Showing posts with label မှတ်စု. Show all posts
Showing posts with label မှတ်စု. Show all posts

Thursday, October 27, 2016

တန်ခိုးကြီးသော ဂမုန်းပင်များ

ဂမုန်း
ဂမုန်း ဟူသောအမည်မှာ ဥရှိသော အပင်ငယ်များစွာတို့ကို ခြုံ၍ခေါ်သောအမည် ဖြစ်သည်။ အချို့မှာ မြေ၌ ပေါက်သည်။ အချို့မှာ အပင်ကြီးတွင် တွယ်ကပ်ပေါက်သော ပင်ဆင့်မျိုးဖြစ်သည်။ ပင်ဆင့်မျိုးမှာ အရုက္ခဗေဒ အလိုအားဖြင့် ပါရာဆိုက်များ ဖြစ်သည်။ သာမန်အားဖြင့် ဂမုန်းသည် ပုတတ်စာ၊ နနွင်း၊ တောက်တာ စသည်တို့နှင့်အတူ ကင်းဖီရီးယား မျိုးစုတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။ သို့သော် မြန်မာ အခေါ် ဂမုန်းမှာ အလွန်များပြားလှ၍ ရုက္ခဗေဒအမည်တစ်ခုတည်းကို စွဲ၍ မယူအပ်ချေ။ ကျောက်ကျမ်း၊ ဂမုန်းကျမ်းနှင့် ကဝေသာရကျမ်း တို့တွင် ဂမုန်းမျိုးပေါင်း (၁ဝ၉) မျိုး ပြထားပေသည်။


ဂမုန်းပင်တစ်ခု၏ အမည်မှာ “တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ၊ ပါဋ္ဌ်တစ်ချက် အနက်ဆယ်ထွေ”ဆိုသလို အရပ်ဒေသအလိုက် အမည်နာမ အမျိုးမျိုး ခေါ်ဆို၍ နေကြသည်မှာ များပြားလှပါသည်
ဂမုန်းမျိုးဖြစ်သော သဇင် (၁၅)မျိုး 
ရွှေတိုက်စိုး ဦးတိုးရေးသားသည့် ရာမရကန်၊ သဇင်အချီးတွင်....
"စိမ့်ကြီး မြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊
နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြေ၊
မိုးမခဘူး နွေလသံပေါက်၊ ရည်သန်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေဆင်ကြသည်။
ရွှေပင်ဆင့်၊ ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်၊ ဂမုန်းအင့် အဖက်၊ ဆောင်းစက်ရိပ်ခို၊ ရေတွက်လို့ ဆိုတော့မည်။
လက်တံတိုတမည်၊ လက်တံရှည်နှင့် နေရောင်ခြည်-လရောင်ဝါ၊ မိုးလုံးပြာ၊ မိုးလုံးမှိုင်း၊
ပုလဲဆိုင်း၊ ပုလဲနှစ်၊ ချစ်စရာ့ လိပ်ပြာတောင်၊
နီလာရောင်-တောင်လုံးပြိုင်၊ သုံးပွင့်ဆိုင်-ခိုင်လုံးဆန်း၊
ပင်လုံးလန်း-နွဲ့တန်း ယိမ်းကလေးတို့က-လေသိမ်းတိုင်းလှ၊
ကိန္နရီကသည့်နှယ်၊ တချို့က ဖြူပြာပြာ၊ တချို့က ဖြူဝါဝါ၊
တချို့မှာ ချိပ်ပွင့်၊ တချို့မှာ ပန်းရင့်လို့ ၊ ပင်မြင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံကြ၊ ဝေယန်နန်းမြင့်၊ ရှုတိုင်းတင့်မို့၊
မြို့ဝန်မင်းစာ၊ လိပ်မပါဘဲနှင့်၊ ကွယ်ရာဈေးပြင်၊ ရောင်းလို့များ မြင်မလား၊
သေချင်သေ၊ ရှင်ချင်ရှင်၊ အင်မတန့်၊ အင်တန်ရာဝတ်တော် ခံရမည်၊ မြတ်ပန်တော်ပန်း၊ ခိုင်လုံးလမ်းကို၊
ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်နှင့်ဝင့်မတုန်း။ ဘုန်းနှင့်ကံနှင့်၊ ရွှေသဇင်" ဟူ၍ စပ်ဆိုလေသည်။
                                                                   ဖိုးသာဝ၊ ဂမုန်းညွှန်းကျမ်း၊ (ပထမတွဲ) နှာ-၁၊ ၂
ဂမုန်းဖြူ
အမြစ်အဥ ဖြူပြီး ကြီး၏။ အရွက်မှာ တောငှက်ပျောရွက်နှင့်တူပြီး အရွက်ဝါသည်။ နနွင်းရွက်ကဲ့သို့ အရွက်ရှိသည်။ တစ်နှစ်တစ်ခါ နေရာရွှေ့ပြောင်း၍ ပေါက်တတ်သည်။ ဂမုန်းလည် ဟူ၍လည်း ခေါ်သေးသည်။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
ငွေကို ကျို၍ ပြစ်သော် ရွှေနီကဲ့သို့ ရှိ၏။ ငရုတ်ကောင်းနှင့် စားသော် အကျဉ်းမှ လွှတ်၏။ မောင်မြင့်ကြည်(စာပေဗိမာန်)၊ လောကီရေးရာအဖြာဖြာ
လက္ခဏာ 
ဂမုန်းဖြူကား နနွင်းရွက်ကဲ့သို့ ရှိ၏။ အမြစ်လည်း နနွင်းရွက်ကဲ့သို့ ဖြူဖြူကျံကျံ ရှိ၏။ အနံ့လည်း နနွင်းနံ့နှင့် တူ၏။ အဖြူကား နေရာမမြဲ (ဂမုန်းပြန်)ဟူ၍ ဆို၏။ တစ်နှစ်တပါး ရွှေ့ရွှေ့ ပေါက်၏။  မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ်၊ ရှေးပေမူ၊ ဘိုးတော်ခေတ် အရေးအသားဂမုန်းဖြူ စစ်မစစ်သိလိုမူ၊ ၎င်းအရွက်ကား နနွင်းရွက်ကဲ့သို့ ရှိသည်။ အမြစ်သည် ဖြူ၏။ တစ်နှစ်တစ်ခါ အခြားနေရာသို့ ရွှေ့ပြောင်း၍ ပေါက်တတ်၏။ ထိုဂမုန်းကို (ဂမုန်းလည်)ဟူ၍လည်း ခေါ်ကြကုန်၏။ အဖြူစစ်လျှင် နေရာမမြဲ၊ ရွှေ့မြဲ ဓမ္မတာ ဖြစ်၏။ ဟု တောင်တွင်းဆရာတော် ခင်ကြီးပျော်၏ ကဝေသာရကျမ်းရင်းတွင် ဆိုထား၏။
 
ဂမုန်းဖြူကား၊ နနွင်းရွက်ကဲ့သို့ သဏ္ဍာန်တူ၍ အမြစ်ဥ ဖြူ၏။ တစ်နှစ်တပါးရွှေ့၍ ပေါက်သည်။ (ဂမုန်းပျံ)ဟူ၍လည်းဆို၏။ အဖြူစစ်က နေရာမမြဲ၊ ဟု ရှေးလက်ရေးစာမူတွင် တွေ့ရသည်။ ယင်းဂမုန်းဖြူကိုပင် (ဂမုန်းနနွင်းဖြူ)ဟူ၍ ယနေ့ခေတ်လူများက ခေါ်ဝေါ်ကြသည်။ အားလုံးနနွင်းပင်ကဲ့သို့ ရှိ၍ ဥသာလျှင် ထူးခြားစွာ ဖြူလေသည်။ ၎င်းဂမုန်းဖြူဥနှင့် စစ်စီးထွင်သော်၎င်း၊ ဆံပင်နှင့်သော်၎င်း၊ ကျီးအတောင်နှင့်သော်၎င်း တို့လျှင် ဖြူသွားသည်ဟု ကြားရဘူးသည်။ 
ဖြေဆေး
၎င်းအဖြူသည် ဂမုန်းခွက်ဖေါက်၏ ဖြေဆေးအဖြစ် အသုံးပြုနိုင်သည်။ ခွက်ဖေါက်ဂမုန်းသည် အပ်ထားသော ပစ္စည်းကို၎င်း၊ ရေထဲသို့၎င်း မြင်နိုင်ရန် မျက်စိကို ကွင်း၍ ထားပြီး ဖေါက်ထွင်းမြင်နိုင်ပြီး ကိစ္စပြီးသောအခါ ဂမုန်းဖြူကို ဖြေဆေးအဖြစ် မျက်စိကို ပြန်သုတ်ပါက မူလအတိုင်း ပြန်ဖြစ်သွားကြောင်း ရှေးလူကြီးများက ပြောစမှတ်ပြုကြသည်။ ၎င်းအဖြူနှင့် ခွက်ပေါက်နှစ်ပင် တူတူ တနေရာတည်း တစ်ခြံတည်း စိုက်ထားပါက တစ်ပင်ပင်မှာ မကြာမှီ သေသွားတတ်ကြောင်း မှတ်သားရဘူးသည်။ ဖိုးသာဝ၊ ဂမုန်းညွှန်းကျမ်း (ပထမတွဲ)နှာ-၂၃ 
ဂမုန်းနီ
အပင်ရင်းမှာ နနွင်းကဲ့သို့နီသည်။ အရွက်ပုံသဏ္ဍာန်မှာ သက်ကယ်ကြီးရွက်ကဲ့သို့ အစုရှိ၏။ ဆိတ်ဖူးရွက်ကဲ့သို့ ပြာလဲ့လဲ့ရှိပြီး ပင်ရင်း ဟင်္သပြဒါးကဲ့သို့ အနီရောင်ဖြစ်သည်။ အနံ့မှာ ကတိုးနံ့ဖြစ်သည်။ ဂမုန်းဥကို ထုံးမှာခပ်သော် ထုံးနီသည်။ ဟင်္သပြဒါးကဲ့သို့ နီမှစစ်သည်။ ဥသည် နနွင်းဥ၊ နနွင်းတက်ကဲ့သို့ ရှိသည်။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
အကျိုး
ဂမုန်းနီပင် စိုက်ထားသော အကျိုးကား မြေမှဖြစ်သော ဖုတ်ကောင် စုန်းနားပင်းတို့ ဖမ်းစားခြင်း မပြုနိုင်၊ ဂဝံရုပ်ထု၍ ဆောင်သော် ရှိန်းပြီး၏။ ဆာယာအန္တိပြီး၏။ဖိုးသာဝ၊ ဂမုန်းညွှန်းကျမ်း(ပထမတွဲ)နှာ-၂၇ 

အိမ်တွင်းမင်္ဂလာဂမုန်း
စော်ဘွား၏ဟော်နန်းတွင် စိုက်ပျိုးထား၍  ဟော်နန်းစီးပွားတိုး  ဟုလည်း ခေါ်ကြသည်။ ရိုးရိုးစီးပွားတိုးဂမုန်းမှာ အရွက်ပြောက်ကျားကလေးပင် ကွဲပြားပါသည်။ ၎င်းဂမုန်းပင်မှာ အလွန်စည်ကားခဲကြောင်း၊ မစည်ကား မပွားများသေးလျှင် အလုပ်အကိုင် အကြံအစီများ ထင်သလောက် ဟန်မကျတတ်ကြောင်း။ အနည်းငယ် စည်ကားလာလျှင် အနည်းငယ် ဟန်ကျတတ်၍ များစွာစည်ကားလာချိန်တွင် များစွာဟန်ကျတတ်သည်
ဂမုန်းရှင်သူငယ်

ရှင်ဖြူ၊ ရှင်ဝါ၊ ရှင်ညို၊ ရှင်နီ၊ ရှင်သူငယ်အကျား၊ ငှက်ပျောရှင်သူငယ်အကြီး၊ ငှက်ပျောရှင်သူငယ်အသေး စသည်ဖြင့် အမျိုးကွဲများ ရှိသည်။ တန်ခိုးသတ္တိထက်မြက်၍ စီးပွားဥစ္စာ တိုးတက်လျက်၊ အလုပ်အကိုင် အကြံအစီတို့ ထမြောက်အောင်မြင် တတ်သည်။ လူစိုက်များသည်။ တော်ရုံတန်ရုံ နေပူဒါဏ် ခံနိုင်၍ နေပူသောအခါ အရောင်အသွေး ပိုမိုလှပ တောက်ပြောင် လာတတ်သည်။
ရှင်သူငယ်အဝါ
အပင်စိုက်ထားလျှင် စိတ်နှလုံး ကြည်လင်ပေါ့ပါးပြီး အလုပ်အကိုင် အကြံအစီများ တိုးတက်အောင်မြင်လျှက် ထီပေါက်နိုင်သည်။ ကျမ်းများအလိုအရ အရွက်သည် ငှက်ပျောရွက်ကဲ့သို့ ရှိပြီး၊  ကိုရင်သင်္ကန်း အရောင်ကဲ့သို့ အရွက်ပါလျှင် အိမ်ခေါင်းရင်းတွင် သန့်ပြန့်စွာ စိုက်ပျိုးပြုစုလျှင် လာဘ်သပ္ပကာ တိုးတက်သည်။ စိုက်ပျိုးထားလျှင် ခွေးနင်း၊ ကြောင်ကျော် မပြုမိပါစေနှင့်၊ သန့်သန့်ပြန့်ပြန့် စိုက်ပျိုးရန် အရေးကြီးသည်။
ငှက်ပျောရှင်သူငယ်(အငယ်)
အပင်ကြီးမျိုး၊ အပင်ငယ်မျိုး နှစ်မျိုးရှိသည်။ အငယ်သည် ငှက်ပျောပင် အငယ်စား ပုံသဏ္ဍာန်ရှိပြီး နှစ်ပေထက် မကြီး၊ အရွက်တွင် အညိုကြောင်းကလေး ပါပါသည်။ ထူးခြားသည်။ စီးပွားဥစ္စာတိုးတက်သည်။ ဩဇာအာဏာရှိလာသည်။ စိုက်ပျိုးစဉ်တွင် ရွှေရည်ငွေရည် လောင်း၍ သင်္ကန်းစည်းပေးထားရသည်။
ငှက်ပျောရှင်သူငယ်(အကြီး)
အငယ်၏ ပုံသဏ္ဍာန်အတိုင်း အပင်အရွက်ကြီး၍ ရိုးရိုးငှက်ပျောပင်လောက် ရှိပြီး မြေကောင်းလျှင် ကောင်းသလောက် ကြီးသည်။ အဖူးမှ ကွာကျသည် အဖတ်များကို အခြောက်လှမ်း ပြာချ၊  ပျားရည်နှင့် ဖျော်တိုက်လျှင် ပန်းနာရင်ကျပ် အမောပျောက်သည်။
ရှင်သူငယ်အနီ
အပင်ကို သင်္ကန်းစီး၊ ဆွမ်းတော်တင်၊ အဓိဋ္ဌာန်ပြု သားဆုတောင်းလျှင် သားရသည်။

ပြည်လုံးချမ်းသာဂမုန်း
ချမ်းသာကြီး၊ သူဌေးကြီး၊ မယ်တော်ကြီး၊ မင်းသားကြီးဟု အမျိုးမျိုး ခေါ်ဝေါ်သည်။ စီးပွားတိုး၍ ထီပေါက်စေသည်။ ဈေးရောင်း ကောင်းသည်။ စိုက်ပျိုးလျှင် အိုးအတွင်း၌ ကြေးပြား ၉ ပြားခံ၍ စိုက်ကာ ရွှေရည်၊ ငွေရည် လောင်းပေးရသည်။ တချို့က ကျောက်သံပတ္တမြား ခံ၍ စိုက်ပြီး ရွှေရည်ငွေရည် လောင်းသည်။ နွားနို့လှူ၍ အမြစ်ကို လောင်းထည့်ရမည်။ အမွှေးတိုင်ထွန်းပေးလျှက် အမွှေးနံ့သာရည် လောင်းကာ ဥပုသ်နေ့၌ တရော်ကင်မွန်းနှင် အရွက်ကို ဆေးကြောသုတ်သင်ရသည်။ ညဉ့် ၇-နာရီလောက်တွင် အရွက်အဖျားများမှ ရေပေါက်များ ထွက်လျက် စီးကျပြီး စိုပြေနေတတ်သည်။ အပင်ကို ဂရုစိုက်ပြီး သန့်သန့်ပြန့်ပြန့် စင်နှင့် တင်ထားရန် အရေးကြီးသည်။ နေပူခံရလွန်းလျှင် အရွက်များ ခြောက်လိုက်လာမည်။ မည်သည့် ဂမုန်းမဆို နေပူမိမှာ ကြောက်ကြသည်။ နံနက်ပိုင်းတွင် နေရောင်ခံ၍ မွန်းတက်ကလွဲလျှင် အရိပ်ရဖို့ အရေးကြီးသည်။ ရေမရလျှင် မသန်စွမ်းတတ်ပါ။ ရေများများလောက်က များများ စည်ပင်သည်။
ရတနာဂမုန်း
ရောဂါ ပျောက်ကင်းသည်။ ထီပေါက်တတ်သည်။ စီးပွားတိုး လာဘ်ကောင်းသည်။ ရတနာဂမုန်းဥသည် ဆေးဖက်ဝင်သည်။
ဒေါင်းဂမုန်း
အရွက်တွင် အနီအစင်းကြောင်းများ ရှိတတ်သည်က တစ်မျိုး၊ အနီကွက်ရှိသည်က တစ်မျိုး အဖိုအမဟူ၍ နှစ်မျိုးရှိသည်။ အစင်းကြောင်းရှိရင် အမ၊ အကွက်ရှိရင် အဖိုပင် ဖြစ်သည်။ ဒေါင်းဂမုန်းမှန်လျှင် ညအချိန်၌ အရွက်များ ထောင်ကာ ပူးကပ်၍ အိပ်ကြသည်။ ဒေါင်းဂမုန်း မအိပ်သောနေ့တွင် မကောင်းကြံသူတို့၏ ဘေးအန္တရာယ်ကျတတ်သည်။ ဒေါင်းဂမုန်းစိုက်ရင် ဒေါင်းတောက်အောင် စီးပွားရှာ အလုပ်လုပ်ရတတ်သည်။
ကွင်းထိုးဂမုန်း
မိတ်ဆွေများ လာတတ်သည်။ ရည်းစားဟောင်း လာတတ်သည်။ ကွင်းထိုးလျှင် လုပ်ငန်း အကြံအစီ အောင်မြင်ပြီး၊ ကွင်းမထိုးလျှင် မအောင်မြင်ပါ။ ခွေးကျော်ကြောင်နင်း၊  ကိုယ်ဝန်ဆောင်မိန်းမများ အပင်ကို ကိုင်တွယ်မိလျှင် ကွင်းများ ပြုတ်ကုန်ပါသည်။ ထိုကွင်းများပြုတ်ကုန်သောအခါ အမွှေးနံ့သာရေများ ပက်ဖျန်းခြင်း၊ ကင်မွန်းတရော်ရေများဖြင် ဆေးကြောခြင်း၊ အမွှေးတိုင်များ ထွန်းညှိခြင်းများ ပြုလုပ်ပါက ကွင်းများ ပြန်လည်ထိုးတတ်ပါသည်။ အပင် ဘယ်လောက်နီးနီး စိုက်စိုက် ကွင်းထိုးသည် သူ့အပင်က သူ့အရွက်သာ ကွင်းထိုး၍ အခြားအပင်က အရွက်ကို ကွင်းမထိုးပါ။
ဇော်ဂျီမုတ်ဆိတ်ဂမုန်း
အပွင့်သည် လိပ်ပြာပုံသဏ္ဍာန်ရှိပြီး လိပ်ပြာဂမုန်း၊ ဂမုန်းလိပ်ပြာ၊ မုတ်ဆိတ်ဂမုန်း၊ ဂမုန်းမုတ်ဆိတ် ဟုခေါ်ကြသည်။ အပွင့်ပွင့်သောအခါ အပြာရောင်ပွင့်သည့်အပင်သည် အလွန်ပေါ၍၊ အနီရောင်ပွင့်သောအပင်မှာ ရှား၏။ အပွင့်ပွင့်သောအခါ အသီးပါသော အမမျိုးနှင်၊ အသီးမပါသော အဖိုမျိုး နှစ်မျိုးရှိပါသည်။ အမမျိုးမှာ အပင်ရော အပွင့်ပါ သေးငယ်တတ်လျက် အဖိုမျိုးမှာ ကြီးသည်။ အရွက်မှာ လွန်စွာပျော့ပြောင်းသဖြင် နေအနည်းငယ်ပူလျှင် ညှိုး၍ သွားတတ်သည်။ ဝိဇ္ဇာ ဇော်ဂျီများ စောင့်ရှောက်သည်။ အချိန်ရာသီမရွေး ပွင့်တတ်၍ ပွင့်သောအချိန်တွင် လွန်စွာစီးပွားဖြစ်သည်။ မပွင့်လျှင်လည်း တစ်နှစ်လုံး မပွင့်တတ်ပေ။ သန်ရှင်းမှုကို အလွန်ကြိုက်ကာ ပြုစုသူသည် ထီပေါက်တတ်သည်။ အရွက်များကို မဖြတ်ရပါ။ ဖြတ်လျင် လင်မယားချင်း ရန်ဖြစ် စိတ်ကောက်ရတတ်သည်။ အရွက်ကို ကြိတ်၍ အရည်ကို လက်ဖက်ရည်ပုဂံ တစ်လုံးလောက် ဆယ်ရက်ခန်သောက်လျှင် ချောင်းဆိုးသွေးပါ ပျောက်သည်။ အပွင့်များသည် မျက်လုံးနှင့်တူ၍ တစ်ခါပွင့်လျင် နှစ်ပွင့် တပြိုင်တည်း ပွင့်ကြောင်း၊ စူဠသမ္ဘဝ၊ မဟာသမ္ဘဝဂမုန်း ဟုလည်းခေါ်ကြောင်း၊ မျက်စိနာသူ တိမ်ရှိသူများကို ၎င်းဂမုန်းဥကို သွေး၍ ခပ်လျှင် ပျောက်ကင်းနိုင်သည်။ 
ဘောဂကြီးဂမုန်း