Showing posts with label မှတ်စု. Show all posts
Showing posts with label မှတ်စု. Show all posts

Tuesday, July 17, 2012

နန်းပြာသာဒ်...၊ စိန်ပန်းနီ...၊ ပင်မဆောင်...၊ ရေနီမြောင်း (ဆူးငှက်)



    တက်ခေတ်မြန်မာလူငယ်များရဲ့ နယ်ချဲ့အစိုးရကို စုစည်းတွန်းလှန်အာခံကြရာမှာ ၁၉၂၀ခုနှစ် ဒီဇင်ဘာ လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပထမကျောင်းသားသပိတ်ကြီးက အထင်အရှားဖြစ်ပါတယ်။ မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာပြဌာန်းလိုက်တဲ့ The University Act (တက္ကသိုလ်အက်ဥပဒေ)ကို မကျေနပ်လို့ တက္ကသိုလ်ကျောင်းသား ကိုဘဦးအပါအ၀င် ကျောင်းသား ၁၁ ဦး ခေါင်းဆောင်တဲ့ ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီသပိတ်ကြီးကြောင့် တစ်တိုင်းပြည်လုံး အသိပညာတွေ တိုးတက်မြင့်မားလာခဲ့တယ်။ ပညာရေးနဲ့ ပတ်သက်တဲ့အမြင်တွေလည်း ကျယ်ပြန့်လာခဲ့တယ်။ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူတို့ရဲ့ ပူးပေါင်းညီညွတ်မှု လူထုတိုက်ပွဲတန်ဖိုးတွေနားလည်လာကြတယ်။ တိုးတက်တဲ့ သခင်ကျင့်၊ သခင်စိတ်ဓာတ်၊ သခင်အတွေးအခေါ် အတွက် စစ်မှန်တဲ့ ပညာရေးလိုအပ်မှုတွေသဘောပေါက်လာကြတယ်။ ကောလိပ်၊ တက္ကသိုလ်ကျောင်းတွေတိုးချဲ့ဖွင့်လှစ်ပေးဖို့ လိုလားလာကြတယ်။ အထက်မြန်မာပြည် မန္တလေးမြို့တော်မှာ ဥပစာကောလိပ်ကျောင်းတစ်ကျောင်းဖွင့်လှစ်ပေးဖို့ မန္တလေးသား ဗဟိုစည်ဦးဘဦး၊ ရသေ့ကြီးဦးခန္တီ၊ ကျောက်စာဝန်တော် စိန်ခို တို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြတယ်။ အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက်လျောရင်... မြို့လူထုက ကိုယ့်အလှူငွေနဲ့ကိုယ်... ကိုယ့်မြို့မှာ ကောလိပ်ကျောင်းတွေဖွင့်မယ်လို့လည်း တင်းမာလာကြတယ်။ နိုင်ငံရေးမျက်နှာစာ ဖက်ကလည်း ဂျီစီဘီအေဦးချစ်လှိုင်ကဦးဆောင်ပြီး တောင်းဆိုမှုတွေဖြစ်လာပါတယ်။

    ဒါကြောင့်လည်း ၁၉၂၃ခု နိုဝင်ဘာလမှာ ၀ံသာနုခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီမှာ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ဖို့ ဥပဒေကြမ်းတင်သွင်းခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ ၁၉၂၄ခု ဧပြီလမှာ အစိုးရက ဒီဥပဒေကိုပြင်ဆင်ဖို့အတည်ပြုပေးခဲ့ရတယ်။ ၁၉၂၄ခု ပြင်ဆင်ချက်ဥပဒေအရ အထက်မြန်မာပြည်မှာ ဥပစာ ကောလိပ်တစ်ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဇွန်လမှာပဲ ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့ပါတော့တယ်။ ဒီကော်မတီက အထက်ဗမာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမှာပဲဖွင့်လှစ်ဖို့ ဆုံးဖြတ်ပြီး ၁၉၂၅ခု ဇူလိုင်လ ၄ရက်နေ့မှာ မန္တလေးတောင်ပြင်ဗောဓိကုန်းရပ်မှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းထဲက တစ်ထပ်တိုက်လေးမှာပဲ မန္တလေးဥပစာကောလိပ်ကို စတင်ဖွင့်လှစ်လိုက်ပါတော့တယ်။ ဒီတစ်ထပ်တိုက်လေးဟာ... မန္တလေးတက္ကသိုလ်သက်တမ်းတစ်လျှောက် နယ်မြေအင်ဂျင်နီယာရုံးအဖြစ် ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ဝင်ပေါက်အရှေ့ဘက်က တစ်ထပ်အုတ်တိုက်အနီလေးပဲဖြစ်ပါတယ်။

    ယခုထက်တိုင် ခံ့ညားထယ်ဝါစွာမြင်တွေ့နေရဆဲဖြစ်တဲ့ ပင်မအဆောက်အဦကြီးဟာ မန္တလေးဥပစာ ကောလိပ် စတင်ဖွင့်လှစ်ခဲ့စဉ်က စိုက်ပျိုးရေးသိပ္ပံရုံးအဆောက်အဦးကြီးအနေနဲ့ တည်ရှိခဲ့တာပါ။ ဒီအဆောက်အဦကြီးဟာ ၁၉၂၁ခု သြဂုတ်လ ၂၉ရက်နေ့မှာ အုတ်မြစ်ချပြီး ၁၉၂၄ခု ဒီဇင်ဘာ ၂၂ရက်နေ့မှာ စိုက်ပျိုးရေးသိပ္ပံရုံးအဖြစ်ဖွင့်လှစ်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်အပြီး ၁၉၄၇ခုနှစ်မှာ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်တော့ ဒီစိုက်ပျိုးရေးသိပ္ပံရုံး အဆောက်အဦကြီးမှာ ဗဟိုစာသင်ခန်းမဆောင်ကြီးအဖြစ် ဖွင့်လှစ်သင်ကြားခဲ့ပြီးနောက် မန္တလေး တက္ကသိုလ်ရဲ့ ပင်မ ကျောင်းဆောင်ကြီးအဖြစ် ယနေ့ထက်တိုင် ထည်ဝါခံ့ညားစွာတည်ရှိနေခြင်းပဲဖြစ်ပါတယ်။

    မန္တလေးဥပစာကောလိပ်စတင်ဖွင့်လှစ်တော့ ကောလိပ်အုပ်ချုပ်ရေးအဖွဲ့မှာက ကပ္ပတိန်ကျော်ညွန့် (M.D) က သဘာပတိအဖြစ်ဆောင်ရွက်ပါတယ်။ ဆရာဆရာမတွေကတော့ မစ္စတာထင်စီ(M.A) ကျောင်းအုပ်ကြီးနဲ့ အင်္ဂလိပ်ဘာသာကထိက၊ ဦးဖိုးသာ(M.Sc) ရူပဗေဒနှင့် ဓာတုဗေဒ ကထိက၊ ဦးလှပေါ်ဦး(M.A)သင်္ချာကထိက၊ မစ္စတာ ဒက်စ်ဂူပကား ရာဇ၀င်ကထိက၊ ဦးဘကျား(B.A) ပါဠိနှင့် မြန်မာစာ၊ မစ္စတာအက်စ်ဒါမိုဒါရမ် သိပ္ပံပညာနည်းပြတို့ ဖြစ်ပါတယ်။

    မန္တလေးဥပစာကောလိပ်ကို အခက်အခဲအမျိုးမျိုးကြားကကြိုးစားဖွင့်လှစ်ပြီး ရှေ့ခရီးဆက်နိုင်ဖို့ ကြိုးပမ်းဆဲမှာပဲ လှေလှော်ရင်း တက်ကျိုးမယ့်ကိန်းဆိုက်မယ့်ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာပါတယ်။ ဒီဖြစ်ရပ်ကတော့ ၁၉၂၆ ခု သြဂုတ်လမှာပဲ ဥပဒေပြုကောင်စီမှာ ရွှေတောင်းကြားပါတီက မန္တလေးဥပစာကောလိပ်ဟာ ကျောင်းသားဦးရေနည်းလို့ ပိတ်ပစ်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူးရှင်။ ပကတိစစ်မှန်တဲ့အခြေအနေကြောင့်မဟုတ်ဘဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ ဂိုဏ်ဂဏစွဲနှင့် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်အမျိုးသားရေးကိစ္စဘက်ကို သစ္စာဖောက်တာမို့ ဒီအဆို မအောင်မြင်တာပဲဖြစ်ပါတယ်။ ဒါနှင့် မကျေနပ်နိုင်ကြသေးပါဘူး။ မန္တလေးဥပစာကောလိပ်ပိတ်ရေးကိစ္စကို နည်းအမျိုးမျိုးနှင့် ဆက်လက်ကြံစည်နေကြဆဲဖြစ်ပါတယ်။

    တကယ်တော့ မန္တလေးဥပစာကောလိပ်ကို ကျောင်းသူ ၂ယောက် အပါအ၀င် ကျောင်းသား ၃၁ယောက် နဲ့ပဲ စတင်ဖွင့်လှစ်ခဲ့ပေမယ့်၊ ကျောင်းဘောလုံးသင်းလည်းထူထောင်နိုင်ခဲ့တယ်။ နောင်နှစ်တွေ နောင်နှစ်တွေမှာ ကျောင်းသူ၊ ကျောင်းသား ၆၆ယောက်အထိတိုးလာတယ်။ အဆောင်နေကျောင်းသူ ကျောင်းသားလည်း ၁၆ယောက်အထိထိုးလာတယ်။ ၁၉၂၈ခုနှစ်ရောက်တော့ မန်းကောလိပ်မဂ္ဂဇင်းကို ပထမထုတ်ဝေလာနိုင်တယ်။ ထူးခြားတာက အဲဒီနှစ်မှာ မန္တလေး ဥပစာကောလိပ်ကျောင်းသား ကိုဘရှိန်းက ဧရာဝတီမြစ်ရိုးတစ်လျှောက် တစ်ကိုယ်တော်စက်ဘီးခရီးစဉ်ကို အောင်မြင်စွာ ဆင်နွဲနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

    ဥပစာကောလိပ်မှာ ပညာရေးသာမက ဘာသာရေး၊ လူမှုရေးပိုင်းလည်း မလစ်ဟင်းတာမို့ ကျောင်း ကထိန်ပွဲတော်တွေဟာ စည်ကားလှပါတယ်။ ဒီပွဲတော်တွေမှာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အနုပညာစွမ်းရည်တွေလည်း ပြသနိုင်ပါသေးတယ်။ မိုးဒေ၀ါမလှရွှေအဖြစ် ကျော်ကြားလာမယ့် ကျောင်းသူမလှရွှေ၊ မသိန်းညွန့်၊ မသန်းမြင့်တို့ ညီအစ်မ တွေသာမက၊ မကြည်ကြည်၊ မအုန်းခင်၊ လူထုဒေါ်အမာဖြစ်လာမယ့် မအမာ၊ အမ်အေဒေါ်အုန်းဖြစ်လာမယ့် မအုန်းတို့က လည်း မန္တလေးသူတွေပီပီ ကျောင်းကပွဲတွေမှာ အစွမ်းပြခဲ့ကြတယ်။

    မန္တလေးဥပစာကောလိပ်က မွေးဖွားပေးလိုက်တဲ့ သားကောင်း၊ သမီးကောင်းရတနာတွေလည်း မနည်းလှပါဘူး။ ကျောင်းသူ၊ ကျောင်းသားနည်းခဲ့ပေမယ့် အဖိုးတန်ရတနာချည်းမို့ သမိုင်းစာမျက်နှာမှာ ကမ္ပည်းတင် ဂုဏ်မြောက်ခဲ့သူချည်းပါပဲ။ ၀န်ကြီး ဦးကျော်ငြိမ်း၊ စာရေးဆရာသိန်းဖေမြင့်၊ သံအမတ်ကိုလှမောင်၊ ဆိုရှယ်နီ သခင် လေးမောင်၊ ၀န်ကြီး ဗိုလ်ခင်မောင်ကလေး၊ ကိုခင်မောင်မောင်၊ တိုင်းချစ်သခင်သိန်းဖေ၊ စာရေးဆရာဇေယျာမောင်(ကျောင်း အုပ်ကြီး ဦးကိုလေး)၊ သခင်ဗဟိန်း၊ လူထုဒေါ်အမာ၊ အမ်အေဒေါ်အုန်း၊ မိုးဒေ၀ါမလှရွှေ၊ မသိန်းလှ၊ မသန်းမြင့်၊ ဒေါက်တာ မောင်ဒီ၊ ပွဲကုန်းကိုလှဖေ၊ ဆရာဝန် စာရေးဆရာ ဒေါက်တာထွန်းရွှေ စသူတို့ဟာ မန္တလေး ဥပစာကောလိပ်ကျောင်းထွက်တွေပါပဲ။

    ဒီလိုနဲ့ မန္တလေးဥပစာကောလိပ်ဟာ မန္တလေးရွှေမြို့တော်ကြီးရဲ့ သားသမီးရတနာဖြစ်ရုံမက၊ အထက် မြန်မာပြည်ရဲ့ မြေးရတနာလည်းဖြစ်ပါတယ်။ အနှောက်အယှက်အဖျက်အဆီးကြားက ခက်ခက်ခဲခဲမွေးဖွားကြီးပြင်းလာပြီး လူလားမြောက်မတ်တတ်ပြေးတဲ့ အရွယ်မို့ ဘိုးဘွားမိဘတွေဝမ်းသာပီတိဖြစ်ရပါပြီ။ ၁၉၂၅ခုနှစ်က မွေးဖွားပြီး အခု ၁၉၃၀ ခုနှစ်ဆိုတော့ ၅နှစ်သားသမီးအရွယ် ဘိုးဘွားမိဘတွေ အတွက် စိတ်ကူးယဉ်မှုတွေ၊ မျှော်လင့်ချက်တွေအများကြီး ထားရမယ့်အရွယ်ပါပဲ။ ဒီ အချိန်မှာ မြန်မာပြည်ရဲ့နိုင်ငံရေးမျက်နှာစာမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါပြီ။ မြန်မာပညာတတ်လူငယ်များရဲ့ သခင်အကျင့်၊ သခင်စိတ်ဓာတ် ပိုမိုခိုင်မာစုစည်း အားကောင်းလာပြီး လွတ်လပ်ရေးအတွက် မဆုတ်မနစ်ဦးဆောင်ကြဖို့ သန္နိဋ္ဌာန်ချကြတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့် သခင်ဘွဲ့ခံ လူငယ်တွေက ‘တို့ဗမာ အစည်းအရုံးကြီး’ဖွဲ့စည်းခဲ့ပါတယ်။ ဒီအခြေအနေတွေဟာ လူမမယ်မန္တလေးဥပစာကောလိပ်အတွက်လည်း ရှေ့ဆောင်လမ်းပြ မျှော်လင့်ချက်တွေပဲ မဟုတ်ပါလား။

    ၁၉၃၀ခုနှစ်ဟာ တို့ဗမာအစည်းအရုံးကြီးဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါ့အပြင် အင်္ဂလိပ်အပါအ၀င် မဟာမိတ်နိုင်ငံကြီးများ အကျပ်အတည်းကျရောက်တဲ့နှစ်လည်းဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ သဿမေဓအခွန်နဲ့ပတ်သက်ပြီး ဆရာစံ ဦးဆောင်တဲ့ လယ်သမားသူပုန်လည်း ပေါ်ပေါက်လာခြင်းနှင့်အတူ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့်လည်း အင်္ဂလိပ်အစိုးရမှာ ဘေးကျပ်နံကျပ်ဖြစ်တဲ့နှစ်ပါပဲ။ ဒါကြောင့် ‘အင်္ဂလိပ် အခက်၊ ဗမာ့အချက်’ဆိုပြီး မျိုးချစ်လူငယ်တွေရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုအရှိန်အဟုန်မြှင့်တင်ကြပါတယ်။ အင်္ဂလိပ်အစိုးရက ဘတ်ဂျက်အသုံး တစ်နှစ်မှာရှစ်သောင်းကျသင့်နေတဲ့ မန္တလေး ဥပစာကောလိပ်ကို ပိတ်ပစ်ဖို့အသံတွေ အလိုတော်ရိတွေကြား ဆူဆူညံညံကြားလာရပြန်ပါပြီ။

    ဒီတစ်ခါ မန္တလေးမြို့ခံများဖြစ်တဲ့ ဦးစိန်ရိုး၊ ဗဟိုအမျိုးသားကျောင်းအုပ်ကြီးဦးရာဇာတ်၊ အမရပူရ ဦးဘသီ၊ စမစ်ဂန်ဂျာဆင်း၊ ဒေါက်တာဘနှစ်၊ ဒေါ်မြ အစရှိတဲ့ ပုဂ္ဂိုလ်များက မန္တလေးဥပစာကောလိပ်ပိတ်ရေးအစီအစဉ်ကို ရှေ့တန်းက ကန့်ကွက်ကြတယ်။ ဆရာကြီးဦးရာဇာတ်ဆိုတာ ဗဟိုအမျိုးသားကျောင်း ကျောင်းအုပ်ကြီးဖြစ်ရုံမက၊ မန္တလေးမြို့ခံ ကျောင်းသူ ကျောင်းသားများ၊ ကျောင်းသားမိဘများက လေးစားမြတ်နိုး အားကိုးသူ မျိုးချစ်တစ်ဦးဖြစ်လေတော့ ဆရာကြီး နောက်မှာလည်း မြို့လူထုက အားပေးထောက်ခံကြတယ်။ မြို့ခံသတင်းစာတွေကလည်း မန္တလေးဥပစာကောလိပ်ပိတ်မယ့်အရေးကို ဆန့်ကျင်ကန့်ကွက်ကြတယ်။ ဒီအချိန်မှာပဲ မန္တလေးဥပစာကောလိပ်ကျောင်းအုပ်ကြီး အေဒီမာရှယ်က မန္တလေးဥပစာကောလိပ်ပိတ်ရေးကိစ္စမှာ ကျောင်းသားတွေရဲ့မေးမြန်းမှုအပေါ် မချေမငံဖြေကြားမှုမီပွားကစပြီး အိမ်တော်ရာဘုရား ၁၄ခန်းဇရပ်ကြီးမှာ ကျောင်းသားတွေက သပိတ်မှောက်ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြမှုအောင်မြင်ရေးအတွက် ဥပစာကောလိပ်ကျောင်းသားတွေက ဗဟိုအမျိုးသားကျောင်းအုပ် ဆရာကြီးဦးရာဇာတ်ဆီက အကြံဥာဏ်များရယူခဲ့ပါတယ်။ အိမ်တော်ရာ ၁၄ခန်းဇရပ်က ကျောင်းသားတွေရဲ့ သပိတ်မှောက်ဆန္ဒပြမှုက ရဟန်းပျိုသမဂ္ဂ၊ ဈေးချိုတော်နဲ့ မန္တလေးမြို့လူထုက အားပေးထောက်ခံခဲ့ ပါတယ်။ ဒါကြောင့်လည်း မန္တလေးဥပစာကောလိပ်ပိတ်ပစ်ရေးအစီအစဉ်တွေ မအောင်မြင်ခဲ့ပါဘူး။ ဒီလိုနဲ့ မန္တလေးဥပစာကောလိပ်ဟာ အောင်ပန်းပန်ဆင်ပြီး ကြွားကြွားဝံ့ဝံ့ ဆက်လက်တည်ရှိခဲ့ပါတယ်။ မန္တလေးဥပစာကောလိပ်ကျောင်းသားများဟာလည်း မန္တလေးဈေးချိုတော် အပါအ၀င် မန္တလေးမြို့လူထုရဲ့ ရင်နှစ်သည်းချာတွေဖြစ်ခဲ့လေတော့ အားလုံးကလည်းအရေးပေးကြပါတယ်။

    ၁၉၄၂ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ရက်နေ့မှာတော့ အင်္ဂလိပ်တို့အားအကိုးဆုံး စင်္ကာပူခံတပ်ကြီး ဂျပန့်လက်အောက် ကျရောက်ခဲ့ပြီး အဲဒီနှစ်မတ်လ ၈ရက်နေ့မှာတော့ ရန်ကုန်မြို့မှာဂျပန့်အန္တရာယ် စစ်ရိပ်သန်းလာတာမို့ ရန်ကုန်မြို့က မီးသတ်စက်အပါအ၀င် အုပ်ချုပ်ရေးရုံးတွေ မန္တလေးမြို့ကိုပြောင်းရွှေ့ဆုတ်ခွာလာ ကြပါပြီ။ ၁၉၄၂ခု ဧပြီလ ၃ရက်(၁၃၀၃ခုနှစ်၊ နှောင်းတံခူးလဆုတ် ၄ရက် သောကြာ)နေ့၊ နံနက် ၁၀နာရီလောက်မှာ အစင်း ၈၀ လောက်ပါတဲ့ ဂျပန်လေတပ်က မန္တလေးတစ်မြို့လုံးကို စိစိညက်ညက်ကျေအောင် ဗုံးကြဲတိုက်ခိုက်ပါတော့တယ်။ ဒီလိုနဲ့ နောက် ၁လမျှအကြာ ၁၉၄၂ခု၊ မေလ ၁ရက်နေ့မှာတော့ ဂျပန်က မန္တလေးကို သိမ်းပိုက်လိုက်ပါတော့တယ်။ မန္တလေး ဆေးရုံကြီး၊ ဝေလမင်းသမီးမျက်စိနာကုဆေးရုံ၊ ၃မှတ်၊ ၁၈မှတ်၊ ၁၁မှတ်၊ ၁၇မှတ် ဂတ်တဲတွေ၊ ကြေးနန်းရုံး၊ ဓာတ်စက်ရုံ၊ ကုန်ရုံ၊ ဘူတာကြီး၊ မီးသတ်စက်၊ ရိုးကုမ္ပဏီ၊ အင်ပီရီယယ်လ်ဘဏ်၊ ဗဟိုအမျိုးသားအထက်တန်းကျောင်း အပါအ၀င် လူနေရပ်ကွက်တွေ ဈေးတွေကျောင်းတွေ ဘုရားကျောင်းဇရပ်တွေ စစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ပါပြီ။  လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်၊ တံတားတွေဖျက်ဆီးခံရတာနှင့်အတူ အင်းဝတံတားကြီးကိုလည်း ၁၉၄၂ခု ဧပြီ ၃၀ရက်နေ့မှာပဲ ဂျပန်အ၀င်မှာ အင်္ဂလိပ်ကဗုံးခွဲလို့ ပေါင်းကူးကုန်းမှတ် ၇ နဲ့ ၈ လည်း ကျိုးပြတ်ပျက်စီးကာ အဆက်အသွယ် ပြတ်တောက်ကုန်ပါပြီ။

    ဒီအချိန်မှာ မန္တလေးစိုက်ပျိုးရေးကောလိပ် ဓာတုဗေဒဌာနတာဝန်ခံဒေါက်တာ အာယားနေရာမှာ စစ်မဖြစ်မီ သီသီရုန်းပြီး လန်ဒန်က ရန်ကုန်ကိုပြန်ရောက်လာတဲ့ မန္တလေးဥပစာကောလိပ်ကျောင်းသားဟောင်း ဆရာဦးကိုလေးဟာ မန္တလေးစိုက်ပျိုးရေး ကောလိပ်ကိုသာမက မန္တလေးဥပစာကောလိပ်ကိုပါ ထိန်းရသိမ်းရစောင့်ရှောက်ရပါ သေးတယ်။ မန္တလေးမှာ စစ်ကြီးဝင်ရောက်လာတာနဲ့ မန္တလေးဥပစာကောလိပ်လည်း ပိတ်လိုက်ရပါတော့တယ်။

    ဂျပန်လက်အောက်ကျရောက်ခဲ့တဲ့ မန္တလေးဟာ ၁၉၄၅ခု၊ မတ်လ ၂၀ရက်နေ့မှာတော့ ရဲဘော် ၃ကျိပ်နှင့်အတူ ပြည်တွင်းကမျိုးချစ်ပါတီများက မဟာမိတ်တပ်တွေနဲ့ ပြန်လည်ပူးပေါင်းပြီး ဂျပန့်လက်အောက်က လွတ်မြောက်စေခဲ့ပါတယ်။ တစ်ပြည်လုံး အတိုင်းအတာအနေနဲ့ ၁၉၄၅ခု မတ်လ ၂၇ရက်နေ့မှ ဂျပန်ကိုတော်လှန်ခဲ့ ပေမယ့် အထက်ဗမာပြည်အနေနဲ့ အခြေအနေနဲ့ အချိန်အခါအရ မတ်လ(၈)ရက်နေ့မှာပဲ ဂျပန်ကို စတင်စစ်ကြေညာခဲ့ပါ တယ်။ ဘုရားကြီးအနောက် ၄၅တာမှာရှိတဲ့ အဆောက်အဦတစ်ခုမှာ အထက်ဗမာပြည်စစ်ရုံးချုပ်ဖွင့်လှစ်ပြီး ဗိုလ်မှူးဗထူး ကိုယ်တိုင်ဒီရုံးကနေဂျပန်ကို စစ်ကြေညာလက်မှတ်ရေးထိုးခဲ့တာပါ။ အခုဗိုလ်ဗထူးလမ်းမှာ ဗုဒ္ဓပြတိုက်အဖြစ်ဖွင့်လှစ်ထားတဲ့ အဆောက်အဦးပဲဖြစ်ပါတယ်။ ၁၉၄၅ခု မတ်လ ၂၀ရက်နေ့မှာပဲ မန္တလေးမြို့တွင်းမှာ ရန်သူဂျပန်တွေ မရှိတော့ကြောင်း ကြေညာလိုက်တာမို့ စစ်ကိုင်းမင်းဝံတောင်ရိုးမျာ တိမ်းရှောင်စစ်ခိုနေတဲ့ မန္တလေးသူ၊ မန္တလေးသားတွေဟာ မတ်လ ၂၃ ရက်ရောက်တော့ ကူးတို့သင်္ဘောကြီးနဲ့ စစ်ကိုင်းဆိပ်ကမ်းကမန္တလေးဘက် အမရပူရစံရွေးဆိပ်ဆီကူးကာ မိမိဇာတိရပ်ဆီ ‘ပြည်တော်ဝင်’နိုင်ခဲ့ကြပါပြီ။

    ဂျပန့်လက်အောက်က မန္တလေးလွတ်မြောက်ပြီး ၁၉၄၅ခု ဧပြီလဆန်း ၁၀ရက်ဝန်းကျင်မှာပဲ မန္တလေး ၈၄ လမ်း ကျောက်သွေးတန်းရပ်က ရန်ကုန်ကိတ်မုန့်တိုက်အဆောက်အဦအပေါ်ထပ်မှာ ဆရာကြီးဦးရာဇာတ်၊ လူထုဦးလှ စသူတို့ ဦးဆောင်ကာ အထက်ဗမာပြည် ဖ.ဆ.ပ.လအဖွဲ့ချုပ်ရုံးဖွင့်လှစ်ပါတယ်။ ဒီရုံးကို ဆရာဦးကိုလေး(စာရေးဆရာ ဇေယျာမောင်)မကြာမကြာရောက်လာပြီး ဆရာကြီးဦးရာဇာတ်နဲ့ မန္တလေးဥပစာကောလိပ်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တက္ကသိုလ်အဆင့်သို့ မြှင့်တင်နိုင်ရေးများကို ဆွေးနွေးလေ့ရှိပါတယ်။ ဒီလိုဆွေးနွေးမျှော်လင့်မှုတွေဟာ မကြာခင်မှာ ပြောင်းလဲလာတဲ့ မြန်မာပြည်နိုင်ငံရေးအခြေအနေများနှင့် အကောင်အထည်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအစိုးရအဖွဲ့မှာ ၀န်ကြီးအဖြစ်ဆရာကြီးဦးရာဇတ် ရန်ကုန်ကိုရောက်ရှိပြီးတဲ့ နောက် ဆရာဦးကိုလေးကိုလည်း ပြန်ကြားရေးဌာနမှသည် ပညာရေးဌာနသို့ပြောင်းရွှေ့အမှုထမ်း စေခဲ့ပါတယ်။ ဒါကြောင့် ၁၉၄၆ခုနှစ် အောက်တိုဘာလမှာပဲ ဆရာဦးကိုလေးတစ်ယောက် ရန်ကုန်တက္ကသိုလ်မှာ ရောက်ရှိအမှုထမ်းခဲ့ပါပြီ။ ၁၉၄၇ခု ဧပြီလရောက်တော့ ဆရာကြီး ဦးရာဇတ်က ဆရာဦးကိုလေးကို ကင်းဘဲလမ်း အိမ်အမှတ် ၁၀ပေါ်မှာ ခေါ်တွေ့ပြီး မန္တလေးဥပစာကောလိပ်ပြန်ဖွင့်ဖို့ ဥပစာကောလိပ်က ဒီကရီကောလိပ်၊ ဒီကတစ်ဆင့် အထက်ဗမာပြည်အတွက် သီးခြားတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဖို့ ဆက်လက်ရွက်ဆောင်ကြိုးပမ်းရန် ကိစ္စတွေ မှာကြားပါတော့တယ်။

    ဒီလိုနဲ့... ၁၉၄၇ခုနှစ် မေလ ၂၉ရက်နေ့မျာ ဆရာဦးကိုလေး(၀ါ)စာရေးဆရာဇေယျာမောင်ဟာ စစ်ကြီးကြောင့်ပိတ်ခဲ့ရတဲ့ မန္တလေးဥပစာကောလိပ်မှာ ကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူကာ စစ်ကြီးကြောင့်ပိတ်ခဲ့ရတဲ့ မန္တလေးဥပစာကောလိပ်ကိုပြန်လည် ဖွင့်လှစ်ဖို့ပြင်ဆင်ရပါ တော့တယ်။ ဆရာဦးကိုလေးဟာ စစ်ကြီးကြောင့်ပျက်စီးယိုယွင်း ပြီးနေရာပျောက်ခဲ့ရတဲ့ မန္တလေးဥပစာကောလိပ် အတွက် အဖက်ဖက်ကလိုအပ်ချက်တွေ ပြန်လည်စုဆောင်းရှာဖွေတည် ထောင်ပြီး စာသင်ခန်း၊ စာသင်ဆောင်၊ ကျောင်းဆောင် နေရာများပြန်လည်ရယူကာ ကြိုးပမ်းခဲ့တာကြောင့် ဆရာကြီးဦးရာဇတ် မျှော်မှန်းအကောင်အထည်ဖော်စေချင်တဲ့ မန္တလေးယူနီဗာစီတီ ကောလိပ်အဖြစ် ၁၉၄၈ခု ဇွန်လမှာပဲ အောင်မြင် စွာဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ဒါပေမယ့်... ဆရာကြီးဦးရာဇတ်မှာတော့ သူမျှော်လင့်ခဲ့တဲ့ မန္တလေးယူနီဗာစီတီကောလိပ် ကျောင်းကြီးကိုဖြင့် မြင်တွေ့ခွင့်မရခဲ့တော့ပါဘူး။ မန္တလေးယူနီဗာစီတီကောလိပ်ကြီး မဖွင့်လှစ်မီ ၁နှစ်ခန့်အလို ကြိုးစားပမ်းစားပြင်ဆင်နေဆဲ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာပဲ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး ၉ဦး ကျဆုံးသွေးမြေကျမှုမှာပါဝင်သွားခဲ့ပါပြီ...။  ဒါကြောင့် ၁၉၄၈ခုနှစ် ဇွန်လမှာ အခက်အခဲကြားကဖွင့်လှစ်လိုက်တဲ့ ‘မန္တလေးယူနီဗာစီတီကောလိပ်’ ကျောင်းတော်ကြီးကို ဆရာကြီး ဦးရာဇတ်က ဟို... တမလွန် ကောင်းကင်ဘုံကနေ မဲ့ပြုံးအကြည့်နဲ့ ကျေနပ်ပီတိဖြစ်နေမှာကတော့ မလွဲဧကန် ဖြစ်ပါတယ်။

    ၁၉၄၈ခုနှစ် ဇွန်လမှာ မန္တလေးယူနီဗာစီတီကောလိပ်ကို ဆရာကြီးဦးရာဇတ်နေရာ တာဝန်ယူခဲ့တဲ့ ပညာရေးဝန်ကြီး စောစံဖိုးသင်က လာရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်ပွဲဟာ အဲဒီခေတ် အဲဒီအချိန်ကဖြင့် ကြီးကျယ် ခမ်းနားခဲ့ပါတယ်။ ပညာရေးဝန်ကြီးရောက်ရှိခြင်း၊ မန္တလေးမြို့ဝန်ရဲ့နှုတ်ဆက်မိန့်ခွန်း၊ ကျောင်းတိုက်အုပ်ချုပ်ရေး သဘာပတိနှုတ်ဆက်မိန့်ခွန်း၊ တက္ကသိုလ်ကျောင်းတိုက် ကျောင်းအုပ်ကြီးအစီရင်ခံစာ၊ ပညာရေးဝန်ကြီး ပြန်ကြားမိန့်ဆိုချက်၊ ကျောင်းတိုက်ဝန်း၊ ကျောင်းဆောင်များသို့ ပညာရေးဝန်ကြီးလှည်လည်ကြည့်ရှု့ ခြင်း အစီအစဉ်များ ပါရှိခဲ့တယ်။ မန္တလေးဥပစာကောလိပ်ဖွင့်ပွဲအခမ်းအနားမှာ ဖတ်ကြားခဲ့တဲ့ ကျောင်းအုပ်ကြီးရဲ့အစီရင်ခံစာ အစီအစဉ်မှာ ဆရာဦးကိုလေးက အခုလိုရေးသားတင်ပြ အစီရင်ခံထားပါတယ်။

    ဒီအစီရင်ခံစာမှာပဲ ပစ္စည်းပစ္စယ၊ ပရိဘောဂသာမက၊ ကျောင်းဆောင်၊ စာသင်ခန်းရရှိမှု၊ ဆရာဆရာမ စုဆောင်းရှာဖွေရမှု၊ ပထမဆုံး အမျိုးသမီးအဆောင်ဖွင့်လှစ်ရမှု၊ တက္ကသိုလ်နှင့်ပတ်သက်တဲ့ အရေးတကြီးစီမံဆောင်ရွက်ရ မှုတွေကိုလည်း အခုလိုဆက်လက်အစီရင်ခံဖောပြခဲ့ပါတယ်။

    ယခုစစ်ကြီးအပြီးဖွင့်လှစ်တဲ့ မန္တလေးယူနီဗာစီတီကောလိပ်ရဲ့ကနဦးအစ ၁၉၂၅ခုနှစ်ကစပြီး ဖွင့်လှစ်ခဲ့တဲ့ မန္တလေးဥပစာ ကောလိပ်ကပေါ်ထွက်ခဲ့တဲ့ ထင်ရှားကျော်ကြားတိုင်းပြည်ဂုဏ်ဆောင်ပုဂ္ဂိုလ်များကိုလည်း ဆရာဦးကိုလေးက အစီရင်ခံစာမှာ အခုလို အမှတ်တရ ဖော်ပြဂုဏ်ပြုလိုက်ပါသေးတယ်။

    တကယ်တော့ တက္ကသိုလ်ဆိုတာ စာမေးပွဲအောင်ရုံ၊ ဘွဲ့လက်မှတ်ရရုံပဲလား။ ဒီထက်မက ကျယ်ဝန်းနက်ရှိုင်းတဲ့ အဓိပ္ပါယ် ရှိသလားဆိုတာကိုလည်း ဆရာဦးကိုလေးက အစီရင်ခံစာမှာ ရှင်းလင်းပြတ်သားစွာ ဖွင့်ပြခဲ့ပါတယ်။

    မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်ပွဲအခမ်းအနားမှာ နောက်ထပ်ထူးခြားမှုတစ်ခုကတော့ အနုပညာထွန်းကားတဲ့ ရွှေမြို့တော်ကြီးပီပီ ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာပိုဒ်စုံရတုကို မြန်မာစာနည်းပြ ဦးလှတင်က ရေးစပ်သီကုံးပြီး မြန်မာစာနည်းပြဆရာမ ဒေါ်သန်းမေက ဂုဏ်ပြုသီဆိုခဲ့ခြင်းပဲဖြစ်ပါတယ်။

    ထိုမျှမကသေးပါဘူး ဖွင့်ပွဲအထိမ်းအမှတ် ကျောင်းကပွဲအစီအစဉ်မှာ သီချင်း၊ တေးဂီတ၊ ယိမ်းအကများ နှင့်အတူ ဆရာမြို့မငြိမ်းရဲ့ တက္ကသိုလ်ကျောင်းတိုက်ဂုဏ်ပြုပဏာမသီချင်းကို ကျောင်းသူများက သီဆိုကြပြီး ကျောင်းသူ မတင်တင်မြင့်နဲ့ မစီစီဝင်းတို့က ကပြဖျော်ဖြေခဲ့ကြပြန်ပါတယ်။ ဒီလိုနဲ့ မန္တလေးယူနီဗာစီတီကောလိပ်ကြီးဟာ တစ်နှစ်ပြီး တစ်နှစ် သင်ကြားပို့ချတဲ့ပညာရပ်တွေ လည်း တိုးချဲ့လာ...။ ကျောင်းသူ၊ ကျောင်းသားတွေလည်းများပြားလာ ကျောင်းဆောင် အဆောက်အဦးတွေလည်း အသစ်အသစ် ပေါ်ထွန်းလာပါတော့တယ်။ စစ်ကြီးမတိုင်မီက စိုက်ပျိုးရေးသိပ္ပံရုံး အဆောက်အဦးကြီးကိုလည်း ပင်မဗဟိုစာသင်ဆောင်အဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၅၂ခုနှစ်မှာတော့ မန္တလေးယူနီဗာစီတီ ကောလိပ်ရဲ့ရှေ့ဆောင်လမ်းပြ ဆရာကြီးဦးရာဇတ်ကိုဂုဏ်ပြုတဲ့ ရာဇတ်ခန်းမကြီး ကိုဆောက်လုပ်ကာ အပေါ်ထပ်မှာ စာကြည့် တိုက်ဖွင့်လှစ်နိုင်ခဲ့ပါပြီ။

    ဒီလိုနဲ့ ရွက်ကြွေ... မြေသက်...၊ မိုးစက်သွန်းချ...၊ နှင်းခ ဆောင်းပန်းချီ... ရာသီအလီလီပြောင်းခဲ့ပါပြီ။ ရာသီအလီလီ ပြောင်းပေမင့် အညာဒေသရဲ့အမှတ်လက္ခဏာတမာတန်းရဲ့အေးမြတဲ့အရိပ်၊ လေအသင့်မှာ နင့်ကနဲသင်းတဲ့ တမာပွင့်ရနံ့...၊ ဆည်တော် မြောင်းမကြီးက ဖောက်သွယ်စီးဆင်းစေတဲ့ အေးမြရေနီမြောင်းရေအယဉ်တွေနဲ့ မန္တလေး တက္ကသိုလ်ရဲ့ သဘာဝရှုခင်းတွေဟာ တက္ကသိုလ်မြေ ကို ရောက်ရှိထိတွေ့၊ ပက်သက်၊ ခံစားသူတိုင်းမှာ လွမ်းဆွတ်ဖွယ် နှလုံးခိုက်ကြရပါတယ်။

    ဒါကြောင့် မန္တလေးတက္ကသိုလ်ကကဗျာစာဆိုတွေကလည်း သူတို့ရေးဖွဲ့တဲ့ကဗျာတွေက မန္တလေးတက္ကသိုလ် အလွမ်းတွေဟာဖြင့် ရသမြောက်ခဲ့ကြတာမို့ ယနေ့အထိ မြန်မာစာပေသမိုင်းမှာ အထင်ကရရှိနေခဲ့ကြတာ ဂုဏ်ယူစရာပါပဲလေ...၊ ဒီကဗျာ...၊ ဒီအလင်္ကာ...၊ ဒီစာပေတွေနဲ့ ရေးစပ်ဆိုသူ ကျောင်းတော်သားကဗျာဆရာ စာရေးဆရာတို့ရဲ့ ဂုဏ်ပုဒ်တွေကလည်း မန္တလေးတက္ကသိုလ်ကျောင်းတော်ကြီးနဲ့အတူ ထွန်းလင်း၊ တောက်ပ၊ ၀င်းလက်လာပါတော့တယ်။ ရေမြင့်တော့ကြာတင့်၊ ကြာတင့်တော့ကန်သာသာတဲ့ သဘောပါပဲလေ။

    စာပေအနုပညာ၊ ရိုးရာယဉ်ကျေးမှုမျှသာမက... နိုင်ငံရေးမျက်နှာစာမှာလည်း မန္တလေးယူနီဗာစီတီ ကောလိပ်မှသည် မန္တလေးတက္ကသိုလ်အထိ ရပ်တည်လှုပ်ရှားမှုများ အထင်အရှားခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဌများအဖြစ် ၁၉၄၇- ၄၈ မှာ ကိုလှမောင်၊ ၁၉၄၈- ၄၉ မှာ ကိုလှမျိုးသန့်၊ ၁၉၅၁- ၅၂ မှာ ကိုမျိုးညွန့်၊  ၁၉၅၆- ၅၇ မှာ ကိုကျော်စိုး၊ ၁၉၅၇- ၅၈မှာ ကိုစောလွင်တို့တာဝန်ယူခဲ့ကြပြီး မန္တလေးတက္ကသိုလ်သီးခြားဖြစ်တည်နိုင်ရေးအတွက် ၁၉၅၅ခုနှစ် နိုဝင်ဘာလမှာတစ်ကြိမ်၊ ၁၉၅၆ခု သြဂုတ်လ ၂၅ရက်မှာတစ်ကြိမ်၊ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်တောင်းဆိုခဲ့ကြပါတယ်။ ၁၉၅၇ ဇွန်လ ၅ရက် သတင်းစာရှင်းလင်းပွဲမှာတော့ ၀န်ကြီးချုပ်ဦးနုက ဒီအဆိုတွေကို ထောက်ခံခဲ့ပါတယ်။ ဒီနောက် ၁၉၅၇ခု သြဂုတ်လ ၅ရက်နေ့၊ မန္တလေးတက္ကသိုလ်အတွင်း ရာဇာတ်ခန်းမဆောင်မှာကျင်းပတဲ့ အစည်းအဝေးကနေ မန္တလေးတက္ကသိုလ် သီးခြားဖြစ်ရေးအဆိုကို ကျောင်းသားများသမဂ္ဂကပဲ ထပ်မံပြီးတောင်းဆိုလိုက်ပါတော့တယ်။

    ဒီလို... ဒီလို... အခြေအနေတွေကြောင့် ကျောင်းအုပ်ကြီးဦးကိုလေးက မကြာမီသီးခြားတက္ကသိုလ် ဖြစ်တော့မယ်။ မကြာမီသေချာပေါက်ပေါ်လာတော့မယ့် မန္တလေးတက္ကသိုလ်အတွက် ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများပူပေါင်းပြီး တက္ကသိုလ်ဂုဏ်ရောင်ထွန်းပြောင်ရေးကြိုးပမ်းကြဖို့ ဆော်သြခဲ့ပါတယ်။

        ၁၉၂၅ခုနှစ်က ဥပစာကောလိပ်ငယ်အဖြစ် အလူးလူးအလိမ့်လိမ့်ဖွင့်လှစ်ရပ်တည်ခဲ့ရတဲ့ နောက် ၁၉၄၇ခုနှစ်မှာ ယူနီဗာစီတီကောလိပ်အဖြစ်တစ်ဆင့်မြှင့်တင်ပြီးနောက် အခု... ၁၉၅၇- ၅၈ ခုနှစ်မှာဖြင့် မန္တလေး တက္ကသိုလ်အဖြစ် သီးခြားရပ်တည်ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ၁၉၅၇ခုနှစ် အောက်တိုဘာလ ၄ရက်နေ့ ဗမာပြည်ပါလီမန်အထက် အောက်လွတ်တော်၂ရပ်လုံးက မန္တလေးတက္ကသိုလ်ကို သီးခြားတက္ကသိုလ်အဖြစ်ပြဋ္ဌာန်းအတည်ပြုလိုက်ပါပြီ။ ဒါကြောင့် ၁၉၅၈ခု ဇွန်လမှာ‘မန္တလေးတက္ကသိုလ်’ရယ်လို့ ငွားငွားစွင့်စွင့် ကြွားကြွားဝံ့ဝံ့ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ မန္တလေးတက္ကသိုလ်ကို ဂုဏ်ယူဝင့်ကြွားစွာဖွင့်လှစ်ခဲ့တာဖြင့် အခု ၂၀၁၁ဇွန်လမှာဖြင့် ၅၃နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ တကယ်တော့ မန္တလေးဥပစာကောလိပ်အဖြစ် ဒီနှစ်မှာ သက်တမ်း ၈၆နှစ်ပြည့်ခဲ့ပြီး၊ မန္တလေးယူနီဗာစီတီ ကောလိပ်အနေနဲ့က ဒီနှစ်မှာ ၆၃နှစ်ပြည့်ခဲ့ပါပြီ။ မန္တလေးတက္ကသိုလ်အနေနဲ့ကတော့ ဒီနှစ်မှာ(၅၃)နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ ဘာပဲပြောပြော... ၈၆နှစ်၊ ၆၃နှစ်၊ ၅၃နှစ်ဆိုတဲ့ သက်တမ်းကာလများအတွင်း လောကဓံရဲ့လှိုင်းတွေ ဘယ်လောက်ထန်ခဲ့ပေမယ့် အမိ တက္ကသိုလ်ကြီးက ဂုဏ်ယူဝင့်ကြွားဖွယ်သားသမီးတွေ ကို မမောမပန်းမွေးဖွားပေးခဲ့တာဟာ မမေ့အပ်တဲ့ကျေးဇူးတရားတွေပဲ ဖြစ်ပါတယ်။

    တကယ်တော့ ကျွန်တော်တို့ဟာ မန္တလေးတက္ကသိုလ်ရဲ့ အတိတ်က ရွှေထီးဆောင်းကာလတွေကိုပဲ သမင်လည်ပြန် ငဲ့စောင်းကြည့်ပြီး ဂုဏ်ယူလွမ်းဆွတ်နေခဲ့ကြတာပါ။ ဒီနေ့ပစ္စုပန်ဟာ အနာဂတ်မှာ အတိတ်ဖြစ်သွားမှာကလည်း မြေကြီးလတ်ခတ်မလွဲပါပဲ...။ လာမယ့်အနာဂတ်မှာ အတိတ်ဖြစ်သွားမယ့် ဒီနေ့ပစ္စုပ္ပန်ကိုလည်း အခုလိုဂုဏ်ယူလွမ်းဆွတ် တသကြဖို့ကတော့ ဒီနေ့ပစ္စက္ခ မန္တလေး တက္ကသိုလ်နှင့် ပတ်သက်သူတိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။

    အနာဂတ်မှာ မန္တလေးတက္ကသိုလ်ရဲ့ပစ္စုပ္ပန်ကို လွမ်းဆွတ်ကြခြင်းဟာ ဂုဏ်ယူဖွယ်၊ ၀ံ့ကြွားဖွယ်၊ အလွမ်းပဲ ဖြစ်ကြရမှာပါ...။ နှမျောတသစုပ်သပ်ခဲ့ကြရတဲ့ နောင်တအလွမ်း၊ စိတ္တရအလွမ်းတွေတော့ မဖြစ်ကြစေချင်တာ... အားလုံးရဲ့ ဆန္ဒတွေပါ... ဒါကြောင့်... မန္တလေးတက္ကသိုလ်ကြီးနဲ့ ဖြတ်သန်းခဲ့မှု ကမ္ပည်းမော်ကွန်းတွေကိုပြန်လည် ဖော်ထုတ်၊ တသ၊ သတိရကြရင်း မန္တလေးတက္ကသိုလ်ကြီးရဲ့ ဂုဏ်ရောင်ပြောင်မှု အစဉ်အလာတွေ အဓွန့်ရှည်ရေး၊ ကြိုးပမ်းကြမှုအတွက် အားသစ်အင်သစ်၊ အသိအမြင်သစ်များရရှိနိုင်ပါစေလို့ ဆုတောင်းတင်ပြပါတယ်။

ဆူးငှက်

Friday, July 13, 2012

Sunday, July 8, 2012

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင်လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကိုလွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှအရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကိုအရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကိုလေ့ကျင့်ထားပါ။ စနစ်ရှိရင်အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲသက်သာပါတယ်။

• ကိုယ်နေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာစိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင်လုပ်မဲ့ပစ္စည်းမျိုးကိုမြင်နိုင်တဲ့နေရာမှာမထားတာကောင်းတယ်။ကြည့်လိုက်တာနဲ့စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကိုမြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီးဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့်မမြင်ရရင်ကောင်းတဲ့အရာတွေကို ဝေးဝေးပို့ထားပါ၊ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေကကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်
လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီကအကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကိုအထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကိုသူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။မဆိုင်တဲ့သူတွေကိုမပြောပါနဲ။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကိုဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီးတကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်းကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေတော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာအရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖိုလိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာတော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ကရုဏာကိုဖြစ်စေတယ်။ ကျောင်းဆရာ၊ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။စာမေးပွဲကျတဲ့ကျောင်းသားရဲ့စိတ်မှာကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်သနားစရာကောင်းပါတယ်။
ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေဆင်းဆင်းရဲရဲနဲ့ သားသမီးကိုပညာတတ်စေချင်လို့ ကျောင်းထားတယ်။စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲအမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှလုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူကအပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါစိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီးဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ခံရမှာသေချာတယ်၊ ဒါကြောင့်အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါစိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။
 လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာကကိုယ့်ကိုအကျိုးပေးမှာပါပဲ ။ပြဿနာတော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက်ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက်နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေးအဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကိုမေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ်ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကိုတစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာအရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက်အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကိုအမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒကချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါခန္ဓာဉာဏ်ရောက်တရားများကိုအားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ်ဝိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။


credit to ရွှေအိမ်စည် https://www.facebook.com/photo.php?fbid=440584195961679&set=a.439929522693813.95965.100000303083757&type=1&ref=nf