ဆင်ဖြူတော်ဆိုသည်မှာ ဆင်အရောင်သည် အဖြူရောင်ရှိသော ဆင်မျိုးကို ခေါ်သည်။ ဆင်ဖြူသည် ရှားပါး တိရစ္ဆာန် ဖြစ်၍ ဆင်ဖြူကို တစ်ကောင်ဟု မသုံးပဲ ရတနာကဲ့သို့ တန်ဘိုးထားရှိသောကြောင့် တော်ဟု တပ်ကာ ဆင်ဖြူတော်ဟု သုံးနှုန်းသည်။ မြန်မာရာဇ၀င်၌ ရှေးဘုရင်တွင် ဆင်ဖြူတော် (အသေ) ကိုပင် ရရှိပင်လျှင် ဆင်ဖြူရှင်ဘွဲ့ကို ခံယူခဲ့သူ ရှိနေပါသည်။
- (ဆင်ဖြူအသေတစ်စီးမျော လာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့သဖြင့် သမိုင်းတွင် တစ်စီးရှင် သီဟသူအဖြစ်၎င်း၊ ပင်းယမြို့တည် သီဟသူ အဖြစ်၎င်း ကျော်ကြားပေသည်။)
- မျက်လုံးသည် ပုလဲရောင် ရှိရမည်။
- ခွာသည် အဖြူရောင် ရှိရမည်။
- ဆင်၏ကျောကုန်းသည် ငှက်ပျောကုန်း သဏ္ဍာန် ရှိရမည်။
- အမွေးရောင်သည် ကျွဲဖြူလို ရှိရမည်။
- အစွယ် စုံရှိရမည်။
- အမြီးသည် တံခါးလက်ဝါးပုံစံဖြစ်ရမည်။
- နားရွက်သည် သာမန် ဆင်တွေထက် ကြီးရမည်။
- သာမန်ဆင်များနှင့် မတူဘဲ က္ကုနြေ္ဒသိက္ခာရှိပြီး တည်ငြိမ်နေရမည်။
ဆင်ဖြူ (၁၂)မျိုး
- ၁။ “ရတနာဆင်၊ ဒွါရတင်ကား ငွေစဉ်ဦးကင်း၊ ဖြူဝင်းသည်မှာ ရတနာသရဘူ”
- ရတနာမျိုးထဲမှာပါသော ဆင်(၁၂)မျိုးရှိတဲ့အနက်က ငွေရောင်၊ ငွေသွေးကဲ့သို့၊ ဦးကင်းများ ဖြူနေလို့ရှိရင် တစ်ကိုယ်လုံးဖြူတာမဟုတ်ဘူးနော်။ ဦးကင်းမှာဖြူတာ။ အဲဒါကို “ရတနာသရဘူ” လို့ခေါ်ပါတယ်။ ရတနာသရဘူ၊ ဖူနေရာမှာ *(ဘ)နဲ့ရေးတယ်။ ရှေးက ရတနာသရဘူ။ ဒါက ပထမဆင်ဖြူ။
- ၂။ “ဖြူသည် မင်းနေ၊ မှတ်တွေသင်္ညာ၊ ရတနာပလ္လင်”
- မင်းနေ (သို့) မင်းထိုင်၊ အဲဒီနေရာ၊ ရှင်ဘုရင်နေတဲ့နေရာ၊ ရှင်ဘုရင်ထိုင်တဲ့နေရာ။ အဲဒီနေရာမှာ ဖြူလာခဲ့လို့ရှိရင် အဲဒီဆင်ကို “ရတနာပလ္လင်” လို့ ခေါ်ပါတယ်။
- ၃။ “ကခွင်ဖွေးစွာ ရတနာကတင်”
- ဆင် “ကတင်” ရမယ့်နေရာမှာ ဖြူဖွေးလာလို့ရှိရင် “ရတနာ ကတင်”လို့ခေါ်ပါတယ်။
- ၄။ “ကိုယ်ပြင်ဝဲယာ ဖြူဖွေးစွာလျှင် ရတနာကကျည်း”
- ကိုယ်ရဲ့အပြင် လက်ဝဲ၊ လက်ယာ ဖြူလာလို့ရှိရင် “ရတနာကကျည်း” ဆင်ဖြူပါ။
- ၅။ “ကိုယ်မှီး၊ ကပြီး၊ လှည်းဘီး၊ ခန့်မျှ နံ၏ပြင်ပ၊ ပါဒလေးဘက်၊ ဖြူချက်သန့်စွာ၊ ရတနာထောက်ရှည်”
- ဒါက တစ်ကိုယ်လုံး မဲနေစေကာမူ လှည်းဘီးခန့်မျှလောက် နံ၏အပြင်ပ၌၊ ပြီးတော့ ခြေထောက်လေးချောင်း ဖြူနေလို့ရှိရင် “ရတနာထောက်ရှည်” လို့ ခေါ်ရမယ်။
- ၆။ “ဖြူသည်ကုန်းမှာ ရတနာပြဿဒ်”
- ကျောတည့်တည့်အလည်ခေါင်ကုန်း အဲဒီကဖြူလာလို့ရှိရင် “ရတနာပြဿဒ်” လို့ခေါ်ပါတယ်။
- ၇။ “ဖြူဆွတ်ပေါက်လျှံ၊ မြီးဆံ၊ သရက်စေ့၊ ငွေ့အတိမှာ၊ ရတနာပိန်း”
- သရက်စေ့ဆိုတာက ဆင်အမြီး၊ အရင်းကစပြီးတော့ နွားမြီး၊ ကျွဲမြီးများလိုပေါ့ဗျာ၊ နွားမြီး၊ ကျွဲမြီးနဲ့ ခြားနားသွားတာက အဖျားကျတော့ သရက်စေ့ပုံသဏ္ဍာန်ရှိပြီး ပိုပြီးတော့ ကြီးသွားသေးတယ်။ အဲဒါကို သရက်စေ့လို့ခေါ်တယ်။ အဲဒီ သရက်စေ့ပေါ်ကမှ တစ်ခါ ဖွာပြီးတော့ အမြီးဆံအမြီးမျှင်ပေါက်တာ။ အဲဒီအမြီးမျှင်နှင့်တကွ သရက်စေ့ဖြူလို့ရှိရင် “ရတနာပိန်းဆင်” လို့ ခေါ်ပါတယ်။
- ၈။ “ခေါ်ထိမ်းမှတ်ရိုး မေးဆုံးဖြူစွာ ရတနာမုံ”
- ဆင်မေးစေ့မှာ ဖြူသောအမွေးတွေ ပေါက်ပြီးတော့ မေးဖြူလာလို့ရှိရင်၊ အမွေးဖြူ အသားဖြူလာလို့ရှိရင် “ရတနာမုံ” လို့ခေါ်ပါတယ်။
- ၉။ “နှာယုံ၊ နှာဖျား၊ ဆူထွားလှစွာ၊ ရတနာဆုပ်”
- ရတနာဆုပ်ဆိုတာ (ဆ) တစ်ချောင်းငင် ပသတ်နဲ့ရေးတယ်။ နှာယုံ၊ နှာဖျား ဆိုတာက နှာအရင်းကနေ အဖျားထိအောင်ပေါ့။ အဲဒီအမွေးရော ဖြူသောသဘောရှိလို့ရှိရင် အဲဒီဆင်မျိုးကို “ရတနာဆုပ်”ဆင်ဖြူတော်လို့ ခေါ်ပါတယ်။
- ၁၀။ “သစ်ချုပ် ဟိုး ဟိုး ၀မ်းရိုးအတွင်း၊ လမင်းရောင်ဝါ ရတနာကြံဆင်”
- အဲဒါ ၀မ်းဗိုက်ဖြူတယ်ဆိုပါတော့ဗျာ။ ၀မ်းဗိုက်ဖြူတဲ့ဆင်ကို “ရတနာကြံဆင်” လို့ ခေါ်ပါတယ်။
- ၁၁။ “နှုံးတွင်းပါးစပ် နားနချပ်တွင်၊ ဖြူသန့်လှစွာ ငွေပမာကို ရတနာယပ်”
- နားရွက်နှစ်ဘက်ဖြူလို့ရှိရင် “ရတနာယပ်” လို့ခေါ်ပါတယ်။ နာရွက်တင်ဖြူနေတယ်။
- ၁၂။ “စေ့စပ်သေချာ (၁၁)ဖြာတည်း များစွာဤတွင် စုံလင်သည်မှာ ရတနာကြန်စုံ”
- ပြောခဲ့တဲ့အစိတ်အပိုင်းတွေ အကုန်ဖြူလာလို့ရှိရင် အဲဒါကို “ရတနာကြန်စုံ” လို့ခေါ်ပါတယ်။
- “ဆင်အပုံတို့၊ ၀န်းရုံရံခ
ရှိဦးသသို ဂဇဖုန်းစည်၊
မျိုးဇာနည်တည့် ပြည့်သာဂရ
မတ္တတည်းဟူ သိကြောင်းကိုလော့
ဆင်ဖြူ ခေါ်သင့် ခေါ်စဉ်တည်း။” - ရှေးမြန်မာမင်းများ လက်ထက်က မာတင်္ဂဆင်၊ ကေလာသဟထ္ထိဆင်၊ ပုဏ္ဍရိကဆင်နှင့် အရုဏ ဟထ္ထိဆင်ဟူ၍ ဆင်ဖြူတော် ၄ မျိုးရှိပြီး ဗေဒင်ကျမ်းဂန်များတွင်မူ ခန္ဓာဇလပ်ပွင့်အဆင်း ကဲ့သို့ ဖြူဖွေးသော သေတဂဇရာဇာဆင်၊ ဖွတ်လျော်ပြီးစဖြူဖွေးသော အ၀တ်ပုဆိုးကဲ့သို့ အဆင်းရှိသည့် သေတဂဇရာဇာဆင်၊ မျောက်ငိုပွင့်အဆင်းရှိသော သေတဂဇရာဇာဆင်၊ ဧကရာဇ်ပွင့် အဆင်းရှိသော သေတဂဇရာဇာဆင်၊ သေတသုဝဏ္ဏဒန္တဆင်၊ ဆင်ဖြူရွှေမွေး၊ ရွှေကွန်ယက်အုပ်ဆင် ဟူ၍ ဆင်ဖြူ ၇ မျိုးရှိကြောင်း ရန်ကုန် နက္ခတ်ဗေဒင် ဆရာအသိုင်း အ၀န်းမှ သိရှိရသည်။
No comments:
Post a Comment