Friday, April 24, 2009

စာရေးဆရာများ၏ စာရေးပုံစရိုက်များ


စာရေးဆရာ အသီးသီးတို့သည် မိမိနှစ်သက်သလို၊ သက်တောင့်သက်သာ ရှိသည်ဟု ထင်သလို စာရေး တတ်ကြသည်။
စလေဦးပုညသည် မေတ္တာစာ၊ တေးထပ်၊ မှာတမ်းများကို ရေးသောအခါ ဆေးပေါ့လိပ် တစ်လိပ် ကုန်အောင် ရှေးဦးစွာ သောက်ပြီးမှ ပုရပိုက်ကိုခင်း၍ ဘယ်လက်ဖြင့် ကန့်ကူဆန် ကိုင်ကာ မရပ်မနား ထောက်လျှောက်ရေးသားသည်။ (ဦးပုည၏ ညာလက်သည် သိမ်နေ၍ မသန်မစွမ်းရှိနေကာ ဘယ်လက်ဖြင့် စာရေးရသည်။)
လယ်တီဆရာတော် ဘုရားကြီးသည် ဗလာစာအုပ်(ကော်ပီစာအုပ်)တွင် ခွေးတံဆိပ် ခဲတံဖြင့် စာရေး၏။ ဆရာတော်ကြီး၏ တပည့်များက ခဲတံပေါင်းများစွာကို ချွန်ကာ ဆရာတော်ကြီး၏အနီးတွင် စုပုံချပေးထားရသည်။ ဆရာတော်ကြီးသည် ခဲတံတစ်ချောင်း တုံးသွားလျှင် အနီးရှိ ချွန်ပြီးခဲတံပုံထဲမှ တစ်ချောင်းကို ကောက်ယူရေးသားသည်။ တုံးသွားသောခဲတံများကို တပည့်များက ချွန်ပေးကြရသည်။
မော်ပီဆရာသိန်းသည်အသက်ကြီးလာသောအခါ မျက်စိမှုန်လာ၍ သူစာဖတ်လိုသော အခါ ဘေးလူကို ဖတ်ခိုင်းရသည်။ ဆရာသိန်း စာရေးလိုလျှင် နှုတ်မှရွတ်ပြပြီး ဘေးလူကို လိုက်၍ ရေးခိုင်းရသည်။
လယ်တီပဏ္ဍိတ ဦးမောင်ကြီးကား သင်ဖြူးပေါ်တွင် ဝမ်းလျားမှောက်ကာ မင်အိုးတွင် ကလောင်တံဖြင့် တို့၍ရေး၏။ ဖောင်တိန်ဖြင့် မရေးပေ။ မင်အိုးတွင် ကလောင်တံဖြင့် ရေးခြင်းမှာ ကလောင်သွားတွင် မင်ကုန်သွားလျှင် ထပ်၍ထပ်၍ မင်တို့ရသည်။ ယင်းသို့ မင်တို့ခိုက်တွင် ရေးစရာများ စဉ်းစားရသည်။ (တနည်းပြောရလျှင် မင်တို့ခိုက်တွင် ဦးနှောက်အနားယူရသည် ဟု ဆိုနိုင်ပေသည်။)
စာရေးဆရာကြီး မဟာဆွေမှာ အရက်သောက်တတ်သူဖြစ်ရာ ညဦးအချိန်တွင် အရက်သောက်၍ ထမင်းစားပြီးနောက် အိပ်ယာသို့ ဝင်သည်။ သန်းခေါင်ကျော် နာရီပြန် တစ်ချက် နှစ်ချက်တွင် အိပ်ယာမှ နိုးလာပြီး မိုးလင်းသည့်တိုင်အောင် စာရေးလေသည်။ စာရေး၍ လက်တွေ့နေလျှင် နံနက်စာစားချိန်အထိ ရေးတတ်လေသည်။
ဆရာကြီး ပီမိုးနင်းမှာလည်း ငယ်စဉ်အခါက ကဇော်ဆိုင်၊ အရက်ဆိုင်တွင် စာရေး လုပ်ခဲ့ဘူး သဖြင့် အရက်သောက်တတ်သူ ဖြစ်လာလေသည်။ လက်ဖက်ရည်ကရားအတွင်း အရက်ထည့်ပြီး သူ့အနီးတွင် ချထားလျက် အရက်တစ်ကျိုက် စာတစ်ပိုဒ် ရေးတတ်လေသည်။
စာရေးဆရာ ရန်အောင်ကမူ ဆေးပေါ့လိပ် သောက်တတ်သူဖြစ်သဖြင့် လင်္ကျာလက်တွင် ဖောင်တိန်ကိုင်ကာ လက်ဝဲလက်ကြားတွင် ဆေးလိပ်ညှပ်လျက် ဆေးလိပ်တစ်ဖွာ စာတစ်ဝါကျ ရေးသားလေသည်။
မောင်သာရနှင့် မောင်စိန်ဝင်း(ပုတီးကုန်း) တို့သည် တစ်ချိန်က ဟိုတယ်များတွင် အခန်းငှား၍ စာရေးလေ့ရှိ သည်။ (စိတ်အနှောက်အယှက် မရှိမှု၊ စိတ်ကြည်လင် ချမ်းမြေ့မှုသည် စာကောင်းပေကောင်း ကို စိတ်ပါဝင်စားစွာ ရေးသားနိုင်သောကြောင့် ဖြစ်မည်။)
ယနေ့ခေတ် အွန်လိုင်းစာပေ ရေးသားသော စာရေးဆရာများသည် ဘယ်လိုပုံစံ ဘယ်လိုစရိုက် မျိုးဖြင့် ရေးသားနေကြပါသနည်း?

No comments: