Friday, April 24, 2009

အွန်လိုင်းစာပေ ရေးသားခြင်း

စာရေးသားတတ်ခြင်းဖြင့် ...လူသားတို့၏ ကာလနှင့် ဒေသကို ကျော်လွှားနိုင်သည်ဟု အဆိုရှိသည်။ ဤအဆိုသည် မှန်၏။ စာရေးသားတတ်ခြင်းအားဖြင့် လူသားတို့သည် သတ္တ၀ါအားလုံး မလွန်ဆန်နိုင်သောသေခြင်းတရားကို တစ်နည်းတစ်ဖုံ ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
လူသာ သေသည်....စာကား မသေ
တိရစ္ဆာန်တို့သည် တစ်ခေတ်နှင့် တစ်ခေတ် ဆက်သွယ်မှုလုံးဝ မပြုလုပ်နိုင်ပေ။ လူသားများကဲ့သို့ စာရေးပြီး မှတ်တမ်းမတင်နိုင်ပေ။ လူသည် မိမိရေးသားထားသော စာကို ကမ္ဘာအနှံ့သို့ ရောက်ရှိနိုင်သည်။ မိမိခေတ်၌သာမက ခေတ်အဆက်ဆက်သို့ မိမိပြောဆိုခြင်သည့် စကားကို ပြောပြနိုင်သည်။ ကာလကြာဝေးသည် အထိလည်း ဆက်သွယ်မှုများကို လုပ်နိုင်စွမ်းရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၆၀ ကျော်က ပျံလွန်တော်မူသော ရှင်မဟာရဋ္ဌသာရ၏ `ကိုးခန်းပျို့´ ကို ယခုထိ ကျွန်တော်တို့ လေ့လာဖတ်ရှု ဗဟုသုတ တိုးပွားနိုင်ပေသည်။ သွန်သင်ဆုံးမချက်များကို ကြားနာနိုင်သည်။
စာရေးတတ်ခြင်းအားဖြင့် အချိန်ကာလကို ကျော်လွှားနိုင်ရုံသာမက နေရာဒေသကိုပင် ကျော်လွှားနိုင်ပေသည်။ ရပ်ဝေးသို့ မသွားနိုင်သော်လည်း ရပ်ဝေးမှ မိတ်ဆွေကို ဆက်သွယ်ပြောဆိုနိုင်ပေသည်။ မိုင်ပေါင်းများစွာ ဝေးကွာသော နိုင်ငံတစ်ခု၏ အဖြစ်အပျက်များကို သိရှိနိုင်ပေသည်။ ၂၁-ရာစု အင်တာနက်ခေတ်တွင် ပို၍ပင် အဆင်ပြေစေသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆက်သွယ်မှုများ ပို၍ ကောင်းမွန်လာပေသည်။ စာပေရေးသားခြင်းသည်လည်း စက္ကူပေါ်တွင်သာမက အွန်လိုင်းပေါ်တွင် ရေးသားနိုင်ပေသည်။ အွန်လိုင်းစာပေများသည် တစ်ကမ္ဘာလုံးကို ပြန့်နှံ့စေပြီး လူသားအားလုံး အတွက် အကျိုးရှိစေသည်။ ထို့ကြောင့် လူအများ အွန်လိုင်းစာပေ ရေးသားခြင်းကို လေ့လာရေးသားကြစေရန် တိုက်တွန်းလိုက်ရပါသည်။

(*ဆရာဦးသော်ကောင်း၏ စာအုပ်အကြောင်းနိဒါန်း ဆောင်းပါးမှ ကောက်နှုတ်၍ ယနေ့ခေတ်နှင့်အညီ ဖြည့်စွက်ရေးသား တင်ပြထားပါသည်။)

No comments: