ပြည်နယ်ကော့ဗိန်းရွာ မှ ပစ္စည်းအထောက်အထားအချက်အလက်များကို ဆည်းပူးလေ့လာခဲ့ကြပါသည်။
ရှေးခေတ်မွန်အ၀တ်အစားများ၊ နတ်ဝတ်နတ်စား၊ ပုဝါ၊ မွန်နှစ်နံစပ်လုံချည် ထမီများ ရရှိခဲ့ကြသည်။ ကော်မတီဝင်များ လုံချည်၊ ထမီများကို သုတေသနပြုရာတွင် အနီရောင်သည်အပေါ်လွင်ဆုံး အရောင်ဖြစ်သည်ကိုတွေ့ရသည်။လုံချည်တွင် အနီရောင်ခံပေါ်တွင် အဖြူရောင်အစင်းဖြင့်အကွက်များဖော်ထားခြင်းနှင့် ထမီတွင် အနီရောင်ခံပေါ်တွင် အနက်ရောင်အစင်းများဖြင့်အကွက်ဖော်
ထားသည်ကို တွေ့ရသည်။ရှေးခေတ်မွန်အမျိုးသားတို့ ရှပ်အင်္ကျီကို မ၀တ်ဆင်မီတွင် တိုက်ပုံနှင့်ဆင်သော အင်္ကျီတစ်မျိုးဝတ်ဆင် သည်ကိုတွေ့ရသည်။ တိုက်ပုံကဲ့သို့လက်ပွကျယ်၍ အဆုံးလက်ကောက်ဝတ်တွင် တိုက်ပုံမှာကဲ့သို့ လက်ခေါက်ထားခြင်းမရှိပေ။
လည်ပင်းတွင် စတစ်ကော်လာကဲ့သို့ ကော်လာတိုရှိသည်။ တခြားတိုက်ပုံများကဲ့သို့ကြယ်သီးမတပ်ရင်ဖွင့်ဝတ်ဆင်၍ မရသဖြင့် အမြဲတစေကြိုးချည်၍စေ့ထားရသည်။ ယင်းတိုက်ပုံတွင် အောက်အိပ်နှစ်လုံးသာပါသည်။
ရှေးခေတ်မွန်အမျိုးသမီးဝတ်စုံမှာ ယနေ့ခေတ်အထိ အများဆုံးအဖြူရောင်ကိုဝတ်ဆင်ကြသည်။ ရှေးခေတ်အင်္ကျီသည် ရင်ခွဲမဟုတ်ဘဲခေါင်းမှစွပ်ရ၀တ်ဆင်ရသည်။ လည်ဝိုက်ပုံသဏ္ဍာန်နှင့် (V) သဏ္ဍာန်ရှိသည်။ ကြယ်သီးနှင့်ချည်စရာကြိုးများ
မလိုချေ။ ကရင်အမျိုးသမီးများကဲ့သို့အစင်းအကြောင်းဖော်ထားခြင်းမရှိချေ။ လက်မှာလက်ရှည်ဖြစ်သည်။

(12.9.1971)တနင်္ဂနွေနေ့ ကော်မတီအစည်းအဝေးတစ်ရပ်ကို မွန်ပိဋကတ်တိုက်တွင်ကျင်းပပြန်၏။ အစမ်းသဘောဝတ်စုံကို တက်ရောက်ကြသော ပုဂ္ဂိုလ်များလက်ခံကြ၏။ အမျိုးသားတိုက်ပုံ၏ပုံသဏ္ဍာန်ကို မကန့်ကွက်လိုသော်လည်း အရောင်
ကိုမူ ရဟန်းတော်များ မွန်လူကြီးများက ကန့်ကွက်ကြသည်။ သတ်မှတ်ထားသော အနက်ရောင်သည် မွန်တို့၏ အယူအဆအရ မင်္ဂလာမရှိသောအရောင်ဖြစ်သည်။ ရှေ့တိုက်ပုံကဲ့သို့ အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေးထောင့်အကွက်ကြီး
ဖော်ထားသော အစဖြင့် ချုပ်လုပ်ဝတ်ဆင်ရန် သဘောတူခဲ့ကြသည်။

အစည်းအဝေးမှသတ်မှတ်သော
မွန်အမျိုးသားဝတ်စုံမှာ >> အင်္ကျီအတွင်း ရှပ်အင်္ကျီယူပြီး အပြင်တိုက်ပံအတွက် အဖြူရောင်ပေါ်တွင် တစ်လက်မကွာ အနီတစ်ကြောင်း၊ လည်တွင် လက်မ၀က်ခန့်ဗျက်ချုပ်မည်။ လက်ကိုမခေါက်ပဲဆန့်ထားမည်။
အောက်အိပ်နှစ်လုံးပါမည်။ ကြိုးလေးကြောင်းတပ်မည်။ လျှာမပါချေ။ လုံချည်မှာ အနီရောင်ခံမည်။ အဖြူအကွက်ဖော်မည်။ အောက်ဆုံးအနားအဖြူ 1/4 လက်မထားမည်။ အနား၏အပေါ်တွင် အနီကွက်တစ်လက်မခွဲခန့် ပတ်ထားမည်။
အလယ်တွင် နှစ်နံစပ်သဘောဆောင်ရန် အောက်အနား
အဖြူအစင်းလက်မ၀က်ခန့် ပတ်ထားမည်။

မွန်အမျိုးသမီးဝတ်စုံမှာ >> အင်္ကျီကို အဖြူရောင်၊ Vသဏ္ဍာန် လည်ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ်ရန်၊ လက်ရှည်၊ အောက်အနားအနည်းငယ်ပိုရှည်ရန်၊ ထမီ မှာ အနီရောင်ခံ၊ ကြက်ခြေခတ်အနက်ကွက်၊ ရောင်စုံအစင်းပတ်(6)လက်မ၊
အနီရောင်နှင့်အဖြူရောင်ယှက်ထားသော ဗြောင် 15 လက်မအောက်ဆုံးအနား၊ အနီခံအနက်ကွက် 21လက်မ၊ ရောင်စုံအစင်း 6လက်မ၊ အနီဖြူရောင်ဗြောင် 15 လက်မ၊ စုစုပေါင်း 42 လက်မ၊ ထပ်ဆင့်။

တက်ရောက်သူအားလုံးက ၀တ်စုံအားအတည်ပြုသတ်မှတ်ပြီး အစည်းအဝေးကိုအောင်မြင်စွာရုပ်သိမ်းခဲ့သည်။

မွန်ဝတ်စုံကို (10.10.1971)တနင်္ဂနွေနေ့ ရန်ကုန်တက္ကသိုလ် မွန်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် စတင်ဝတ်ဆင်ခဲ့ကြသည်။
(12.10.1971)ရက်နေ့ ရန်ကုန်သို့ရောက်ရှိလာသော ကမ္ဘာလှည့် ဂျပန်လူငယ်များ ကြိုဆိုတွေ့ဆုံပွဲတွင် ယင်းသတ်မှတ်ထားသော ၀တ်စုံဖြင့် မွန်ကျောင်းသူကျောင်းသားများ သွားရောက်တွေ့ဆုံခဲ့ကြသည်။
(23.10.1971)ရက်နေ့ ရန်ကုန်တက္ကသိုလ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများမိတ်ဆက်ပွဲအခမ်းအနားကို မွန်ကျောင်းသူကျောင်းသား၊ ဆရာဆရာမများ အမျိုးသားဝတ်စုံကို တင့်တယ်စွာ ၀တ်ဆင်နိုင်ခဲ့ကြ၏။ ညီရင်းအစ်ကိုများနှင့်
မိတ်ဆက်နိုင်ခဲ့ကြ၏။ 1972ခုနှစ် တက္ကသိုလ်မွန်ပြက္ခဒိန်တွင်လည်း ယင်းမွန်ဝတ်စုံဖြင့် ၀တ်ဆင်ထားသော မွန်ကျောင်းသူကျောင်းသားများ၏ ပုံကိုထည့်သွင်းခဲ့ကြသည်။အထက်ဖော်ပြပါကြိုးပမ်းအားထုတ်မှုတို့သည်
ရေရှည်ခိုင်မာသော ၀တ်စုံမရှိသည့် မွန်လူမျိုးများအတွက် ၀တ်စုံတစ်စုံ မားမားမတ်မတ်ပေါ်ထွက်လာခဲ့ပါသည်။ မွန်လူမျိုးထုတစ်ရပ်လုံးသည်လည်း တာဝန်သိသိနှင့် မွန်အမျိုးသားဝတ်စုံကို ကျယ်ပြန့်စွာ ၀တ်ဆင်လာရန်ဆောင်ရွက်ခြင်း၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့သည် မွန်လူမျိုးများအတွက် မည်မျှတန်ဘိုးရှိသည်။ အကျိုးရှိသည်ကို နားလည်သဘောပေါက်ရန်အထူးလိုအပ်လှပါသည်။ ထို့ကြောင့် မွန်အမျိုးသား၊ အမျိုးသမီးများသည် မိမိတို့၏
အမျိုးဘာသာသာသနာနှင့်ယဉ်ကျေးမှု အမွေအနှစ်
များကို တန်ဘိုးထားကြပါ။ မြတ်နိုးကြပါ။ ခင်တွယ်ကြပါ။ ၀တ်ဆင်ကြပါလို့ တိုက်တွန်းအားပေးစကား ပြောကြားလိုက်ရပါသည်။

ဗညားအောင်မိုး(ဆေးတက္ကသိုလ်)တက္ကသိုလ်မွန်မဂ္ဂဇင်း
ဆောင်းပါး မှ ကောက်နုတ်တင်ပြပါသည်။

Monday, July 16, 2012

ပျူခေတ် ကချေသည် ကြေးရုပ်တို့၏ အတိတ်သမိုင်းကို စာမျက်နှာများပေါ်မှ တူးဆွခြင်း။

    သရေခေတ္တရာ ပျူခေတ်က ထွန်းကားခဲ့သော ယဉ်ကျေးမှု အနုပညာ၊ဗိသုကာ၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် ဓလေ့ထုံးစံဆိုင်ရာ အချက်အလက်များကို ခိုင်လုံသော အထောက်အထားများဖြင့်
ဖော်ထုတ် လေ့လာရန် ရည်ရွယ်ချက်ဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနသည် ပြည်မြို့နယ်ရှိ သရေခေတ္တရာမြို့ ဟောင်းတွင် ၁၉၆၃ ခုနှစ်မှစတင်၍ တူးဖော်မှုလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

တွေ့ပြီ
သုတေသနမှူး ဦးစိန်မောင်ဦး ဦးစီးသည်အဖွဲ့သည် ၁၉၆၇ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် သရေခေတ္တရာ
မြို့ဟောင်း မြို့ရိုးအပြင်ဘက်ရှိ ဘုရားမာ ဘုရားအနီးတူးဖော်မှု ကုနုးအမှတ်(၈) မှ ကျက်သရေမင်္ဂလာ အထိမ်း အမှတ် သင်္ကေတ သီရိဝစ္ဆပုံနှင့် ကြာပန်းကြာခက်တို့ဖြင့်ခြယ်လှယ်ထားသော အမြင့် ၁၁ လက်မ ခန့်ရှိသည့် ကြေးခေါင်းလောင်းတစ်လုံး ကို တူးဖော်တွေရှိခဲ့သည်။

ပျူခေတ်ကြေးရုပ်ငါးရုပ်                                                                                                                                           
ထိုကြေးခေါင်းလောင်း အတွင်းမှ ထူးခြားသော ပျူခေတ်ကြေးရုပ် ငါးရုပ်ကိုတွေ့ရှိခဲ့ပေသည်၊ ကြေးရုပ်ငါးရုပ် သည် ထိုခေတ် တီးမှုတ်ကခုန်သည့် သဘင်ပညာသည်တို့၏ ပုံသဏ္ဍန်ကို ဖော်ညွှန်းသွန်း လုပ်ခဲ့ဟန်ရှိပေသည်။ အရုပ် တစ်ခုသည် ပလွေမှုတ်ဟန်၊ အရုပ်တစ်က ဗုံတီးဟန်၊ နောက်တစ်ခုက ခွက်ခွင်း တီးပြီး၊ တစ်ရုပ်က ပျော့ပြောင်းနွဲ့နှောင်းနူးညံ့ငြိမ့်ညောင်းစွာကပြဟန်နှင့်  နောက်ဆုံးတစ်ခုက ပုပုကွကွ ခါးကုန်းကုန်း၊သူ့ကျောကုန်းမှာ အထုပ်တစ်ခုပိုးပြီး ပျော်တော်ဆက် (လူပြက်) ဟန်ပါပါ ဟာသပြု သရုပ်ဆောင် နေပုံများဖြစ်သည်။ ၄င်းတို့သည် ငယ်ပင်ငယ်စေကာမူ အလွန်အသက်ပါလှပြီး အလွန်မြတ်နိုးဖွယ်ဖြစ်အောင် အနုပညာလက်ရာမြောက်ကြပေသည်။ ဆင်ယဉ်ထုံးဖွဲ့မှုနှင့် ဟန်ပန်အနေအထားများမှာ အိန္ဒိယဆန်လှသည်။

ကြေးရုပ် လေးရုပ် ပျောက်ဆုံးသွားခြင်း
ထိုကြေးရုပ်ငါးရုပ်နှင့်တကွ အခြားတူးဖော်ရရှိသည့် ပျူခေတ် ပစ္စည်းအချို့တို့ကို ထိုစဉ်က ပြည်မြို့နယ် ရှိ သရေခေတ္တရာ ရှေးဟောင်းသုတေသနပြတိုက်၌ ခေတ္တပြသထား ရှိခဲ့သည်။
ထိုသို့ ပြသထားခဲ့ရာမှ ၁၉၆၇ ခုနှစ် မတ်လ ( ၆ ) ရက်နေ့ ညတွင် သူခိုးခိုးခံရပါသည်။ ပျော်တော်ဆက် (လူပြက်) ရုပ်တစ်ခုသာ သူခိုးလက်ပါမသွားပဲ ကျန်ရှိခဲ့ပေသည်။

ဒေါက်တာနိုင်ပန်းလှ၏ ကြိုးပမ်းမှု
ပါမောက္ခဒေါက်တာနိုင်ပန်းလှ ( ၂၀.၀၃.၁၉၂၃ --   ) သည် ၁၉၇၂ ခုနှစ်တွင် ပျူကြေးရုပ်များသည် အမေရိကန်နိုင်ငံတွင် အမည်မသိ ပုဂ္ဂိုလ်တစ်ဦး၏ လက်၌ရှိနေကြောင်း ခိုင်လုံသော သတင်းကိုရရှိသဖြင့် လုပ်သား အင်္ဂလိပ်သတင်းစာတွင် ပျူယဉ်ကျေးမှုအကြောင်းဆောင်းပါး နှစ်ပုဒ် ရေးပြီး  ပျူကြေးရုပ်များ နှင့် ပတ်သက်၍ သူခိုးခိုးခံရသော ပစ္စည်းများဖြစ်ကြောင်း ၀ယ်ထားသူ သိရှိပြီး မိမိဆန္ဒအလျောက် ပြန်လည် ပေးပို့မှသာ အစားထိုးနိုင် တော့မည်ဖြစ်ကြောင်း နှိုးဆော်တိုက်တွန်းခဲ့သည်။
ထို့အပြင် အမေရိကန်ဟားဗတ်တက္ကသိုလ်မှ သူ၏ မိတ်ဆွေဟောင်းများကို ယင်းပျူကြေးရုပ်လေးများ သတင်းကို စုံစမ်းပေးပါရန် အကူအညီတောင်းခံခဲ့သောလည်း ကိုးနှစ်ကျော်လာသည်အထိ အကြောင်း မထူးခဲ့ သဖြင့်၊ ၁၉၈၁ခုနှစ်အဆုံးတွင် လုပ်သားအင်္ဂလိပ်သတင်းစာတွင် ဆောင်းပါး ၃ပုဒ်ရေးသားပြီး ၄င်းဆောင်းပါး များကို မိတ္တူကူးကာ အမေရိကန်ရှိသူ၏ မိတ်ဆွေများထံပေးပို့ခဲ့သောလည်း ၊မည်သူထံကမှ ပြန်ကြားချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။

မမျှော်လင့်ဘဲရောက်လာသူ
၁၉၈၃ ခုနှစ် ဧပြီလတွင် အမျိုးသား ပထ၀ီဝင် မဂ္ဂဇင်း( National Geographic Magazine ) မှအယ်ဒီတာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ မစ္စတာ ဗရိုင်ဟောင်ဆင်
( Bryan Hodgson )သည်  မြန်မာပြည်သို့ မဂ္ဂဇင်းအတွက် ဓါတ်ပုံရိုက်ရန် ရောက်ရှိလာရင်း ဒေါက်တာနိုင်ပန်းလှ ရေးသားစီကုံးဖွဲ့ခဲ့သော
( The Lost Musicians )ဆောင်းပါးကို ဖတ်ရှုရပြီး စိတ်မကောင်းဖြစ်ကာ၊ ဆရာကြီး ဒေါက်တာနိုင်ပန်းလှကို သွား ရောက်တွေ့ဆုံပြီး ဆရာကြီး၏ ဆောင်းပါးကို ဓါတ်ပုံဖြင့်ကူးယူပြီး အမေရိကန်ပြည်သို့ ပြန်ရောက်လျှင် ပျူကြေးရုပ်များကို လက်ဝယ်ထားရှိသူကို ရှာဖွေပြီး ပြသမည် ထိုအတူ သြဇာတိက္ကမရှိသော လူကြီး များထံကိုလည်း ဆောင်းပါးမိတ္တူကို ပေးဝေကာ ပိုင်ရှင်ကို ကြေးရုပ်များကို အမိနိုင်ငံသို့ ပြန်ပို့ပေးသင့်ကြောင်း ၀ိုင်းဝန်းနားချ ဖြောင်းဖျ တိုက်တွန်းခိုင်းမည်၊ မိမိ အစွမ်းကုန်ကြိုးစားမည် အောင်မြင်မည်ဟု မိမိ ယုံကြည်သည် ဟု ပြောဆို ဂတိပေးခဲ့သည်။


ဆောင်းပါးကို ဖတ်မိသွားကြပြီ
မစ္စတာ ဗရိုင်ဟောင်ဆင်၏ ကြိုးပမ်းမှုကြောင့် ဆရာကြီး ဒေါက်တာနိုင်ပန်းလှ၏ ဆောင်းပါးကို   ဖတ်ရှုရသော ပျူကြေးရုပ်လေးရုပ်ကို ၀ယ်ယူထားသူ၏ မိတ်ဆွေများက ၀ယ်ယူထားသူကို ရုပ်ထုများကို အမိနိုင်ငံသို့ ပြန်ပို့ပေးသင့် ကြောင်း စတင်တိုက်တွန်းကြသည်။

ဒေါ်လာငါးသိန်းပေးပြီး ၀ယ်ထားသည်
ပျူကြေးရုပ်လေးရုပ်ကို အမေရိကန်ဒေါ်လာငါးသိန်းပေးပြီး ၀ယ်ထားသူမှာ နယူးယောက်မြို့နေ အနုပညာ ပစ္စည်းများကို စုဆောင်းရောင်းဝယ်သူ သန်းကြွယ်သူဌေး မစ္စတာရောဘတ်အယ်လ်စ၀ပ် ( Robert Ellsworth ) ဆိုသူဖြစ်သည်။

ဝိုင်းဝန်းတိုက်တွန်းကြလေပြီ
ပျူကြေးရုပ်လေးရုပ်သည် မူရင်းအစစ်အမှန်ဖြစ်ကြောင်း စစ်ဆေးပေးသော  ဘော်စတွန်ပြတိုက်မှ အာရှတိုက် ဆိုင်ရာ ရှေးဟောင်းပစ္စည်းပါရဂူ ဒေါက်တာဂျန်ဖောင်တိန်( Jan Fontein ) နှင့် ထိုအချိန်က အမေရိကန်သမ္မတ ဖြစ်သောရောနယ်ရေဂင် Ronald Wilson Reagan ( သမ္မတသက်တမ်း 1981 -1989 ) ၏ သမ္မကတော် နန်စီရေဂင် တို့သည်  မစ္စတာရောဘတ်အယ်လ်စ၀ပ်၏ ရင်းနှီးသော မိတ်ဆွေဟောင်းများဖြစ်၍ မစ္စတာရောဘတ်အယ်လ်စ၀ပ်ကို  ကြေးရုပ်လေးရုပ်သည် မြန်မာနိုင်ငံအတွက် အစားမထိုးနိုင် တန်ဖိုး မဖြတ်နိုင်သော ရှေးဟောင်း သမိုင်းဝင် ပစ္စည်းများဖြစ်ကြောင်း ၊မြန်မာနိုင်ငံသို့ပြန်လည်ပေးပို့ခြင်းဖြင့် သက်ဆိုင် ရာနိုင်ငံက ကျေးဇူးတင်ဂုဏ်ပြုမည်ဖြစ်သလို ကမ္ဘာအရပ်ရပ်မှ စေတနာရှင်များက ချီမွမ်းပြီး အမေရိကန်အစိုးရ ကလည်း ကျေးဇူးတင်ဂုဏ်ပြု
မည်ဖြစ်ကြောင်း၊ မွန်မြတ်သော ထူးခြားသော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း ၀ိုင်းဝန်းတိုက်တွန်းကြလေသည်။



မွန်မြတ်သော စေတနာနှင့်
မိတ်ဆွေများ၏တိုက်တွန်းချက်နှင့် မွန်မြတ်သောစေတနာအရင်းခံတို့ကြောင့် မိမိပိုင်ကြေးရုပ်လေးရုပ်ကို မြန်မာနိုင်ငံသို့ မိမိစရိတ်နှင့် မိမိကိုယ်တိုင်ပြန်ပို့ပေးမည်ဟု မစ္စတာရောဘတ်အယ်လ်စ၀ပ်က နန်စီရေဂင်ကို ကတိပေးခဲ့သည်။ သို့နှင့် အမေရိကန်နှင့် မြန်မာနိုင်ငံ အစိုးရချင်းဆက်သွယ်ပြီး ပြန်လည်ပေးပို့ရန် စီစဉ်ခဲ့ကြသည်။

၁၆ နှစ်ကြာပျောက်ဆုံးနေရာမှ  
မစ္စတာရောဘတ်အယ်လ်စ၀ပ် သည် ( ၁၇.၁၁.၈၃ )နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိလာပြီး၊ (၁၈.၁၁.၈၃) နေ့ မွန်းလွဲ ၂ နာရီ တွင် ပြည်လမ်း ခြောက်မိုင်ခွဲရှိ ရှေးဟောင်းသုတေသနဦးစီးဌာန၌ တရားဝင် ပြန်လည် လွှဲပြောင်း ပေးအပ်ရာ ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဥဂ္ဂါက ကျေးဇူးတင်စကားပြောကြားပြီး လက်ခံယူခဲ့သည်။ အဆိုပါ ပျူခေတ်ကြေးရုပ်လေးရုပ်ကိုလွဲအပ်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးမှ ယာယီတာဝန်ခံ သံမှူးနှင့် ရှေးဟောင်းသုတေသန ဦးစီးဌာနမှ သုတေသမှူးများ တက်ရောက်ခဲ့ကြသည်။ ဤသို့ဖြင့်  ၁၆ နှစ်ကြာပျောက်ဆုံးနေသော ပျူကြေးရုပ် လေးရုပ် သည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပေသည်။
                                                                                                                                              
မစ္စတာရောဘတ်အယ်လ်စ၀ပ်က ကြေးရုပ်လေးရုပ်ကို ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဥဂ္ဂါအား လွဲပြောင်းပေးအပ်စဉ်။

သမိုင်းဝင်ဒေသသို့တစ်ခေါက် 
မစ္စတာရောဘတ်အယ်လ်စ၀ပ် (၁၉.၁၁.၈၃)နေ့တွင် ပျူကြေးရုပ်လေးများအား တူးဖော်တွေ့ရှိရာ သမိုင်းဝင် ဒေသ ဖြစ်သည့် ပြည်မြို့အနီး မှော်ဇာ သို့သွားရောက်လေ့လာခဲ့ပြီး၊ (၂၀.၁၁.၈၃ )နေ့တွင် ပုဂံမြို့ဟောင်း သို့ နေချင်း ပြန်သွားရောက်ကာ ရှေးဟောင်းစေတီပုထိုးများနှင့် ယဉ်ကျေးမှု အနုပညာ လက်ရာများကို လေ့လာ၍ ဓါတ်ပုံများ ရိုက် ကူးခဲ့သည်၊  (၂၁.၁၁.၈၃ )နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ သံရုံးအရာရှိများနှင့်အတူသွားရောက်ကာ ၀န်ကြီး ဦးအောင်ကျော်မြင့်အားတွေ့ဆုံခဲ့သည်၊ ၀န်ကြီးက မြန်မာနိုင်ငံအစိုးရကိုယ်စား သူ့အား ကျေးဇူးတင် လက်မှတ်ထိုး ထားသော “ကျေးဇူးတင်လွှာ” ကိုပေးအပ်ခဲ့သည်။ ထို့အပြင် အမှတ်တရဖြစ်ရန် ပါတီဥက္ကဌကြီး၏ လက်ဆောင် ဖြစ်သော ပျူကြေးရုပ်ပုံတူငါးရုပ်တို့ကို ၀န်ကြီးက မစ္စတာရောဘတ်အယ်လ်စ၀ပ်အား ပေးအပ်ခဲ့ပါသည်။
“ ကွဲလွဲချက်အချို့ ”
ခါးကုန်းနေသော အရုပ်ငယ်မှာ အမြင့်ပေ သုံးလက်မခန့်ရှိပြီး ကျန်အရုပ်လေးရုပ်မှာ လေးလက်မ ခန့်စီမြင့်သည်။ ( လုပ်သားသတင်းစာ ၁၉.၁၁.၈၃ နေ့ )

အနုပညာကြေးရုပ်လေးခုတို့မှာ အမြင့်လေးလက်မခွဲစီရှိပြီး လူပျက်ရုပ်မှာ သုံးလက်မသာရှိပါသည်။
နိုင်ပန်းလှ - ပါမေက္ခဒေါက်တာ။ ။ “သုတေသန စာပေများ” အားမာန်သစ်စာပေ၊ ၂၀၀၆ခုနှစ်၊ နိုဝင်ဘာလ၊ ဒုတိယအကြိမ်၊ ရန်ကုန်။

 ကချေသည် နှစ်ယောက်၊ ပြွေမှုတ်တစ်ယောက်၊ လက်ခုပ်တီးတစ်ယောက်နဲ့ လူပြက် ဂြီကွေတြအရှေ့မြောက် မြို့ပြင်ရှိ ဘုရားမာအနီးက ရတဲ့ ကုလားသဘင်သည်ငါးဦး ပျူလက်ရာလို့ပြောကြပေမယ့် ကုလားပြည်က သွင်းလာဟန်တူတယ်။
သန်းထွန်း -ဒေါက်တာ ။ ။ “မြန်မာသမိုင်းပုံ ”၊မုံရွေးစာအုပ်တိုက်၊ ၂၀၀၄ခုနှစ်၊ ဇူလိုင်လ၊
ပထမအကြိမ်၊ ရန်ကုန်။

ကျမ်းကိုးစာရင်း

မိုးမြင့်မောင်                    ။          ။ “ထူးဆန်းထွေလာပြည်မြန်မာ”  မြ၀တ်ရည်စာပေ၊ ရန်ကုန်။

သန်းထွန်း -ဒေါက်တာ       ။           ။ “မြန်မာသမိုင်းပုံ ”၊မုံရွေးစာအုပ်တိုက်၊ ၂၀၀၄ခုနှစ်၊ ဇူလိုင်လ၊                                                  
                                                  ပထမအကြိမ်၊ ရန်ကုန်။

ကျော်ဝင်း - မနုဿ           ။            ။ “အခြေခံရှေးဟောင်း သုတေသနပညာ” စာပေဗိမာန် ၁၉၇၇၊
                                                   ပထမအကြိမ်။

နိုင်ပန်းလှ -ပါမေက္ခဒေါက်တာ ။         ။ “သုတေသန စာပေများ”  အားမာန်သစ်စာပေ၊ ၂၀၀၆ခုနှစ်၊
                                                   နိုဝင်ဘာလ ၊  ဒုတိယအကြိမ်၊ ရန်ကုန်။

လုပ်သားသတင်းစာ            ။           ။ ၁၉.၁၁.၁၉၈၃ နေ့

ဌေးဝေ                            ။          ။  “ ပျူမြို့ပြယဉ်ကျေးမှုသမိုင်း ”   
        ထွန်းဖောင်ဒေးရှင်းဘဏ်စာပေကော်မတီ၊ ၂၀၀၉ ခုနှစ်၊သြဂုတ်လ၊      ပထမအကြိမ်၊ရန်ကုန်။ http://en.wikipedia.org/wiki/Ronald_Reagan                      

စုဘုရားလတ်၏ ခါးစည်းတော်

ထူးခြားလှသည့် အရည်အချင်း ရှိသောလက်ရာ ဖြစ်သည့် ပရနကန် ရတနာ ပစ္စည်းတစ်ခုမှာ ပုံတွင် ဖော်ပြထားသည့် ရွှေဖြင့် ပြုလုပ်ထားသော စိန်ခါးစည်း ဖြစ်သည်။ ထိုခါးစည်းတွင် ဒေါင်းရုပ်ကို စိန်လုံးများနှင့် ပုံဖော်ထားသည်။ ဤခါးစည်းကို ၂၀ ရာစုနှစ် အစောပိုင်းလောက်က ထူးခြားလှသည့် ၇၅ ကာရက်ရှိသော စိန်လုံးရေများဖြင့် ပြုလုပ်ထားသည်။ ဘာကယ်လ် (Buckle) နှင့် ဘေး...မှစိန်များသည် အဝါ ရောင်စိန်၊ အညိုရောင်စိန်နှင့် ပန်းရောင်သန်းသည့် လိမ္မော်ရောင် စိန်တို့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဒေါင်းရုပ် ကိုယ်ထည်မှ အလယ် စိန်လုံးမှာ ဥရောပ ၌ သွေးထားသော စိန်ဖြစ်ပုံ ရ၍ အလေးချိန် ၅ ကာရက်ရှိသည်။ ဤခါးစည်းမှ ဘာကယ်လ်(Buckle) ဒီဇိုင်းပုံမှာ ဖြုတ်လိုက်လျှင် စိန်ရင်ထိုး သဖွယ် သုံး၍ ရသည်။

ဤခါးစည်းသည် အိန္ဒိယတောင် ပိုင်းမှ ပန်းထိမ်ဆရာများ လက်ရာ ဖြစ်သည်ဟု ယုံကြည်ရသည် ဟူ၍ ဖော်ပြထားပေရာ အရှင် နှစ်ပါး မဒရပ်ရောက်မှ သို့မဟုတ် ရတနာဂီရိ ရောက်စနှစ်များမှ ဤစိန်ခါး စည်းတော်ကို လုပ်လေသည်လား (သို့မဟုတ်) အိန္ဒိယ တောင်ပိုင်း လက်ရာ စိန်ခါးစည်းတော်ကို အရှင်နှစ်ပါး ရတနာပုံ နန်းတွင် စံစဉ်ကပင် မန္တလေးမှ အသုံးတော်ခံ (ဘုရင်အား တိုင်းတစ်ပါးမှ ပစ္စည်း ဝင်ရောက် ဆက်သွင်းရသူ၊ များသောအားဖြင့် မြန်မာ-မွတ်စလင်များ) တို့က ဆက်သလေသည်လား ဆိုသည့် အချက်နှစ်ချက်တွင် တစ်ချက်ချက် ဖြစ်မှာ သေချာသလောက်ရှိ၏။ (မောင်သန်းဆွေ ထားဝယ်)
ယခုလက်ရှိ မည်သည့်နေရာတွေ ရောက်နေသည်ကို မသိရပါ။

ကိုးကား - မြန်မာ့နန်းစဉ် ရတနာများ

Sunday, July 15, 2012

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်များ


တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို ၁၉၄၉-ခုနှစ်၊ ဇန်နဝါရီလ ၄-ရက်နေ့မှ စတင်၍
ပေးအပ်ခဲ့သည်။ မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော သာသနာ့ အာဇာနည် တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များ ၁၃ ပါး ပေါ်ထွက်ခဲ့ပါတယ်။ သာသနာ့အာဇာနည် အရှင်မြတ်များမှာ....

(၁)(၁၉၅၃)မင်းကွန်း တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ (ဇာတိ - မန္တလေးတိုင်း၊
မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာ၊ မွေးရက် - ၁၂၇၃ခု၊ တန်ဆောင်မုန်းလဆန်း (၁၁)ရက် ဗုဒ္ဓဟူးနေ့ (၁၉၁၀-၁၉၉၃)

(၂)(၁၉၅၉)ပခုက္ကူ တိပိဋကဓရဆရာတော် ဘဒ္ဒန္တနေမိန္ဓ(၁၉၂၈-၁၉၉၁)

(၃)(၁၉၆၃)ပြည် တိပိဋကဓရဆရာတော် ဘဒ္ဒန္တကောသလ္လ၊ (၁၉၂၇-၁၉၉၅)

(၄)(၁၉၇၂) ရန်ကုန် တိပိဋကဓရဆရာတော် မဟာဂန္ဓာရုံဆရာတော်ကြီး  ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ၊ (၁၉၄၆-၂၀၀၆)

(၅)(၁၉၈၄) ယော တိပိဋကဓရဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊ (၁၉၄၃- သက်ရှိ )

(၆)(၁၉၉၄) ရေစကြို တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊ (ဇာတိ - မကွေးတိုင်း၊ ရေစကြိုမြို့၊
ရွှေကျောင်းရွာ၊ ၁၆-၃-၁၉၅၅ (ဗုဒ္ဓဟူး) (၁၉၅၅- သက်ရှိ )

(၇)(၁၉၉၉) မော်ကျွန်း တိပိဋကဓရဆရာတော် ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊
(ဇာတိ - ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ ပန်းတောစုရွာ၊ ၁၀-၁-၁၉၆၄ (သောကြာ)(၁၉၆၄- သက်ရှိ )

(၈)(၁၉၉၉) မြင်းမူ တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊ (ဇာတိ - စစ်ကိုင်းတိုင်း၊ မြင်းမူ၊ ခွက်ခွင်းရွာ။ ၃-၁၁-၁၉၆၅ (ဗုဒ္ဓဟူး)(၁၉၆၅- သက်ရှိ )

(၉)(၂၀၀၀) မြင်းခြံ တိပိဋကဓရဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ၊ (ဇာတိ - မန္တလေးတိုင်း၊
မြင်းခြံ၊ လေးအိမ်တန်းကျေးရွာ၊ ၄-၃-၁၉၆၈ (တနင်္လာ)(၁၉၆၈- သက်ရှိ )

(၁ဝ)(၂၀၀၃) မြိုင် စွန်းလွန်းဆရာတော် တိပိဋကဓရဆရာတော် ဘဒ္ဒန္တသုန္ဒရ၊(၁၉၅၅- သက်ရှိ )

(၁၁)(၂၀၀၃)ရမ္မာဝတီ တိပိဋကဓရဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊
(ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ မန်ကျည်းကျွန်းရွာ၊ ၁၇-၇-၁၉၆၀ (တနင်္ဂနွေ)(၁၉၆၀- သက်ရှိ )

(၁၂)(၂၀၀၉)စစ်ကိုင်း တိပိဋကဓရဆရာတော် အရှင်အဘိဇာတာဘိဝံသ(၁၉၆၈ - သက်ရှိ )

(၁၃) (၂၀၁၂)စစ်ကိုင်း တိပိဋကဓရ ဆ၇ာတော် အရှင် ဣန္နာစရိယ (ဇာတိ - စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ မြူးတူးရွာ။ ၂၇-၁၂-၁၉၆၄ (တနင်္ဂနွေ)(၁၉၆၄- သက်ရှိ )
တို့ ဖြစ်ပါတယ်။

 တိပိဋကဓရ ဆ၇ာတော် အရှင် ဣန္နာစရိယ
၆၄ ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွှေးချယ်ရေး စာမေးပွဲမှာ ပလ္ဌင်အမှတ် (၂၁၆) အရှင် ဣန္နာစရိယ၊ သက်တော် (၄၇)၊ သိက္ခာတော် (၂၇) ဝါ၊ တိပိဋကနိကာယကျောင်းတိုက်၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်း သည် အဘိဓမ္မပိဋက၊ အဘိဓမ္မာ ဒုတိယပိုင်း နှစ်ကျမ်း သဘောရေးဖြေအောင်မြင်ကာ တိပိဋကဓရ၊ တိပိဋကကောဝိဒ တစ်ပါးပေါ်ထွက်ကြောင်း သတင်းစာများမှာ ဖေါ်ပြ ပါရှိပါတယ်။

မြန်မာပြည်မှာ သာမက ကမ္ဘာပေါ်၌ပါ ရက်အရှည်ကြာဆုံးနှင့် အောင်မြင်ရန် အခက်ခဲဆုံးဖြစ်တယ်လို့ ဆိုတဲ့ တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးရဲ့ အကြောင်းကို အခွင့်ကြုံခိုက် ဗဟုသုတ ပွားများရန်အလို့ငှာ တင်ပြလိုပါတယ်။ မြန်မာနိုင်ငံမှာ ယခုနှစ်မှာ (၆၂)ကြိမ်မြောက်အထိ ကျင်းပလာခဲ့တဲ့ စာမေးပွဲများမှာ ၂ဝ၁ဝ ခုနှစ်အထိ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ အောင်မြင်တဲ့ ဆရာတော်များမှာ (၁၂)ပါးမျှသာ ရှိပါတယ်။ ဖြေဆိုရတဲ့ ပြဋ္ဌာန်းကျမ်းစာများနှင့် ရရှိသည့် ဘွဲ့များကို ဗဟုသုတ ပွားများနိုင်ရန်အလို့ငှာ တင်ပြပါမယ်။
                            ဘုရားဟော ဗုဒ္ဓဝစနပါဠိတော်သည် စာအုပ်ရေအားဖြင့် (၄ဝ)၊ ကျမ်းပေါင်း (၅၄)ကျမ်း၊ စာမျက်နှာအားဖြင့် (၁၆၇၅၅)မျက်နှာ ရှိ၍ အဋ္ဌကထာ (၅၁)အုပ်၊ ဋီကာ (၂၆)အုပ် ရှိရာ တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးနှင့် ကျမ်းအစုံ (၄ဝ)လုံးပြဋ္ဌာန်းထားသော်လည်း သင်ရိုးပိဋကတ်(၃)ပုံ ကိုသာ အများအားဖြင့်ပြန်ဆိုကြ၊ ဖြေဆိုကြပါတယ်။ ယင်းသင်ရိုးပိဋကတ်(၃)ပုံမှာ (၁) ပါဠိတော်(၅)ကျမ်း၊ အုပ်ရေ(၅)အုပ်၊ စာမျက်နှာ (၂၂၆ဝ)။ (၂) သုတ္တန္တာပိဋက ပါဠိတော်(၃)ကျမ်း၊ အုပ်ရေ(၃)အုပ်၊ စာမျက်နှာ(၇၇၉)။ (၃) အဘိဓမ္မာပိဋကပါဠိတော်ရှေ့ပိုင်း(၅)ကျမ်း၊ အုပ်ရေ(၄) အုပ်၊ စာမျက်နှာ(၁၃၉ဝ)၊ပါဠိတော်နောက်ပိုင်း(၂)ကျမ်း၊ အုပ်ရေ(၈)အုပ်၊ စာမျက်နှာ(၃၅၉၇)၊အားလုံးပေါင်းအုပ်ရေ(၂ဝ)၊စာမျက်နှာ (၈ဝ၂၆)ရှိပါဠိတော်ကြီးများကို အာဂုံပြန်ဆိုအောင်မြင်ပါက ‘တိပိဋကဓရ’ဘွဲ့ကိုရရှိ၍ ယင်းပါဠိတော်အသီးသီး၏အဖွင့်ဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ မူလဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏဂဏ္ဌိစသော ကျမ်းများလာ အဓိပ္ပာယ်များကို သဘောရေးဖြေအောင်မြင်ပါက ‘တိပိဋက ကောဝိဒ’ဘွဲ့ကို ရရှိပါတယ်။
ပိဋကတ်တစ်ခုပုံကို အာဂုံပြန်ဆိုအောင်မြင်က အရိုးနီကနက္ကဒဏ် ထီးဖြူတော်တစ်လက်၊ နှစ်ပုံအောင်မြင်ပါက အရိုးနီကနက္ကဒဏ် ထီးဖြူတော်နှစ်လက်၊ သုံးပုံလုံး ပြန်ဆိုအောင်မြင်ပါက အရိုးနီကနက္ကဒဏ် ထီးဖြူတော်သုံးလက်တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခြင်းခံရပါတယ်။ ပိဋကတ်တစ်ပုံကို သဘောရေးဖြေအောင်မြင်က အရိုးဝါကနက္ကဒဏ် ထီးဖြူတော် တစ်လက်၊နှစ်ပုံအောင်မြင်ပါက အရိုးဝါကနက္ကဒဏ်ထီးဖြူတော်နှစ်လက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်နှင့်အောင်လက်မှတ်၊ ကုန်းလမ်း၊ရေလမ်းအထက်တန်းအခမဲ့ခရီးသွားလက်မှတ်နှင့် လစဉ်ဆွမ်း ဆန်တော်အလှူအဖြစ် (နဝကမ္မဝတ္ထု)တို့ကို နိုင်ငံတော်အစိုးရက လှူဒါန်းပါတယ်။ သုံးပုံလုံးရေးဖြေအောင်မြင်ပါက အရိုးဝါကနက္ကဒဏ် ထီးဖြူတော်တံဆိပ်သုံးလက်ပါရှိသော သာသနာ့အောင်လံတော်နှင့် တိပိဋကဓရ တိပိဋကကောဝိဒ အောင်လက်မှတ်၊ကုန်းလမ်း၊ရေလမ်း၊ လေလမ်း သုံးဌာန အခမဲ့အထက်တန်း
ခရီးသွားလက်မှတ်နှင့်လစဉ် ဆွမ်းဆန်တော်တို့ကို နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းပါတယ်။
တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိပြီး အနည်းဆုံး(၅)နှစ်ရှိလျှင် နိုင်ငံတော်မှတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပါသည်။
       ပိဋကတ်သုံးပုံနှုတ်ငုံပြန်ဆိုပွဲမှာ စာပြန် ရက်(၁၈)ရက်ရှိ၍ (၃)ရက်ပြန်ဆို၊တစ်ရက်နားစနစ်ဖြင့် နားရက်(၆)ရက်ထည့်ပေါင်းက စာပြန်ရက်(၂၄)ရက်ရှိပါတယ်။ ယင်းနေ့စဉ်ပြန်ဆိုမှု မှတ်တမ်းများကို စုပေါင်းစစ်ဆေး၍ အောင်စာရင်းထုတ်ပြန်ခြင်းပြုရန် နှစ်ရက်အချိန်ယူရပါတယ်။ ထို့နောက် သဘောရေးဖြေစာမေးပွဲ(၅)ရက်နှင့် အဖြေလွှာစစ်ဆေး၊ အောင်စာရင်းထုတ်ခြင်း နှစ်ရက်ပေါင်းက စာမေးပွဲကျင်းပသည့်ရက် (၃၃)ရက်ကြာမြင့်သည့်အတွက် ကမ္ဘာပေါ်တွင် ရက်အကြာဆုံးစာမေးပွဲဟု ဆိုရတာ ဖြစ်ပါတယ်။
အထက်ပါပြဋ္ဌာန်းကျမ်းစာများကို အာဂုံဆောင်နိုင်ဖို့ သဘောရေးဖြေအောင်မြင်ဖို့ဆိုတာက အလွန်ကျိုးစားရကာ တော်ရုံတန်ရုံဇွဲလုံ့လဖြင့်တော့ လုံးဝ မလွယ်ကူနိုင်ပါ။ ကံ၊ ဥာဏ်၊ ဆန္ဒ ဝီရိယနဲ့  ကျန်းမာရေးကောင်းသော သာသနာ့အာဇာနည်များသာ ပြန်ဆိုဖြေဆိုနိုင်တယ်လို့ သိရပါတယ်။
မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များမှာ
(၁)မင်းကွန်းတိပိဋကဓရဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊
(၂)ပခုက္ကူတိပိဋကဓရဆရာတော်ဘဒ္ဒန္တနေမိန္ဒ၊
(၃)ပြည်တိပိဋက ဓရဆရာတော်ဘဒ္ဒန္တကောသလ္လ၊
(၄)ရန်ကုန်တိပိဋကဓရဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ၊
(၅)ယောတိပိဋကဓရဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊
(၆)ရေစကြိုတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊
(၇)မော်ကွန်းတိပိဋကဓရဆရာတော်ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊
(၈) မြင်းမူတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊
(၉) မြင်းခြံတိပိဋကဓရဆရာတော် ဘဒ္ဒန္တမာလာလင်္ကာရ၊
(၁ဝ) မြိုင်တိပိဋကဓရဆရာတော်ဘဒ္ဒန္တသုန္ဒရ၊
(၁၁)ရမ္မာဝတီတိပိဋကဓရဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊
(၁၂)စစ်ကိုင်းတိပိဋကဓရဆရာတော် အရှင်အဘိဇာတာဘိဝံသတို့သာ (၆၂) ကြိမ်မြောက် စာမေးပွဲအထိတွင် (၁၂)ပါးသာ ရရှိတော်မူခဲ့ခြင်းဖြစ်ပြီး ယခုထပ်မံပေါ်ထွက်လာသော ဆရာတော်  အရှင် ဣန္နာစရိယ အပါအဝင် မြန်မာနိုင်ငံတော်တွင် ၁၃ ပါးသာ ပေါ်ထွန်းတော်မူသေးတယ်လို့ သိရပါတယ်။
ထိုသို့ ခက်ခဲတော်မူလှသော တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တော်ရ ဆရာတော်များ နှင့် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးရဲ့ အကြောင်းကို အခွင့်ကြုံခိုက် ရွာထဲမှာ ဗဟုသုတ ပွားစေခြင်းဌာ စိန်သော့မှ တိပိဋကနိကာယ မှတ်တမ်းများ၊ စာအုပ်ဂျာနယ်များမှ ဖတ်မှတ် ရယူထားသည့် တိပိဋကစာမေးပွဲအကြောင်း မှတ်စုများမှ မှီငြမ်းပူဇော်ရေးသား လိုက်ရပါတယ်။
(ရေးသားမှုထဲတွင် ချို့ယွင်းချက် တစ်စုံတရာ ပါရှိသွားပါက ကျွန်တော့်ရဲ့ အားနဲချက်သာ ဖြစ်ပါကြောင်း)
                                                                                                        စိန်သော့
-------------------

မြန်မာနိုင်ငံသာသန အာဇာနည်များ

 အာဇာနည်ဆိုသည်မှာ

" အာဘုသော ကာရဏာ ကာရဏံ

ဇာနာတီတိ အာဇာနီယော "

အာဘုသော - ရည်ရွယ်ချက်ပြင်းပြင်းထန်ထန် ကာရဏံ - သုခလောကဓံ၊ ဒုက္ခလောကဓံ၊ ကျိုးကြောင်းမှန်ကို ဇာနာတိ- ဆင်ခြင်သိမှန်သည်းခံနိုင်၏။ ဣတိတသ္မာ - ထိုအကြောင်းကြောင့်၊ အာဇာနည်ယော - အာဇာနည်မည်၏။


အာဇာနည်ဆိုသည်မှာ သုခဒဏ်၊ ဒုက္ခဒဏ် လောကဓံနှစ်မျိုးကို ကြံ့ကြံ့ခံနိုင်မှအာဇာနည်ဟူ၍ ခေါ်ဆိုရပါသည်။


ရဟန်းရှင်လူ သူရောငါပါ လူမှန်သမျှ ယေဘုယျသဘောအားဖြင့် ဆင်းရဲဒုက္ခဆိုသော လောကဓံအမျိုးမျိုးကို ကြံ့ကြံ့ခံနိုင် ကြပေမည့် ကြီးပွားချမ်းသာလာသောအခါ သုခဆိုသော လောကဓံကို ခံနိုင်ဖို့ရာ မလွယ်ကူလှပါ။ ရာထူးစည်းစိမ် ဂုဏ်ရှိန် အာဏာထင်ပေါ်မှုစသော အရှိန်အ၀ါများပေါ်တွင် ယစ်မူးသာယာပြီး မိမိ၏ဘ၀ကို မေ့သွားတတ်ပါသည်။ ဤ ကဲ့သို့ဘ၀ကို ရွှေ့သွားလျှင်လည်း အာဇာနည်ဟူ၍ မဆိုနိုင်တော့ပါ။ ထို့ကြောင့် အာဇာနည်ဘွဲ့ချီးမြှင့်ခဲ့ရသော အရှင် ကောင်း အရှင်မြတ်ပုဂ္ဂိုလ်ကောင်း ပုဂ္ဂိုလ်မြတ်တို့သည် အာဇာနည်ဘွဲ့နှင့် ထိုက်တန်အောင် သုခဒဏ်၊ ဒုက္ခဒဏ် ဟူသော လောကဓံများကို ကြံ့ကြံ့ခံ ကြိုးစားအားထုတ်ကြရသည်။


မြန်မာနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီး နေလိုလလိုထွန်းလင်းထိန်ဖြာနေစေရန် တိပိဋကဓရ သာသန အာဇာနည်ရွေးချယ်ပွဲကြီးကို နှစ်စဉ်ကျင်းပပေးခဲ့ရာ ယခုဆိုလျှင် (၆၂) ကြိမ်မြောက်တိုင်ခဲ့ပြီဖြစ်ပါသည်။ ပထမဆုံး အကြိမ် တိပိဋကဓရ ရွေးချယ်ပွဲကြီးကို ၁၃၁၀-ခုနှစ်၊ တပို့တွဲလဆန်း (၆)ရက်နေ့တွင် ရန်ကုန်မြို့ မဟာစည်သာသန ရိပ်သာ စံကျောင်းတော်ကြီး၌ ကျင်းပခဲ့သည်။ နောင်နှစ်များတွင် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော် ကြီးတွင်လည်းကျင်းပခဲ့သည်။


ဤသို့ဖြင့် တိပိဋကဓရ ရွေးချယ်ပွဲကြီးကို အကြိမ်ကြိမ်ကျင်းပလာခဲ့ရာ-


(၁) ၁၃၁၅-ခု၊ (၆)ကြိမ်မြောက်တွင် မင်းကွန်းဆရာတော် ဥူးဝိစိတ္တသာရဘိဝံသ


(၂) ၁၃၂၁-ခု၊ (၁၂) ကြိမ်မြောက်တွင် ပခုက္ကူဆရာတော် ဥူးနေမိန္ဒ


(၃) ၁၃၂၅-ခု၊ (၁၆)ကြိမ်မြောက်တွင် ပြည်ဆရာတော် ဥူးကောသလ္လ


(၄) ၁၃၃၅-ခု၊ (၂၆) ကြိမ်မြောက်တွင် ဆရာတော် ဥူးသုမင်္ဂလာလင်္ကာရ၊ စသည်ဖြင့် ၁၃၃၅-ခုနှစ်အထိ တိပိဋကဓရဆရာတော် (၄)ပါး ပေါ်ထွက်ခဲ့ပါသည်။

ယင်းသာသန အာဇာနည်ဆရာတော်ကြီး (၄)ပါး ပေါ်ထွက်ပြီးနောက် သာစည်မြို့၌ ၁၃၄၃-ခု၊ ၀ါဆိုလဆန်း (၈)ရက်နှင့် (၉)ရက်နေ့များတွင် မြို့နယ်လုံးဆိုင်ရာ တိပိဋကဓရ ချီးကျူးပူဇော်ပွဲကြီးကို ကျင်းပခဲ့ပါသည်။

ယင်းဆရာတော်များအနက်

- ဆရာတော် ဥူးနေမိန္ဒသည် ၁၃၅၃-ခု၊ နယုန်လပြည့် (၂၇-၅-၁၉၉၁) တနင်္လာနေ့ မွန်းတည့် (၁၂)နာရီ (၁၃)မိနစ်တွင် ရန်ကုန်မြို့ အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ လည်းကောင်း၊

-ဆရာတော် ဥူးဝိစိတ္တသာရဘိဝံသသည် ၁၃၅၃-ခု၊ တပို့တွဲလဆုတ် (၃)ရက်၊ (၉-၂-၁၉၉၃) နေ့တွင် စစ်ကိုင်းတောင်ရိုး၊မင်းကွန်းဓမ္မနာဒ တိုက်ကျောင်းတွင်လည်းကောင်း


-ဆရာတော် ဥူးကောသလ္လသည် ၁၃၅၇-ခု၊ တန်ဆောင်ဆုန်း လဆုတ် (၁၀)ရက် (၁၆-၁၁-၁၉၉၅) ကြာသပတေးနေ့၊ နံနက် (၁)နာရီ(၄၅)မိနစ်တွင် ရန်ကုန်မြို့၊ ရန်ကင်း ပဉ္စနိကာယသာသနဗိမာန်ကျောင်းတိုက်၌ လည်းကောင်း၊ အသီးသီး ပျံလွန်တော်မူခဲ့ကြသဖြင့် ဆရာတော် ဥူးသုမင်္ဂလာ လင်္ကာရ တစ်ပါသားလျှင် ကျန်ရှိပါသည်။


နောင်နှစ်များတွင်လည်း တိပိဋကဓရ သာသန အာဇာနည်ရွေးချယ်ပွဲကြီးကို ဆက်လက်ကျင်းပခဲ့ရာ -


(၅) ၁၃၄၆-ခုနှစ်၊ (၃၇)ကြိမ်မြောက်တွင် ယောဆရာတော် ဥူးသိရိန္ဒာဘိဝံသ


(၆) ၁၃၅၆-ခုနှစ်၊(၄၇)ကြိမ်မြောက်တွင် ဆရာတော် ဥူးဝါယမိန္ဒ


(၇) ၁၃၅၉-ခုနှစ်၊ (၅၀)ကြိမ်မြောက် (ရွှေရတု)တွင် ဆရာတော် ဥူးသီလက္ခန္ဓာဘိဝံသ


(၈) ၁၃၅၉-ခုနှစ်၊ (၅၀)ကြိမ်မြောက် (ရွှေရတု)တွင် ဆရာတော် ဥူးဝံသပါလင်္ကာရ


(၉) ၁၃၆၂-ခုနှစ်၊ (၉) ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဥူးဂန္ဓမာလာလင်္ကာရ


(၁၀) ၁၃၆၅-ခုနှစ်၊ (၁၀) ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တသုန္ဒရ


(၁၁) ၁၃၆၅-ခု ၊ (၁၁)ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် အရှင် ဣန္ဒပါလ


(၁၂) ၁၃၇၂ -ခု၊ (၁၂)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသ စသည်ဖြင့် ယခုတိုင်အောင် တိပိဋကဓရ သာသန အာဇာနည်ဆရာတော် (၁၂)ပါး ပေါ်ထွက်လာခဲ့ပြီဖြစ်ပါသည်။

----------------------------------

ကမ္ဘာပေါ်၌ရက်အရှည်ကြာဆုံးနှင့်အောင်မြင်ရန် အခက်ခဲဆုံးစာမေးပွဲကြီး

၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ်တွင် စာရေးသူ ဇေယျမြတ်ခိုင် ရေးသားထားသော မြန်မာပြည်တွင်သာမက ကမ္ဘာပေါ်၌ပါ ရက်အရှည်ကြာဆုံးနှင့် အောင်မြင်ရန်အခက်ခဲဆုံးဖြစ်သည့် တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကြီး၏ ပြဋ္ဌာန်းကျမ်းစာများနှင့် ရရှိသည့်ဘွဲ့များအကြောင်းကို စာဖတ်သူ ဓမ္မမိတ်ဆွေသူတော်ကောင်းများ သိရှိစေရန်အလို့ငှာ ကျွန်တော် ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။
ဆောင်းပါးမူရင်းမှာ-
မြန်မာနိုင်ငံတွင် (၆၂)ကြိမ်မြောက် ကျင်းပခဲ့သည့် စာမေးပွဲတွင် ယနေ့(၂ဝ၁ဝ)အထိ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ အောင်မြင်သည့် ဆရာတော်များမှာ (၁၂)ပါးမျှသာ ရှိသေးသည့်အတွက်ကြောင့်လည်း ဖြစ်သည်။ ဘုရားဟော ဗုဒ္ဓဝစနပါဠိတော်သည် စာအုပ်ရေအားဖြင့် (၄ဝ)၊ ကျမ်းပေါင်း(၅၄)ကျမ်း၊ စာမျက်နှာအားဖြင့် (၁၆၇၅၅)မျက်နှာရှိ၍ အဋ္ဌကထာ(၅၁)အုပ်၊ ဋီကာ(၂၆)အုပ် ရှိရာ တိပိဋကဓရရွေးချယ်ရေးစာမေးပွဲကြီးနှင့်ကျမ်းအစုံ(၄ဝ)လုံးပြ ဋ္ဌာန်းထားသော်လည်း သင်ရိုးပိဋကတ် (၃)ပုံကိုသာ အများအားဖြင့်ပြန်ဆိုကြ၊ ဖြေဆိုကြပါသည်။
သင်ရိုးပိဋကတ်(၃)ပုံမှာ-
(၁) ပါဠိတော်(၅)ကျမ်း၊ အုပ်ရေ(၅)အုပ်၊ စာမျက်နှာ (၂၂၆ဝ)။
(၂) သုတ္တန္တာပိဋက ပါဠိတော်(၃)ကျမ်း၊ အုပ်ရေ(၃)အုပ်၊ စာမျက်နှာ(၇၇၉)။
(၃)အဘိဓမ္မာပိဋကပါဠိတော် ရှေ့ပိုင်း(၅)ကျမ်း၊ အုပ်ရေ(၄)အုပ်၊ စာမျက်နှာ(၁၃၉ဝ)၊ ပါဠိတော်နောက်ပိုင်း(၂)ကျမ်း၊ အုပ်ရေ(၈)အုပ်၊ စာမျက်နှာ(၃၅၉၇)
အားလုံးပေါင်းအုပ်ရေ(၂ဝ)၊ စာမျက်နှာ(၈ဝ၂၆)ရှိ ပါဠိတော်ကြီးများကို အာဂုံပြန်ဆိုအောင်မြင်ပါက ‘တိပိဋကဓရ’ ဘွဲ့ကို ရရှိ၍ ၎င်းပါဠိတော်အသီးသီး၏ အဖွင့်ဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ မူလဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏဂဏ္ဌိစသော ကျမ်းများလာ အဓိပ္ပာယ်များကို သဘော ရေးဖြေအောင်မြင်ပါက ‘တိပိဋက ကောဝိဒ’ ဘွဲ့ကို ရရှိပါသည်။
ထိုတွင် (၁) ဝိနယပိဋက၌
(၁) ပါရာဇိကဏ်ပါဠိတော် စာမျက်နှာ(၃၈၁)၊ (၂)ပါစိတ္တိယပါဠိတော်စာမျက်နှာ(၄၇ဝ)။
အားလုံးပေါင်း (၈၅၁)မျက်နှာကို ပြန်ဆို အောင်မြင်ပါက ‘ဥဘတောဝိဘင်္ဂဓရ’ ဘွဲ့ရရှိပါသည်။
ဆက်လက်၍ (၃)မဟာဝဂ္ဂပါဠိတော် စာမျက်နှာ(၅၁၁)၊ (၄)စူဠဝဂ္ဂါ ပါဠိတော်စာမျက်နှာ(၅ဝ၈)၊ (၅)ပရိဝါပါဠိတော် စာမျက်နှာ(၃၉ဝ)။ အားလုံးပေါင်း (၁၄ဝ၉)မျက်နှာကို ဖြေဆိုအောင်မြင်ပါက ‘ဝိနယဓရ’ဘွဲ့ကိုရရှိပါသည်။ ယင်းပါဠိတော်များ၏ အဖွင့်ဖြစ်သော (၁)ပါရာဇိကဏ်အဋ္ဌကထာ၊ (၂)ပါစိတျာဒိ အဋ္ဌကထာ၊ (၃)စူဠဝဂ္ဂဒိအဋ္ဌကထာ၊ အားလုံးပေါင်း စာမျက်နှာ(၁၃၆ဝ)။ သာရတ္တဋီကာ၊ ဝိမတိဋီကာ၊ ဝဇိရဗုဒ္ဓိဋီကာ၊ အားလုံးပေါင်းဋီကာစာမျက်နှာ (၂၇၁၁)၊ ယောဇနာစာမျက်နှာ (၆၅၅)လာ သဘောအဓိပ္ပာယ်များနှင့် နိဿယဘာသာဋီကာ ကျမ်းများလာ အဓိပ္ပာယ်များ၏ထက်ဝက်ခန့်ကို ဖြေဆိုအောင်မြင်ပါက ဝိနည်းရှေ့ပိုင်းရေးဖြေ အောင်မြင်သဖြင့် ‘ဥဘတောဝိဘင်္ဂကောဝိဒ’ ဘွဲရရှိပါသည်။
အလုံးစုံအောင်မြင်ပါက ဝိနည်းနောက်ပိုင်းပါ ရေးဖြေအောင်မြင်သဖြင့် ‘ဝိနယကောဝိဒ’ဘွဲ့ကိုရရှိပါသည်။
(၂) သုတ္တန္တပိဋကတ်၌ ဒီဃနိကာယ်(၃)ကျမ်း၊ (၃)အုပ်၊ စာမျက်နှာ(၇၇၉)၊ အာဂုံပြန်ဆို အောင်မြင်ပါက ပိဋကတစ်ပုံအောင် ‘ဒီဃဘာဏက’ဘွဲ့ကို ရရှိပါသည်။ ယင်းပါဠိတော်၏ အဖွင့် အဋ္ဌကထာ(၃)အုပ်၊ စာမျက်နှာ(၉၉၂)မျက်နှာ။ ဋီကာ(၅)အုပ်၊ စာမျက်နှာ(၁၉၉၂) မျက်နှာလာ အဓိပ္ပာယ်များကို ဖြေဆိုအောင်မြင်ပါက ပိဋကတစ်ပုံရေးဖြေအောင် ‘ဒီဃနိကာယကောဝိဒ’ဘွဲ့ကို ရရှိပါသည်။
(၃) အဘိဓမ္မာပိဋက၌ အဘိဓမ္မာရှေ့ပိုင်း(၅)ကျမ်း၊ ပါဠိတော်အုပ်ရေ(၅)အုပ်၊ စာမျက်နှာ(၁၃၉ဝ) ကိုပြန်ဆိုအောင်မြင်ပါက ‘မူလအာဘိဓမ္မိက’ဘွဲ့ကိုရရှိပါသည်။ အဘိဓမ္မာ နောက်ပိုင်း(၂)ကျမ်း၊ ပါဠိတော်အုပ်ရေ(၈)အုပ်၊ စာမျက်နှာ(၃၅၉၇)ကို ပြန်ဆိုအောင်မြင်ပါက ‘အာဘိဓမ္မိက’ဘွဲ့ကို ရရှိပါသည်။ ယင်းပါဠိတော်တို့၏အဖွင့်ဖြစ်သော အဋ္ဌကထာ(၃)အုပ်၊ စာမျက်နှာ(၁၄၆၁)မျက်နှာ၊ မူလဋီကာအဋီကာ (၆)အုပ်၊ စာမျက်နှာ(၁၅၅၈)မျက်နှာလာ အဓိပ္ပာယ်များနှင့် ဂဏ္ဍိမရဘာသာ ဋီကာကျမ်းများလာ အဓိပ္ပာယ်များ၏ ထက်ဝက်ခန့်ကို ဖြေဆိုအောင်မြင်ပါက ‘အဘိဓမ္မ ကောဝိဒ’ဘွဲ့ကို ရရှိပါသည်။
တိပိဋကစာမေးပွဲကြီး၌ အာဂုံပြန်ဆိုပွဲနှင့် သဘောရေးဖြေစာမေးပွဲ ဟူ၍ နှစ်ပိုင်းရှိရာ
(၁) အာဂုံပြန်ဆိုရာတွင် နံနက်ပိုင်း(၄)ကြိမ်၊ နေ့လယ်ပိုင်း(၅)ကြိမ်၊ ပေါင်းတစ်နေ့(၉)ကြိမ် ပြန်ဆိုရသည်။ တစ်ကြိမ်ကို (၂၅)မိနစ် တိတိပြန်ဆိုရ၍ (၁ဝ)မိနစ်နားပြီးက ဆက်ပြန်ရသည်။ နံနက်(၈)နာရီမှ(၁ဝ)နာရီအထိ လည်းကောင်း၊ နေ့လယ် (၁)နာရီမှ ညနေ(၄)နာရီအထိ လည်းကောင်း
ပြန်ဆိုရသည်။ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် စာမျက်နှာ(၁ဝဝ)မှ(၁၅ဝ) ခန့်ပြန်ဆိုရသည်။ တစ်ရက်လုံး(၅)
ကြိမ်သာ ထောက်ရသည်။ (၅)ကြိမ်ထက်ပိုထောက်ရပါက ကျရှုံးပါသည်။ ကျမ်းတိုင်းတွင် အထောက်အမ လွတ်ကင်းသန့်ရှင်းစွာ ပြန်ဆိုနိုင်ပါက ‘ဝိသိဋ္ဌ’ ဟူသော ဂုဏ်ထူးတပ်၍ ဘွဲ့တံဆိပ်လှူဒါန်းသည်။
(၂) သဘောရေးဖြေ၌ (၁ဝဝ)မှတ်တန်(၁၂)ပုဒ်မေး၍ နှစ်သက်ရာ (၁ဝ)ပုဒ်ဖြေဆိုရသည်။ ဖြေဆိုချိန်မှာနေ့လယ် (၁၂)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိဖြစ်သည်။ ကျမ်းတိုင်းတွင် (၇၅)မှတ်ရက သာမန်ရိုးရိုးအောင်၍ (၈၅)မှတ် အထက်ကိုရလျှင်ဖြစ်စေ၊ နေ့စဉ်အနည်းဆုံး (၈ဝ)မှတ်ရ၍ ပျမ်းမျှရာခိုင်နှုန်း(၉ဝ)ရလျှင်ဖြစ်စေ ‘မဟာ’ ဟူသောဂုဏ်ထူးဘွဲ့ကိုပေးအပ်ပါသည်။ ပိဋကတ်တစ်ခုပုံကို အာဂုံပြန်ဆိုအောင်မြင်က အရိုးနီကနက္ကဒဏ် ထီးဖြူတော်တစ်လက်၊ နှစ်ပုံအောင်မြင်ပါက အရိုးနီကနက္ကဒဏ် ထီးဖြူတော်နှစ်လက်၊ သုံးပုံလုံးပြန်ဆိုအောင်မြင်ပါက အရိုးနီကနက္ကဒဏ်ထီးဖြူတော် သုံးလက်တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခြင်းခံရသည်။
ပိဋကတ်တစ်ပုံကို သဘောရေးဖြေအောင်မြင်က အရိုးဝါကနက္ကဒဏ် ထီးဖြူတော်တစ်လက်၊ နှစ်ပုံအောင်မြင်ပါက အရိုးဝါကနက္ကဒဏ် ထီးဖြူတော်နှစ်လက် တံဆိပ်ပါရှိသောသာသနာ့ အောင်လံတော်နှင့်အောင်လက်မှတ်၊ ကုန်းလမ်း၊ ရေလမ်း အထက်တန်း အခမဲ့ခရီးသွားလက်မှတ်နှင့် လစဉ်ဆွမ်းဆန်တော်အလှူအဖြစ် (နဝကမ္မဝတ္ထု)တို့ကို နိုင်ငံတော်အစိုးရက လှူဒါန်းပါသည်။ သုံးပုံလုံးရေးဖြေအောင်မြင်ပါက အရိုးဝါကနက္ကဒဏ် ထီးဖြူတော်တံဆိပ်သုံးလက်ပါရှိသော သာသနာ့အောင်လံတော်နှင့် တိပိဋကဓရ တိပိဋကကောဝိဒ အောင်လက်မှတ်၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း သုံးဌာနအခမဲ့ အထက်တန်း ခရီးသွားလက်
မှတ်နှင့်လစဉ် ဆွမ်းဆန်တော်တို့ကို နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းပါသည်။
တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိပြီး အနည်းဆုံး(၅)နှစ်ရှိလျှင် နိုင်ငံတော်မှ တိပိဋတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပါသည်။ ပိဋကတ်သုံးပုံနှုတ်ငုံပြန်ဆိုပွဲမှာ စာပြန်ရက် (၁၈)ရက်ရှိ၍ (၃)ရက်ပြန်ဆို၊တစ်ရက်နားစနစ်ဖြင့် နားရက် (၆)ရက်ထည့်ပေါင်းက စာပြန်ရက်(၂၄)ရက်ရှိသည်။ ယင်းနေ့စဉ်ပြန်ဆိုမှု မှတ်တမ်းများကို စုပေါင်းစစ်ဆေး၍ အောင်စာရင်း ထုတ်ပြန်ခြင်း ပြုရန်နှစ်ရက်အချိန်ယူရသည်။ ထို့နောက် သဘောရေးဖြေစာမေးပွဲ (၅)ရက်နှင့် အဖြေလွှာစစ်ဆေး၊ အောင်စာရင်း
ထုတ်ခြင်း နှစ်ရက်ပေါင်းက စာမေးပွဲကျင်းပသည့်ရက် (၃၃)ရက်ကြာမြင့်သည့်အတွက် ကမ္ဘာပေါ်တွင် ရက်အကြာဆုံး စာမေးပွဲဟု ဆိုရမည်ဖြစ်သည်။
အထက်ပါ ပြဋ္ဌာန်းကျမ်းစာများကို အာဂုံဆောင်နိုင်ရန် သဘောရေးဖြေအောင်မြင်ရန်မှာ တော်ရုံတန်ရုံဇွဲလုံ့လဖြင့် မရနိုင်ပေ။ ကံကလည်းတက်၊ ဥာဏ်ကလည်းထက်၊ ဆန္ဒနှင့်ဝီရိယကလည်း သွက်၊ ကျန်းမာရေးနှင့် သမာဓိကလည်း မပျက်သော သာသနာ့အာဇာနည်များသာ ပြန်ဆိုဖြေဆိုနိုင်ပေသည်။ မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များမှာ
(၁)မင်းကွန်း တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊
(၂)ပခုက္ကူ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊
(၃)ပြည် တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တကောသလ္လ၊
(၄)ရန်ကုန် တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ၊
(၅)ယော တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊
(၆)ရေစကြို တိပိဋကဓရ ဆရာတော်ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊
(၇)မော်ကွန်း တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊
(၈) မြင်းမူ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊
(၉) မြင်းခြံ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တမာလာလင်္ကာရ၊
(၁ဝ) မြိုင် တိပိဋကဓရ ဆရာတော်ဘဒ္ဒန္တသုန္ဒရ၊
(၁၁)ရမ္မာဝတီ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊
(၁၂)စစ်ကိုင်း တိပိဋကဓရ ဆရာတော် အရှင်အဘိဇာတာဘိဝံသတို့သာ (၆၂) ကြိမ်မြောက် စာမေးပွဲအထိတွင် (၁၂)ပါးသာ ရရှိတော်မူခဲ့ခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
ဇေယျာမြတ်ခိုင်
(တိပိဋကယောဆရာတော်နှင့် တိပိဋကစာမေးပွဲအကြောင်းစာအုပ်အား မှီငြမ်းပူဇော်ရေးသားသည်။)

************************************************************************
တိပိဋကရွေးချယ်ရေးစာမေးပွဲကြီး၏ ခက်ခဲပြီး အံ့မခန်းစရာအဆင့်ဆင့်ဖြေဆိုရတာကို ဖတ်လိုက်ရခြင်းဖြင့် ကျွန်တော်တို့ ဖြေဆိုနေရတဲ့စာမေးပွဲတွေရဲ့ ခက်ခဲမှုတွေဆိုတာ ဘယ်လိုမှ ပြောပလောက်စရာမရှိဘူးဆိုတာ သိရှိလိုက်ရပါတယ်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်များဟာ ခက်ခဲနက်နဲပြီး တကယ့်ကိုစစ်မှန်တဲ့အတွက် ဘယ်အရာမှတုနှိုင်းလို့ မရဘူးပါဗျာ။
မနှိုင်းလည်းမနှိုင်းယှဉ်ထိုက်ပါဘူး။ အဲဒီလို အခက်ခဲဆုံးစာမေးပွဲကြီးတွင် ပထမဆုံးအကြိမ်ဖြေဆို အောင်မြင်ခဲ့သော မင်းကွန်း တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ သည် ကမ္ဘာပေါ်တွင်စံချိန်များကို မှတ်တမ်းတင်ရေးသားသော ဂရင်းနစ်မှတ်တမ်းတွင် ဥာဏ်ရည်အကောင်းဆုံးအဖြစ် ဂရင်းနစ်မှတ်တမ်းဝင်ခဲ့ပါသည်။

ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အသိပညာများတိုးပွားပါစေ။


ပဉ္စနိကာယသာသန ဗိမ္မာန်ကျောင်းတိုက် (၂၅)နှစ်ပြည့် ငွေရတုပူဇာ အထိမ်းအမှတ်စာစောင်မှ ကူးယူဖော်ပြပါသည်။

Friday, July 13, 2012

CEO




၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင်
မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ နှင့်
စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။သူကျဆုံးသွားခဲ့ရသော
ဤဇူလိုင်လတွင် သူ့အားပြန်ပြောင်း သတိရမိသည့်အားလျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။

ရဲဘော်တို့----
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူ ကြရတော့မယ်။


ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။


ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော် အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများ
ရတာနဲ့ တပြိုင်နက်ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။
ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကို ထမ်းကြတဲ့အခါ
ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။


ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခုဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံဖြစ်တယ်
။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို
ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်း ဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။


ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထား တာမဟုတ်။ တစ်နိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။


တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ် စောင့်ရှောင့်ဖို့ နိုင်ငံနှင့် အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးကတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ် ။အဲဒီလိုစောင့်တဲ့ သစ္စာ ဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့် ခန့်အပ်ထားတဲ့ အကြီးအမှုး အားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာ စောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတစ်ခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှုးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကို သစ္စာမဲ့ပြီး လုပ်ရင် ဘယ့်နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှုးတစ်ယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တစ်ယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတစ်ယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။


တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။


ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ် လုပ်တယ်။ ရှေးကလည်း အနစ်နာ ခံဘူးတယ် ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေးလို့ မတိုးတတ်သေးရင် နောက် တစ်နေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစ၇ာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန်လာလို့ စစ်ကျောင်းက ဆင်းလို့ ရှေးက အနစ်နာ ခံဘူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူ မှတတ်မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တစ်ဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူး အဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။


တန်ခိုးပြဘို့မဟုတ်
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာဘဲ။ ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေ တွေဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှင်းခြင် တဲ့စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးဘဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တစ်နိုင်ငံ လုံးမှာ ရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ်ဆိုတဲ့လူ အားလုံးဘဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။


မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့် အမျိုးအကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရ မှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ်သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင် ကိုကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာဘဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တစ်ထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုးတွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာဘဲ ရှမ်းဘဲ ကရင်ဘဲ ချင်းဘဲ စသဖြင့် ခွဲစရာ မလိုဘူး။

ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင်တာဘဲ။


ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာဘဲ။


လူကြီးဆိုတာ ဘာလဲ
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာ ကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အလုပ်တွေက သက်သေပြနေတယ်။ ဘေးက လူတွေ ပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့--- ဘာကြီးရဲ့--- နဲ့လာမျှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျှူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ်ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။


ဘယ်တော့မှ သစ္စာမဖောက်
နောက်ပြီး မှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေ ဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာရာဇဝင်သမိုင်းတွေက
ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်း လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျ တာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက် ကို ကိုယ်ပြင်ကြရမယ်။


သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတစ်ခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ဘဲ။


စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ 
နောက်ဆုံးတစ်ခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြား စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာဘဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခုနားလည်စေချင် တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့သိစေချင်ပါတယ်။

ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံး မှာကြားခြင်းဘဲ။ ။
 

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၉) by Ernesto Kee Ling on Sunda
( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည် )