Saturday, September 15, 2012

နတ်သျှင်နောင် ၏ အတ္ထုပ္ပတ္တိ


  သန်လျင်မြို့တွင်တွေ့ရသော ၁၇ရာစု အတွင်းက တည်ဆောက်ထားသည့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း (Church)တကျောင်း။ သန်လျင်မြို့သည် မြန်မာနိုင်ငံ၌ ခရစ်ယာန် သာသနာ ကို ပေါ်တူဂီများနှင့်အတူ အစောဆုံးရောက်ရှိသောဒေသဖြစ်သည်။ မြန်မာ့သမိုင်းတွင်ကျော်ကြားသော စာဆိုစစ်ဘုရင် နတ်သျှင်နောင် သည် မြန်မာနိုင်ငံသားများထဲတွင် ခရစ်ယာန် ဘာသာကို အစောဆုံးသက်ဝင်ယုံကြည်သူတဦးဖြစ်သည်။(ကရင် အမျိုးသား ဦးနော သည် အင်္ဂလိပ်တို့ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်းမှဖြစ်သည်။ ဤနေရာတွင် ဆက်စပ်၍ နတ်သျှင်နောင် ၏ အတ္ထုပ္ပတ္တိ ကိုတင်ပြပေးပါ့မည်။
တုကဗျာဖွဲ့ဆိုမှုတွင် တံခွန်စိုက်ဖြစ်သော တောင်ငူဘုရင် နတ်သျှင်နောင် မင်းသားသည် ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီး၏ မြေးတော်ဖြစ်၍ သက္ကရာဇ် ၉၄၆-ခုနှစ်တွင် တောင်ငူနန်းကို စိုးစံတော်မူသော ရွှေနန်းတည်မင်း ခေါ် မင်းရဲ သီဟသူ၏ သားတော်ကြီး ဖြစ်လေသည်။ နတ်သျှင်နောင်သည် မင်းသားငယ်ဘဝကပင် ဆင်စီး၊ မြင်းစီး၊ ထားခုတ်၊ လှံထိုး အမျိုးမျိုး တတ်မြောက်တော်မူသဖြင့် လက်ရုံးရည်ဖြင့် အမှုတော်ထမ်းရာတွင် များစွာထင်ရှားကျော်စောလှသော မင်းသားဖြစ်သည်။ လက်ရုံးရည်ဖြင့် အမှုတော်ထမ်းရာတွင် များစွာထင်ရှားကျော်စောလှသော မင်းသားဖြစ်သည်သာမက ခမည်းတော် ရွှေနန်း တည်မင်း အားကိုးအားထားရာ ညာလက်ရုံးတဖက်လည်း ဖြစ်လေသည်။ ထိုမင်းသား၏ လက်ရုံးရည်ကို ယုံကြည်ကိုးစား တော်မူသဖြင့် ဟံသာဝတီဘုရင် ငါးဆူဒါယကာမင်းသည် နတ်သျှင်နောင်အား များစွာ မြှောက်စားတော်မူပြီးလျှင် သက္ကရာဇ် ၉၄၉-ခုနှစ်အတွင်း ကိုယ်တော်တိုင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်တော်မူရာ၌လည်း နတ်သျှင်နောင်အား တောင်ငူတပ် တွင် တပ်မှူးခန့်၍ ထည့်တော်မူသည်။ နတ်သျှင်နောင် ကြီးမှူးသော တောင်ငူတပ်သည် ယိုးဒယားမင်း ဗြဲနရာဇ်၏ တပ်မတော်နှင့် တရောမိုင်းတက် အင်းတော်အရပ်တွင် တွေ့ကြ၍ နတ်သျှင်နောင်တို့က အရေးသာကြကြောင်း ငါးဆူ ဒါယကာမင်း ကြားသိရလျှင် များစွာအားရတော်မူ၍ ဆုလာဘ်များစွာ ပေးသနားတော်မူသည်။
နတ်သျှင်နောင် မင်းသား၏ ခမည်းတော် မင်းရဲသီဟသူသည် သက္ကရာဇ် ၉၆၄-ခုနှစ် နတ်တော်လတွင် တောင်ငူရွှေနန်းကို အသစ်ထပ်မံ ဘန်ဆင်းတော်မူ၍ တောင်ငူဘုရင်ဟူသောအမည်ဖြင့် စိုးစံတော်မူသည်။ ရွှေနန်းတည်သည်ကို အစွဲပြု၍ လည်း ရွှေနန်းတည်မင်းဟု ခေါ်သည်။ အထွတ်အမြတ်သို့ရောက်သည့်အခါတွင် သားတော်ကြီး နတ်သျှင်နောင်မင်းသားကို မဟာဥပရာဇာ ဟူသော အမည်ဖြင့် အိမ်ရှေ့နှင်းတော်မူ၍ ဇင်းမယ်ဘုရင်နှမတော် ရာဇဓာတုကလျာနှင့်လည်း စုံဘက် တော်မူသည်။
နတ်သျှင်နောင်သည ်စောင်းညှင်း တီးမှုတ်မှု၌ လိမ္မာလှသည့်ပြင် ကဗျာဖွဲ့ဆိုသီကုံးမှု၌လည်း ဝါသနာထုံသည်။
မြန်မာပြည်၌ အထွတ်အမြတ်သို့ရောက်တော်မူကြသော မင်းအပေါင်းတို့အနက် နတ်သျှင်နောင်သည် ကဗျာလင်္ကာဖွဲ့ဆိုမှု၌ ကျွမ်းကျင်လိမ္မာသော ဘုရင်စာဆိုတဦးဖြစ်သည်။ ထိုမင်း၏ကဗျာများသည် များစွာနူးညံ့သိမ်မွေ့နက်နဲလှ၍ သြဇဂုဏ် လည်း မြောက်လှပေသည်။ ကဗျာသီကုံးဖွဲ့နွဲ့မှုတွင် သိမ်မွေ့နက်နဲသော ဉာဏ်ဖြင့် ဆန်းပြားစွာ ဖွဲ့တတ်သည်နှင့်အမျှ အရာရာ၌ပင် လွန်စွာဆန်းပြားတတ်သော ဉာဏ်ပရိယာယ်ကိုသုံးစွဲလွန်းလှ၍ တခါတရံ အမှောက်အမှားနှင့် တွေ့ကြုံတော် မူရ ရှာလေသည်။ မင်းသားသည် ငယ်စဉ်ကပင် ဇင်းမယ်ဘုရင်နှမတော် ရာဇဓာတုကလျာမင်းသ္မီးနှင့် ရည်ငံရင်းရှိသည့် အတိုင်း ကဗျာဖွဲ့ဆိုရာ၌လည်း ထိုမင်းသ္မီးကို ရည်ရွယ်ဖွဲ့ဆိုသည်သာ များသည်။
နတ်သျှင်နောင်မင်းသားသည် သက္ကရာဇ် ၉၇၀-ခုနှစ် ဝါခေါင်လပြည့်ကျော် ၆-ရက် သောကြာနေ့တွင် ဘခင်၏အရိုက်အရာ ဖြစ်သော ရွှေထီးရွှေနန်းကို စိုးစံတော်မူသည်။ ထိုနှစ်တွင်ပင် အဝမင်းပြည်သော အနောက်ဘက်လွန် မင်းတရားသည် တောင်ငူသို့ ချီတက်တိုက်ခိုက်တော်မူလေသည်။ တောင်ငူဘုရင် နတ်သျှင်နောင်သည် စစ်သည်အလုံးအရင်း အင်အား ရှိသမျှနှင့် ခံတော်မူသည်။ တောင်ငူမြို့ကို ရန်သူ အဝမင်း၏တပ်တော်များက ဝိုင်းဝန်းပိတ်ဆို့ထားသဖြင့် မြို့တွင်းသားတို့ အစာရေစာ ငတ်မွတ်ခေါင်းပါးကြသည်နှင့် တောင်ငူမြို့ ပြာဿာဒ်ကျောင်းဆရာတော်နှင့် ညီတော် မင်းသားများကပါ အညံ့ခံမှ သင့်မည်ထင်ကြောင်းနှင့် နောင်တော် တောင်ငူဘုရင်ကို လျှောက်တင်ကြပါသော်လည်း ပဋ္ဌမသော် တောင်ငူ ဘုရင်က တင်းမာလျက်ပင် ရှိနေသေးသည်။ နောက်မှ အားမတန် မာန်လျော့၍ အညံ့ခံပြီးလျှင် မြို့တော်ကိုအပ်ရသည်။ အနောက်ဘက်လွန်မင်းသည် တောင်ငူကို အလိုပြည့်သော် မင်းညီမင်းသားများနှင့်တကွ မှူးမတ်သေနာပတိတို့အား သစ္စာ တော်ပေးသည်။ တောင်ငူဘုရင်ကိုလည်း သစ္စာတော်ပေး၍ တောင်ငူနန်းကို မှန်ကင်းချပြီးလျှင် လက်အောက်ဘုရင်ခံငယ် အဖြစ် စိုးမိုးစေရန် မြို့ကို အပ်နှင်းတော်မူသည်။
အနောက်ဘက်လွန်မင်းတရားကြီးသည် အရေးတော်ပြီး၍ နေပြည်တော်သို့ ပြန်တော်မူလျှင် တောင်ငူဘုရင်က စောင်းတတ်၊ ညှင်းတတ်သူတို့အားလက်ဆောင်အဖြစ်ဖြင့်ပေးလိုက်သည်။ (ဤသည်တွင် ရဝေရှင်ထွေး၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခို တို့သည် ဟံသာဝတီသို့ လိုက်ပါသွားကြရကုန်သည်ဟု ဆိုသည်)။ ဘိုးတော် ဟံသာဝတီ ဆင်ဖြူရှင်မင်းတရားကြီး လက်ထက်တော်တွင် သိန်းဃိုဠ်ကျွန်းမှ ရောက်သော သပိတ်တော် စွယ်တော်မြတ်တို့ကို ၉၆၁-ခုနှစ် ငါးဆူဒါယကာနှင့် တောင်ငူဘုရင်တို့ အရေးတော်ပြီးကြလျှင် တောင်ငူ ကေတုမတီသို့ ဆောင်ယူ၍ လွှတ်တော်ရှေ့တွင် ရွှေပြဿာဒ်နှင့် တင်ထားကိုးကွယ်လျက် ရှိသည်ကိုလည်း ရတနာပြဿာဒ်တွင် တင်၍ နေပြည်တော်သို့ အနောက်ဘက်လွန်မင်း ပင့်ဆောင် သွားလေသည်။နတ်သျှင်နောင်သည် သံလျင်စား ကုလားငဇင်ကာနှင့် ဆက်သွယ်ခြင်း

တောင်ငူဘုရင် နတ်သျှင်နောင်သည် အိမ်ရှေ့မင်းအဖြစ်နှင့်ရှိစဉ်ကပင် မိမိချစ်လှစွာသော မိဖုရား ရာဇဓာတုကလျာ အနိစ္စ ရောက်သဖြင့် စိတ်လက်မချမ်းသာရှိနေရာ ယခုတဘန် ဟံသာဝတီမင်း၏ လက်အောက်ဘုရင်ခံငယ်အဖြစ်နေရသည်တွင် ပိုမို၍ စိတ်ဝေဒနာခံစားရရှာသည်။ ထို့ပြင် မိမိကိုယ်တိုင်ကပင်လည်း လက်ရုံးအားကိုးသူဖြစ်သဖြင့် အနောက်ဘက်လွန်မင်း ကို လက်စားချေ၍ အင်းဝရွှေနန်းကိုပင် သိမ်းမြန်းလိုသည့်ဆန္ဒ ပြင်းပြဟန်တူသည်။ အင်းဝရွှေနန်းကို ကြံစည်ရန်ကား မလွယ်ကူလှပေ။ ထို့ကြောင့် သံလျင်မြို့စား ကုလားငဇင်ကာနှင့် ပူးပေါင်းကြံစည်ရသော် သင့်မည်ဟု အယူတော်ရှိတော်မူ သည်။ သံလျင်မြို့စားသည် လက်နက်အင်အား၌ ကြွယ်ဝသည်ကို သိတော်မူသည့်အတိုင်း ထိုမြို့စားကုလားအား မိမိနိုင်ငံ တော်သို့ လာရောက်၍ မိမိကို သံလျင်သို့ ခေါ်ဆောင်ယူပါရန် စာသုဝဏ် လျှို့ဝှက်စွာ ရေးပြီးလျှင် ကြက်ရိုးပင်စားကို စေတမန်ပြု၍ သံလျင်သို့လွှတ်သည်။ ထိုသို့ လျှို့ဝှက်စွာ ကြံစည်ချက်ကို ဘထွေးတော်နှင့် ညီတော်များပင်လျှင် မရိပ်မိ မသိရှိကြချေ။
ကုလားငဇင်ကာကလည်း “ကောင်းပါပြီ၊ ကျွန်ုပ်တွင် ယခုအင်အားနည်းသည့်အခိုက် ဖြစ်ပါသည်။ ဂိုဝါစစ်ဘုရင်ထံသို့ စေလွှတ်၍ သင်္ဘောလူသူတောင်းပါမည်။ အမှုရှိလျှင်လည်း တတ်နိုင်သမျှ ကူညီပါမည်” ဟု စာပြန်သည်။
ထိုနောက် များမကြာမီ နတ်သျှင်နောင်ထံမှ ပေါတုဂီ (ပေါ်တူဂီ) ဗိုလ်မှူးငဇင်ကာအား အထက် ကတိရှိသည့်အတိုင်း အကူ အညီ လာစေချင်ကြောင်း စာရောက်လာပြန်သဖြင့် ငဇင်ကာသည် ကုလားဖြူ၊ ကပ္ပလီ၊ အမြောက်၊ သေနတ် အပြည့်အစုံ နှင့် ဇွင်ဒေကရသီယာ ကို ကြီးကြပ်စေပြီးလျှင် တောင်ငူသို့ ချီတက်စေသည်။

ဇွင်ဒေကရသီယာ၏ တပ်သည် တောင်ငူသို့ ချီတက်လာခြင်း

သက္ကရာဇ် ၉၇၄-ခုနှစ် ဝါခေါင်လတွင် သံလျင်စား ပေါ်တူဂီဗိုလ်မှူး ကုလားငဇင်ကာက လွှတ်လိုက်သော ဇွင်ဒေကရသီယာ ၏ တပ်သည် ရေကြောင်းချီတက်၍ လာသည်။ ကုလားတို့နှင့် ပူးပေါင်း၍ မုတ္တမစား စောဗညားဒလလည်း ကြည်းကြောင်း ချီတက်၍ လာသည်။ ထိုအခိုက် ကျောက်မော်တွင် တပ်ချ၍နေသော မင်းရဲကျော်စွာသည် ကုလားများတက်လာသည်ကို ရုတ်တရက်ဖြစ်သဖြင့် မသိရဘဲ အမြောက်စိန်ပြောင်းသံကို တချက်ကြားရမှ ဗိုလ်ချုပ် ဗိုလ်မှူးများကို ဆင့်ခေါ်စီရင်၍ ခုခံတိုက်ခိုက်လေသည်။ သို့ ခုခံတိုက်ခိုက်ပါသော်လည်း မင်းရဲကျော်စွာတို့အရေးနိမ့်၍ ထိုစစ်ပွဲတွင် မင်းရဲကျော်စွာ ဆင်ထက်မှ ကျည်သင့်၍ ကျဆုံးသည်။
ထိုနောက် ကုလားငဇင်ကာက လွှတ်လိုက်သော ဇွင်ဒေကရသီယာ၏ တပ်သည် တောင်ငူမြို့တွင်းသို့ တောင်မျက်နှာမှ ဝင် ၍ မြို့ကိုသိမ်းယူပြီးလျှင် နတ်သျှင်နောင်မင်းသားကိုလည်း မိဖုရားနှစ်ပါး၊ အခြွေအရံများနှင့်တကွ သံလျင်သို့ ခေါ်ဆောင် သွားသည်။
တောင်ငူကို ကုလားများ ချီတက်တိုက်ခိုက်ကြောင်း အနောက်ဘက်လွန်မင်းတရားကြီး ကြားသိတော်မူလေသော် မိမိ၏ လက်အောက်နိုင်ငံတော်ကို ဖျက်ဆီးရမည်လောဟု အမျက်တော်ရှိ၍ ချက်ခြင်းပင် စစ်နှစ်ဘက်ညှပ်ကာ တောင်ငူကြောင်း ချီစေသည်။ လွှတ်လိုက်သော စစ်တပ်တော်သည် ရမည်းသင်းအရပ်တိုင်အောင် ရောက်လာ၍ တောင်ငူကို ကုလားများ သိမး်ယူပြီးသည်သာမက နတ်သျှင်နောင်ကိုပါ သံလျင်သို့ ခေါ်ဆောင်သွားပြီဟု ကြားသိရလျှင် မင်းတရားကြီးသည် များစွာ စိတ်မချမ်းမသာ ဖြစ်တော်မူပြီး တပ်တော်ကို ပြန်ခေါ်တော်မူသည်။ ထိုနှစ်တွင်ပင် ကုလားငဇင်ကာ၏ လက်နက်နိုင်ငံဖြစ် သော သံလျင်မြို့ကို ချီတက်တိုက်ခိုက်စေတော်မူသည်။
တောင်ငူမင်း သံလျင်သို့ ဆိုက်ရောက်လာလျှင် ငဇင်ကာက ရဲမက်ဗိုလ်ပါ အခင်းအကျင်း အတီးအမှုတ်ဖြင့် ဧည့်ခံဆီးကြို သည်။ တွေ့ဆုံကြလျှင် တောင်ငူမင်းက ငဇင်ကာ၏လက်ကို ကိုင်ဆွဲ၍ မိန့်တော်မူသည်မှာ … “ငါသည် ဆွေမျိုးရင်းချာများ ကို ပစ်ခွာ၍ ပေါ်တူဂီဗိုလ်မှူးထံ ရောက်လာသည်မှာ ဆွေမျိုးရင်းချာမက ယုံကြည်ထင်မှတ်၍ ရောက်လာခြင်းဖြစ်သည်။ ကတိသစ္စာ ရှိသည့်အတိုင်း မြဲမြံတော်တည့်မှန်ကန်စွာ ဆီးခံလုပ်ကြံရမည်”။
ငဇင်ကာကလည်း “မည်သို့မျှ မကြောင့်ကြပါနှင့်၊ ကြိုးစားအားထုတ်၍ ကျွန်တော်၏အသက်နှင့်ကိုယ် တည်နေသမျှ ကာလ ပတ်လုံး စွန့်စားတွန်းလှန်ပါမည်” ဆိုလျှင် တောင်ငူမင်းက ရတနာကျောက်ကောင်း တင်သည့် ရွှေလက်စွပ် အပြည့်ထည့် ထားသော ရွှေအစ်တလုံးကို ပေါ်တူဂီဗိုလ်မှူးငဇင်ကာသို့ ပေးသည်။ ငဇင်ကာက မယူ ငြင်းဆန်ပြီးလျှင် တောင်ငူကို အလို တော်ပြည့်မှ သနားတော်မူသည့် ဆုကို လက်ခံပါမည် ဟု လျှောက်ကြားသည်။

သံလျင်စစ်ပွဲ

သက္ကရာဇ် ၉၇၄-ခု၊ ပြာသိုလဆန်း ၄-ရက်၊ တနင်းလာနေ့တွင် အနောက်ဘက်လွန်မင်းသည် သံလျင်သို့ ကြည်းကြောင်း၊ ရေကြောင်း စစ်သည်တော်များစွာနှင့် ချီတက်ရောက်လာသည်။ သံလျင်မြို့ အထားအနေကောင်း၍ အတွင်းမှ အမြောက် စိန်ပြောင်းတို့ဖြင့်ပစ်ခတ်ရာတွင် မြန်မာတပ်သားတို့ အသေအပျောက်များရကား တပ်ကို နောက်ဆုတ် ပြီးလျှင် သံလျင်ကိ်ု ဘေးပတ်လည်မှ ဝိုင်းရံထားသည်။ ဤသို့ အစာရေစာ မသွင်းနိုင်အောင် ပိတ်ဆို့ထားသည်မှာ ၂-လ ကျော် ကြာမြင့်သည်။ သံလျင်မြို့တွင်းမှ ငဇင်ကာ၏တပ်သားတို့ ရံဖန်ရံခါ ထွက်၍တိုက်သည်။ ငဇင်ကာလည်း ကိုယ်တိုင် ထွက်၍တိုက်မှ အရေးသာမည်ကို ယုံကြည်သဖြင့် ကိုယ်တိုင် ကွပ်ကဲအုပ်ချုပ်၍ ထွက်တော်မူလျှင် နတ်သျှင်နောင်က “ဓမ္မ ရာဇာသည် ငါ့ဆွေမျိုးပင်ဖြစ်သည်။ ဆွေမျိုးလက်အောက်မခံလို၍ ဗိုလ်မှူးထံရောက်သည်။ သေတူရှင်ဘက် ဗိုလ်မှူး ထွက်ရာ ငါလည်း ထွက်၍လိုက်မည်၊ တိုက်မည်” ဟု မိန့်ဆိုတော်မူပြီးလျှင် ငဇင်ကာနှင့်အတူ ထွက်တိုက်တော်မူသည်။
နောက်တနေ့တွင် မင်းမဟာဓမ္မရာဇာတပ်က အမတ်တယောက်ကို သံပြု၍ ဆင်တစီးနှင့် သံလျင်သို့လွှတ်လိုက်သည်။ မဟာဓမ္မရာဇာက ပေးလိုက်သော စာသုဝဏ်ကို ဘတ်စေရာတွင် …
”ပေါ်တူဂီအမျိုးသားနှင့်ငါတို့သည် ရန်စစ်ရန်စ ရှိကြသည်မဟုတ်၊ ငါ့ရန်သူဖြစ်သော တောင်ငူမင်းကို သိမ်းဆည်းထားသော ကြောင့်သာ ရန်စစ်ဖြစ်ရသည်၊ ငါ့ရန်သူကိုပေးအပ်လျှင် စစ်ပြေငြိမ်းကြ၍ နေမြဲတိုင်းနေကြမည်ပင် ဖြစ်တော့သည်” ဟူ၍ ပါ ရှိသည်။ သို့စာတွင် ပါသည်ကို ပေါ်တူဂီဗိုလ်မှူး ငဇင်ကာက … “ကျွန်ုပ်တို့သည် ကတိသစ္စာ မြဲတည့်တော်မှန်သည့် လူမျိုး ဖြစ်သည်၊ ဝင်ရောက်ပေါင်းဖော်လာသည်ကို ကတိသစ္စာရှိသည့်အတိုင်း ပေါင်းဘက်ကြိုးပမ်း မ,စ ရမည် ဖြစ်သည်၊ တောင်ငူမင်းကို အလိုရှိသော်လည်း မပေးမအပ်သာကြောင်း” ပြန်ဆိုလျှောက်ကြားလိုက်သဖြင့် ထိုပြန်ကြားစာကိုယူ၍ မြန်မာမင်း သံသည် တပ်မတော်သို့ ပြန်လာသည်။
ထိုနောက် မဟာဓမ္မရာဇာတပ်သည် ကြည်းကြောင်း ရေကြောင်း နှစ်ဘက်ညှပ်၍ အပြင်းအထန်တိုက်ခိုက်ကြပြန်သည်။ ထို သို့ တိုက်ခိုက်နေကြစဉ် စစ်တကောင်းမြို့က ပေါ်တူဂီအမျိုးသား “မာရကျစ်ဓမ္မေ” အမည်ရှိသော ကုန်သည်သည် သင်္ဘော ဖြင့် ရခိုင်ပြည်သို့ရောက်လာရာတွင် သံလျင်တွင် ပေါ်တူဂီအမျိုးသားတို့နှင့် မြန်မာတို့ စစ်ဖြစ်ကြောင်း ကြားသိရလျှင် ရတတ်သမျှ လူစုပြီးကာ သံလျင်မြို့သို့ သင်္ဘောလွှင့်လာသည်။ သံလျင်သို့ရောက်လျှင် မဟာဓမ္မရာဇာ၏ လှေတပ်က သင်္ဘောနှင့်တကွ သင်္ဘောပါလူများကို ဥပါယ်တံမျဉ်ဖြင့် သိမ်းယူဘမ်းဆီး၍ အကျဉ်းချထားလိုက်သည်။

နတ်သျှင်နောင် ဗရင်ဂျီဘာသာသို့ ဝင်ခြင်း

ထိုနောက် မာရကျစ်ဓမ္မေ၏လူစုကို အနာအကျင်ပြု၍ စာတစောင်ရေးပြီးလျှင် သံလျင်သို့ ဖောင်ဖြင့်မျှောလိုက်သည်။ စာတွင် ”ဗိုလ်မှူး ဇွင်ကာကူ သတိပြုလေ၊ ငါ့ရန်သူကို မပေးအပ်လျှင် ဤကဲ့သို့ချည်း ဖြစ်ကြရမည်” ဟူ၍ ပါသည်။ ထို ဒုက္ခသည်တို့ ဇွင်ကာကူထံရောက်၍ မြင်ရလျှင် များစွာသနား၍ ဒေါသလည်း ထွက်သည်။ နတ်သျှင်နောင်သည် ဤ အချင်း အရာကို မြင်လျှင် များစွာစိတ်နာ၍ ငဇင်ကာနှင့် တစိတ်တဝမ်းတည်းဖြစ်ကာ ဗရင်ဂျီဘာသာသို့ ဝင်သည်။ ဗရင်ဂျီ ဘုန်းကြီး အံထော်နီအာလမေတူ နှင့် ကူရုဇာစူ တို့က ဘာသာသို့ သွတ်သွင်းပေးသည်။

နောက်ဆုံးတိုက်ပွဲ

မြန်မာတို့သည် နေ့ကိုမတိုက်တော့ဘဲ ညကိုသာလျှင် တိုက်ကြတော့သည်။ တညတွင် တစုတရုံးတည်း သံလျင်မြို့ မြောက် မျက်နှာက မြို့ကို တဟုန်တည်း တက်ကြသည်။ မြန်မာစစ်သည် ၁၅၀ဝကျော်မျှ မြို့တွင်းဝင်မိရာ ပေါ်တူဂီဗိုလ်မှူးနှင့် ပေါ်တူဂီ ရဲမက်အပေါင်းတို့ ဖြိုးဖြိုးဖျဖျ လိုက်လံပစ်ခတ်တိုက်ခိုက်ကြသည်တွင် ဝင်မိသမျှသော လူ ၁၅၀ဝ-ကျော်တို့အနက် များစွာသေဆုံးကြပြီး မတက်မငင်နိုင်၍ ဆုတ်ခွာကြရကုန်သည်။ ထိုနောက် သက္ကရာဇ် ၉၇၄-ခုနှစ်၊ တန်းခူးလပြည့်နေ့တွင် မြန်မာသူရဲကောင်းတို့သည် အရှေ့မျက်နှာတံခါး၌ အစောင့်ထားသည့် ပေါ်တူဂီ ၁၂-ယောက်ကို ညတချက်တီးကျော်တွင် ထိုးခုတ်သတ်ဖြတ်၍ မြို့တံခါးကို ဖွင့်ပေးသည်နှင့် မင်း မဟာဓမ္မရာဇာ၏ ရဲမက်တို့သည် တဟုန်တည်း ဝင်ကြသည်။မြို့ လေးမျက်နှာကလည်း တညီတညွတ်တည်း တက်ကြသည်နှင့် မခံမရပ်နိုင်ဘဲ ၄င်းနေ့မိုးလင်းတွင် သံလျင်မြို့ ပျက်လေ သည်။ သံလျင်ပျက်လျှင် ဗိုလ်မှူးငဇင်ကာနှင့် နတ်သျှင်နောင်ကို လက်ရဖမ်းမိသည်။ ထိုနောက် မဟာဓမ္မရာဇာက ငဇင်ကာ အား …
”ငါအကြိမ်ကြိမ် စာပေးမှာထားသည်၊ ငါ့ရန်သူကို အပ်ရမည်ဆိုသည်ကို မပေးမအပ်နေသည်မှာ ယခုငါ့လက်သို့ ရောက်ပြီ။ အသနားခံ၍ တောင်းပန်လျှင် ချမ်းသာပေးမည်” ဟု မိန့်တော်မူသည်။
ပေါ်တူဂီဗိုလ်မှူးကလည်း “ကျွန်ုပ်တွင် အပြစ်မရှိသည်ကို အဘယ်ကြောင့်တောင်းပန်ရမည်နည်း၊ အရှင်မင်းကြီး၏ရန်သူ ကို လက်ခံသည်ဆိုရာမှာလည်း အရှင်မင်းကြီး၏ရန်သူဖြစ်ခဲ့လျှင် ခပ်သိမ်းသောသူအပေါင်းတို့၏ ရန်သူဖြစ်ရတော့အံ့လော၊ ကျွန်ုပ်အား မိတ်ဖွဲ့လာလျှင် ကျွန်ုပ်၏မိတ်ဆွေခင်ပွန်းဖြစ်သည်။ မိတ်ဆွေခင်ပွန်းကို အမှန် မချွတ်မယွင်း စွမ်းဆောင်ရမည် ဖြစ်၍ စွမ်းဆောင်ပေသည့်ဓမ္မတာအတိုင်း တနေ့မွေးလျှင် တနေ့သေရမြဲဖြစ်သည်။ ယခု အရှင်မင်းကြီး၏လက်သို့ရောက်၍ ပြုလိုရာပြုနိုင်မည်ပင်ဖြစ်တော့သည်။ သို့ရာတွင် ကျွန်ုပ်နှင့်တောင်ငူမင်းမှာ သေလျှင်သေချင်း၊ ရှင်လျှင်ရှင်ချင်း၊ သစ္စာကတိ ကြီးစွာရှိသည်။ သေလျှင်လည်းအတူ၊ ရှင်လည်း အတူတူဖြစ်လိုသည်” စသည်ဖြင့် မတုန်မလှုပ် လျှောက်ကြားသည်။
တဘန် တောင်ငူမင်းကို စစ်မေးပြန်ကလည်း “ငါ့အကြောင်းကို စစ်မေးလျှင် ငါ့အကြောင်းကို သိပြီးပင် ဖြစ်တော့သည်။ ဤ ပေါ်တူဂီအမျိုးသားတို့နှင့် ပေါင်းရှက်၍ တသွေးတည်းတသားတည်းဖြစ်ပြီးရကား သေဘေးကို ကြောက်သာတော့မည် မဟုတ်၊ ဓမ္မတာတမ်း ဖြစ်မြဲပျက်မြဲပင်။ ငါတယောက်တည်းသာ ဖြစ်ရပျက်ရသည် မဟုတ်၊ လက်သို့ရောက်သည်ဟု သတ် သော်လည်း ကိုယ်ကာယ အကောင်သာ သေမည်၊ အသက်ကို စိုးပိုင်သည်မဟုတ်၊ ပြုလိုရာ ပြုလေ၊ ခံမည်” ဟူ၍ မိန့်တော် မူလျှင် တောင်ငူမင်းနှင့် ငဇင်ကာတို့ကို သက္ကရာဇ် ၉၇၄-ခု၊ တန်းခူးလပြည့်ကျော် ၃-ရက်၊ စနေနေ့တွင် သံလျင်မြို့ ဈေးလည်၌ ကားကြက်၍ ကွပ်မျက်သည်။ သံလျင်တွင် အနိစ္စရောက်ရသည်ကို အကြောင်းပြု၍ နတ်သျှင်နောင်ကို သံလျင် ရောက် မင်းတရား ဟူ၍ တွင်သည်။ (ဤကား ပေါ်တူဂီရာဇဝင်နှင့် မဟာရာဇဝင်ကြီးတို့ကို အထောက်အထားပြု၍ ရေးသားအပ်သော နတ်သျှင်နောင်၏ အတ္ထုပ္ပတ္တိပေတည်း။)
စာသားတချို့ကို Myanmar Poem Scorner မှ မှီငြမ်းသည်။

https://www.facebook.com/photo.php?fbid=199350133528805 amp;set=a.199350116862140.45843.100003614593126&type=3



No comments: