Tuesday, April 10, 2012

တစ်ချိန်က ခင်ဥမ္မာ ကောင်းရာသုဂတိ လားပါစေ........

                 ည(၉)နာရီ (၉.၄.၂၀၁၂) 

Wednesday, April 4, 2012

ပသီစာဆို

ရေးသားသူ - တင်နိုင်တိုး
ကုန်းဘောင်ခေတ်ဦးကာလက မြန်မာစာပေနယ်မှာ အစ္စလာမ်ဘာသာဝင် ပသီစာဆိုတော်တစ်ဦး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သူကတော့ ရမ္မာဝတီမြို့ဝယ် ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနုပါပဲ။ စာဆိုတော်ကြီး ဦးနုဟာ ဘိုးတော်ဘုရားလက်ထက်မှာ မဇ္ဈိမဒေသက ကျမ်းပေါင်းများစွာကို ဆောင်ယူပေးခဲ့သဖြစ်လို့ မြန်မာစာပေသမိုင်းမှာ တစ်ထောင့်တစ်နေရာက ကျေးဇူးပြုခဲ့သူလို့ ဆိုနိုင်ပါတယ်။
ပသီစာဆိုကြီးဦးနုကို နောင်တော်ကြီးမင်းလက်ထက် ၁၇၊ ဇူလိုင်၊ ၁၇၆၂ မှာ ရွှေဘိုမြို့မှာ ဖွားမြင်ပါတယ်။ မိဘတွေကတော့ ကုန်သည်တော် ရှိုက်ခ်ဒါဝူးဒ်နဲ့ ဒေါ်ငြိမ်းတို့ပါပဲ။ မိခင်ဒေါ်ငြိမ်းဟာ သွေးသောက်ကြီး ဦးပွင့်နဲ့ ဒေါ်မြတ်နှင်းတို့ရဲ့ သမီးဖြစ်တာမို့ စာဆိုတော်ဦးနုဟာ ငယ်စဉ်ကတည်းက နန်းတွင်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူလို့ ဆိုနိုင်ပါတယ်။ အစ္စလာမ်ဘာသာဝင် ဆရာကြီးဦးနုရဲ့ မွတ်ဆလင်အမည်ကတော့ မုဟမ္မဒ်ကာစင်မ်ဖြစ်ပါတယ်။ ဆရာကြီးဟာ ရွှေဘိုဇာတိဆိုပေမယ့် ငယ်စဉ်ကတည်းက အင်းဝတောင်ဘလူရပ်မှာ နေထိုင်ခဲ့ပါတယ်။
စာဆိုတော်အဖြစ် ထင်ရှားလာမည့် ဦးနုဟာ အသက်(၇)နှစ်အရွယ်မှာ အင်းဝ နန်းဦးကျောင်းတိုက်မှာ ပါဠိ၊ မြန်မာစာပေတွေ စတင်ဆည်းပူးခဲ့တယ်။ အသက်(၁၉)နှစ်အရွယ်ရောက်တော့ ရန်ကုန်ဆင်းလာပြီး ဆီးရီးယားက ကြွရောက်လာတဲ့ ဆရာကြီးစိုင်ယဒ်မူဟာမ္မာဒ်ဆီမှာ အစ္စလာမ်ဘာသာစာပေ၊ အာရဗီ၊ အူရဒူ၊ ဖာရစီဘာသာတွေ သင်ယူတယ်။
တစ်ဖက်ကလည်း မြန်မာဘာသာ၊ ပါဠိဘာသာကို ကျွမ်းကျင်နိုင်နင်းအောင်ကြိုးစားလေ့လာပါတယ်။ ဒါကြောင့်လည်း နောင်မှာ စာဆိုတစ်ဦးအဖြစ် ထင်ရှားခဲ့တာပါ။
ဦးနုဟာ အသက်(၂၆)အရွယ်မှာ သွေးသောက်ကြီး ဦးသာဒွန်း၊ ဒေါ်မိုးသူတို့ရဲ့သမီး မမယ်မနဲ့ အိမ်ထောင်ကျတယ်။ သား ‘အဗ်ဒွလ်ကရင်’လို့ခေါ်တဲ့ နာခံတော် မောင်ပြည့်နဲ့ သမီး မမကြီး(ဒေါ်မြတ်လှ)၊ မမထွေး(ဒေါ်မြတ်ထွန်း)တို့ကို ဖွားမြင်တယ်။
၃၀ နိုဝင်ဘာ၊ ၁၈၀၈ မှာ ဦးနုဟာ ဘိုးတော်ဘုရား အမိန့်တော်အရ အိန္ဒိယကို သွားရောက်ရတယ်။ ဘင်္ဂလားမှာ နှစ်ထပ်တိုက်တစ်လုံးငှားပြီး ကွမ်းသီးရောင်းရင်း နယ်ချဲ့အင်္ဂလိပ်ရဲ့အခြေအနေကို ထောက်လှမ်းရတယ်။ တစ်ဖက်ကလည်း ကျမ်းစာအုပ်တွေ ရှာဖွေစုဆောင်းရပါတယ်။
၁၅ ဧပြီ ၁၈၀၆ မှာ ဦးနု အမရပူရကိုပြန်ရောက်လာတော့ ဘိုးတော်ဘုရားက နှစ်ထောင်းအားရတော်မူလို့ ရမ္မာဝတီမြို့ဝန်ရာထူး ခန့်အပ်လိုက်တယ်။
‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ရမ္မာဝတီမြို့ဝန်ဦးနုဟာ အိန္ဒိယကို နောက်ထပ် နှစ်ကြိမ်ထက်မနည်းသွားရောက်ခဲ့ရပြီး ပေမူ ၁၀၀၊ ကျမ်းစာအုပ် ၁၇၇ အုပ်ကို သယ်ဆောင်လာခဲ့နိုင်တယ်။ မောင်းထောင်ဆရာတော်ကြီး ဘာသာပြန်ဆိုခဲ့တဲ့ ကျမ်းတချို့ဟာ ‘ရွှေတောင်သာဂသူ’အိန္ဒိယက သယ်ဆောင်လာတဲ့ကျမ်းတွေ ဖြစ်တယ်။
‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ဆရာကြီးဦးနုဟာ အသက်(၆၈)နှစ်အရွယ် ၁၈၂၂-ခုနှစ်မှာ အမရပူရမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ စာဆိုတော်ဦးနုဟာ ၃၅-ခန်းလို့ခေါ်တဲ့ သာသာရေးဆိုင်ရာ ‘ရှရာကျမ်း’အပါအ၀င် ကျမ်းပေါင်း (၆၀)ကျော် ရေးသားပြုစုခဲ့တဲ့ စာဆိုတော်ကြီးတစ်ဦဖြစ်ပါတယ်။ အဲဒီ (၃၅)ခန်း မူရင်းကျမ်းကြီးကို မကြာမီက ပြုလုပ်ခဲ့တဲ့ လောကနတ်ရှားပါးစာအုပ်ပြပွဲမှာ တွေ့မြင်ခဲ့ရပါသေးတယ်။
စာဆိုဦးနုရဲ့ စာပေလက်ရာတွေထဲမှာ ခရီးစဉ်မှတ်တမ်း လင်္ကာ(၅၅)ပိုဒ်ကလည်း ထင်ရှားလှပါတယ်။ ဆရာကြီး ဒေါက်တာလှတိုးရဲ့ ကျေးဇူးကြောင့် အဲဒီ (၅၅)ပိုဒ်လင်္ကာကို ပုံနှိပ်စာလုံးနဲ့ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။ အဲဒီလင်္ကာရှည်ထဲမှာ အမရပူရကနေ ဘင်္ဂလားအရောက် အကြောင်းအရာတွေကို ရေးဖွဲ့ထားတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ ခရီးသွားမှတ်တမ်းကြီးတစ်စောင်ပါပဲ။ ဘင်္ဂလားအသွားလမ်းမှာ လကြတ်တာနဲ့ ကြုံခဲ့ရသေးတယ်။ ‘ဟင်းရာဝ’လို့ အမည်ရတဲ့စခန်းမှာ ညအိပ်ရပ်နားစဉ်အခါဖြစ်ပါတယ်။ လကြတ်စဉ် ကောင်းကင်ဂြိုဟ်အနေအထားကို လင်္ကာထဲမှာ အသေးစိတ်ရေးဖွဲ့ထားတော့ စာဆိုဦးနုဟာ မြန်မာနက္ခတ္တဗေဒင်ကို တတ်ကျွမ်းသူလို့လည်း ဆိုနိုင်ပါတယ်။
စာဆိုတော်ဦးနုရဲ့ ရှားပါးလက်ရာ ရတုကဗျာအချို့ကိုလည်း ရှေးဟောင်းစာပေအတွဲ(၂၄)မှာ ဖယောင်းလှိမ့် လက်ရေးမူအဖြစ် ဖတ်ရှုရပါတယ်။ အဲဒီအထဲမှာ စာဆိုတော်ဦးနု ကြွေးမြီပြဿနာကြောင့် တိမ်းရှောင်နေရပုံကို ‘မောင်နုတွင်မည်၊ ကျွနုပ်သည်ကား၊ မတည်ရပ်ပါ၊ ကြွေးများစွာကြောင့်၊ အိမ်မှာလျှင်မျှ၊ မနေရတည့်၊ ခေတ္တ ဟိုသည်၊ တိမ်းရှောင်လည်၍’လို့ ဖတ်ရှုရပါတယ်။
မှတ်တမ်းမှတ်ရာတွေအရ ရမ္မာဝတီမြို့ဝန် ‘ရွှေတောင်သာဂသူ’ကို ကံ့ကော်ရွာသူကြီးနဲ့ မြို့ချောင်းရွာသူကြီးတွေက တိုင်ကြားခဲ့တဲ့အမှုဖြစ်ဟန်ရှိပါတယ်။
စာဆိုတော်ဦးနုဟာ သရဒွေးကျမ်း၊ အဘိဓါန်ကျမ်းတွေ အပြင် ဆေးကျမ်းများစွာကို ဆောင်ယူလာခဲ့သူလည်းဖြစ်လို့ မြန်မာ့ဆေးပညာသမိုင်းမှာလည်း အသိအမှတ်ပြုသင့်လှပါတယ်။ ဒီဆောင်းပါးကို ဆရာမကြီးစောမုံညင်းရဲ့ ဦးနု၏ ဘင်္ဂလားသွားမှတ်တမ်းလင်္ကာဆောင်းပါး(ငွေတာရီ ၁၉၈၈၊ ဇွန်)နဲ့ မောင်မောင်ကြီး(မန်း)ရဲ့ စာဆိုတော်သခင်ကြီး ဦးနု (အစ္စလာမ်သုတ ၁၉၈၈၊ မေ)တို့ကို အခြေပြုရေးသားထားပါတယ်။
(နံနက်ခင်းသတင်းဂျာနယ်၊ အတွဲ-၃၊ အမှတ်-၃၅၊ သြဂုတ် ၂၀၀၈၊ စာမျက်နှာ-၂၃ မှ ကူးယူဖော်ပြပါသည်။)
* * မူရင်းဂျာနယ်ထဲကအတိုင်း စာလုံးပေါင်းသတ်ပုံများကို မပြင်ပဲ ပြန်ကူးထားပါတယ်။ * *

Tuesday, April 3, 2012

လူတိုင်း၏တာဝန်



ယနေ့ မြန်မာနိုင်ငံတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
နိုင်ငံရေးအတွေးအမြင်၊ နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်မှ စ၍ တည်ကြည်ဖြောင့်မတ်မှု၊ ရိုးသားမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ ဇွဲသတ္တိရှိမှုစသည့် ပြုမူပြောဆိုလုပ်ဆောင်နေမှု မှန်သမျှသည် ပြည်သူလူထု တစ်ရပ်လုံးအတွက် အတုယူစံပြုစရာများ ဖြစ်နေရပေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် (၁၂)နှစ် သမီးအရွယ် ကျောင်းသူဘဝကပင် သူငယ်ချင်းတစ်ဦး၏ အမှတ်တရအော်တိုစာအုပ်လေးထဲ၌ အောင်ပါအတိုင်း အမှတ်တရ စာသားရေးသားထားလေသည်။
မျက်စိမမြင်သော မိန်းကလေးသည် ကြားနိုင်သေး၏။
နားမကြားသော မိန်းကလေးသည် မြင်နိုင်သေး၏။
အဝတ်မပါသော မိန်းကလေးသည် အေးမြမှုကို ခံစားနိုင်သေး၏။
သို့သော်....ရည်မှန်းချက်မရှိသော မိန်းကလေးမူကား အရူးပမာသာတည်း။
အောင်ဆန်းစုကြည် (၁၅.၈.၁၉၅၇)
ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် သူ၏ ရည်မှန်းချက်ကြီးမားသော၊ ဘဝကို အလေးအနက်ထားသော ဒဿနအတွေး အမြင်ဟု တွက်ဆနိုင်ပါသည်။ ယခုအခါ အာဏာရှင် စစ်အစိုးရကို ဖြုတ်ချ၍ စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်ကြီး
ပေါ်ထွန်းရေး အတွက် လူထုအား ဦးဆောင်၍ နုလုံးရည်ဖြင့် ရဲရဲဝံ့ဝံ့ သတ္တိံရှိရှိ တိုက်ပွဲဝင်သည့် လူထုခေါင်းဆောင်ဖြစ်ပေသည်။ ထို့ကြောင့်လည်း သူ့အားမြန်မာ့ဒီမိုကရေစီ၏ သင်္ကေတ၊ လူထုတစ်ရပ်လုံးအတွက် မျှော်လင့်ချက်အလင်းရောင်အဖြစ် အားလုံးက တစ်ညီတစ်ညွတ်တည်း သတ်မှတ်ခဲ့ကြသည်။ နိုင်ငံတကာ ဒီမိုကရေစီ မြတ်နိုးသူများကလည်း သူ၏စိတ်ဓာတ်နှင့် ခေါင်းဆောင်မှု အရည်အသွေးကို လေးစား တန်ဖိုးထားကြသည့် အတွက် နိုင်ငံတကာမှ ချီးမြှင့်ခဲ့သည့် ရာကျော်နေပြီဖြစ်သော ဆုတံဆိပ်များကို ကြည့်ရှုပါက သိသာလှပေသည်။
ခေါင်းဆောင်မှု အရည်အသွေး
သူမသည် ကိုယ်ကျင့်တရား ရိုးဖြောင့်ခြင်း၊ မလျှော့သော ဇွဲလုံးလဝီရိယ ရှိခြင်း၊ ရည်မှန်းချက်ပန်းတိုင်ကို တိတိကျကျ သတ်မှတ်ထား ရှိခြင်း၊ ပြဿနာကို အကောင်းမြင်ဖက်မှ ချဉ်းကပ်လေ့ရှိခြင်း၊ ဖိနှိပ်ချုပ်ချယ်မှု၊ ရန်လိုမှုများနှင့် ကြုံတွေ့ရသောအခါ မတုန်လှုပ်ခြင်း၊ သဘောထားပြည့်ဝခြင်း၊ နိုင်ငံရေးအမြင်ကျယ်ခြင်း၊ ယုံကြည်ချက် ခံယူချက်ခိုင်မာခြင်း၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသောအခါ လိုလို
လားလား လက်ခံရင်ဆိုင် နိုင်စွမ်းရှိခြင်း၊ အချိန်နှင့်စည်းကမ်းကို လေးစားတန်ဖိုးထားခြင်း၊ ကတိသစ္စာကို လေးစားတန်ဖိုးထားခြင်း၊ မမှန်
လျှင် မတရားလျှင် လက်ခံလေ့မရှိခြင်း စသည့်ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့် တွေ့မြင်ရပေမည်။
နိုင်ငံရေးအတွေးအမြင်
သူမကို လေ့လာကြည့်ပါက ကြောက်ရွံ့မှု လုံးဝမရှိခြင်းပင်ဖြစ်သည်။ အာဏာရှင်တိုင်းသည်ပြည်သူလူထုအား
ကြောက်ရွံ့ထိပ်လန့်နေခြင်းမှာ မှားယွင်းခဲ့သော ဖောက်ပြန်မှုများကြောင့် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။
အကြောက်တရားသည် မကောင်းမှုကို သံသရာလည်စေသည့် အရင်းခံအကြောင်းတရားဖြစ်သောကြောင့် လူထုကိုကြောက်ရွံ့မှု ကင်းမဲ့စေရန် အမြဲတစေတိုက်တွန်းနိုးဆော်လျှက်ရှိသည်။ သူကိုယ်တိုင်လည်း အကြောက်တရားကင်းမဲ့ကြောင်း စစ်အာဏာရှင်တို့၏ တုတ်၊ ဓား၊ သေနတ်၊ လက်နက်များကို ဣနြေ္ဒမပျက် ရဲဝံ့စွာ ရင်ဆိုင်ပြခဲ့ဖူးသည်။ အားကျအတုယူဖွယ် သူ၏သစ္စာ၊ သမာဓိ၊ ပညာ၊ သတ္တိ တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၊ အမေရိကန် လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာ
ကင်း၊ တောင်အာဖရိက သမ္မတ နယ်ဆင်မန်ဒဲလား၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့ကဲ့သို့ နိုင်ငံဂုဏ်ဆောင်
လူထုခေါင်းဆောင်အဖြစ် အားလုံးက သဘောတူလက်ခံခဲ့ကြသည်။
ဒီမိုကရေစီအရေခြုံ အာဏာရှင်နှင့် ကမ္ဘာ့အာဏာရှင်ခေါင်းဆောင် အချို့က စီးပွားရေးသည်ပထမ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် ဒုတိယဟူ၍ကြွေးကြော်နေကြသောလည်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် ပထမ၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးသည် ဒုတိယ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် တတိယဟူ၍ သူ၏နိုင်ငံရေးအမြင်ကို ရှင်းလင်းပြတ်သားစွာ
ပြောဆိုလုပ်ဆောင်ခဲ့သည်။ လူ့လောကတွင် သတ္တိကို အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်၏။ ကာယသတ္တိနှင့် စိတ္တသတ္တိတို့ဖြစ်သည်။ ကာယသတ္တိမှာ မိမိခန္ဓာကိုယ်နာကျင်သွားမည် ထိခိုက်သွားမည် အသက်သေဆုံးသွားမည်ကို မကြောက်ရွံ့ဘဲ ရင်ဆိုင်ရဲသော
သတ္တိဖြစ်ပေသည်။ စိတ္တသတ္တိမှာ မိမိ၏အကျိုးစီးပွားကို မည်မျှထိခိုက်သည်ဖြစ်စေ အမှန်တရားကို လုပ်ရဲသော မှန်သည့်ဘက်၌ အမြဲရပ်တည်ရဲသော သတ္တိပင်ဖြစ်သည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က သတ္တိဆိုတာ မကြောက်တတ်တာဟာ တကယ့်သတ္တိမဟုတ်ဘူး။ ကြောက်လျှက်နဲ့ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတာဟာ တကယ့်သတ္တိပဲ၊ အဲဒီတော့ ဒူးတုန်တုန်နဲ့ လုပ်တဲ့သူဟာ တော်တော်သတ္တိရှိတယ်လို့ ခေါ်ရမှာပဲ ဟူ၍ ဆိုခဲ့ဖူးသည်။
ယနေ့မြန်မာပြည်သူတို့လိုလားတောင့်တနေသော အရာသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပင်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီရေး အတွက် ရုန်းကန်တိုက်ပွဲဝင်ကြသည်။ ဒီမိုကရေစီတိုက်ပွဲသည် နှလုံးရည်တိုက်ပွဲဖြစ်သောကြောင့် သစ္စာရှိရှိ၊ ဉာဏ်အမြော်အမြင် ရှိရှိ၊ ရဲရဲဝံ့ဝံ့ သတ္တိရှိစွာဖြင့် ရည်မှန်းချက်ပန်းတိုင် မရောက်မချင်း ကိုယ်ကျိုးစွန့်အနစ်နာခံကာ ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည်။
ဒီမိုကရေစီစနစ်ကို မလိုလားသော အာဏာရှင်အချို့က ယနေ့မြန်မာနိုင်ငံတော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို မည်သူမျှ စိတ်မဝင်စားတော့ချေ။ သူ့ကို အကျယ်ချုပ်ဖြင့် နှစ်ရှည်ထိန်းသိမ်းထားလိုက်သည့်အတွက် လူထုနှင့် ဝေးသွားပြီ၊ ကင်းကွာသွားပြီဟု ဝါဒဖြန့်ခဲ့ကြသည်။ သို့သော် သူလွတ်မြောက်ခဲ့သည် ၂ဝ၁ဝပြည့်နှစ် နိုဝင်ဘာလ (၁၃) ရက် ညနေခင်းက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့သို့ ပြေးအလွှားသွားရောက်ကြိုဆိုခဲ့ကြသော ထောင်ပေါင်းများစွာသောလူထုပရိသတ်ကို ကြည့်ခြင်းဖြင့်ပြည်သူတို့သည်
ဒေါ်အောင်ဆန်းစုကြည်အားမိမိတို့ ဦးနှောက်မှ မေ့ပျောက်သွားသည့်တိုင် နှလုံးသားထဲမှ အစဉ်ထာဝရ ရှိနေကြောင်း သိသာလှပေသည်။
ယနေ့အချိန်သည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် လွန်စွာအရေးကြီးသော ဆုံမှတ် သို့ရောက်ရှိနေသည်။ ယင်းကြောင့် ဒီမိုကရေစီအရေးနှင့်စစ်မှန်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အခန်းကဏ္ဍသည် လွန်စွာအရေးပါပြီဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး (၄၁)နှစ်အကြာတွင်
ပေါ်ထွန်းလာခဲ့သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မီးဒုတ်ကို ဇောက်ထိုးထားမရသလို မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထဲမှ မည်သူမျှ ဖယ်ထုတ်ထား၍ ရမည်မဟုတ်ပေ။ ဖယ်ထုတ်လိုက်ပါက မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီးသည်လည်း ရေစုံမျော၍ ပျက်သုဉ်းသွားမည်သာဖြစ်သည်။
မည်သို့ဆိုစေ ...
လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးပြဿနာများကို စေတနာမှန်ဖြင့် ရှုမြင်သုံးသပ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်
အတိုင်း ဒီမိုကရေစီစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ညီညီညွတ်ညွတ်လုပ်ဆောင်ကြရမည်မှာ လူတိုင်း၏တာဝန်ဖြစ်ပေသည်။
မြတ်သုတ