Wednesday, July 11, 2012

ရခိုင်ယဉ်ကျေးမှု

အိမ်ထောင်ပြု ဓမ္မသတ်ကျင့်ဝတ်
........................................
ရခိုင်လူမျိုးတို့၏ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်သော အချက်အလက်များ
၁။ ထိမ်းမြားလက်ထပ်ရန် လိုအပ်သည့် အရည်အချင်းများ
(က) ထိမ်းမြားလက်ထပ်နိုင်သည့် အမျိုးသား၏ အသက်အရွယ်
အသက်အရွယ်ကို ကန့်သတ်ချက်မရှိ၊ အိမ်ထောင်အရွယ် ရောက်ချိန်တွင် ထိမ်းမြားလေ့ ရှိပါသည်။ အများ အားဖြင့် အမျိုးသားများမှာ အသက်(၂၀)ကျော်ကို အိမ်ထောင်အရွယ် ရောက်သည်ဟု ယူဆကြသည်။ ငယ် စဉ်ကပင် အိမ်ထောင်ဖက်ပြုရန် လျာထားသတ်မှတ်ချက် ပြုထားသော ဓလေ့လည်းရှိသည်။ ရှေးကဆိုလျှင် အသက်(၃၀)အထိ လူပျိုအဖြစ် သတ်မှတ်၍ အိမ်ထောင် လက်ထပ်နိုင်သည်။

(ခ) ထိမ်းမြားလက်ထပ်နိုင်သည့် အမျိုးသမီး၏ အသက်အရွယ်

အမျိုးသမီးမှာ အသက်(၁၆)နှစ်မှစ၍ အပျိုရွယ်ရောက်သည်။ ထို့ကြောင့် အပျိုရွယ်ရောက်သည့် အရွယ်က စ၍ ထိမ်းမြားလက်ထပ်နိုင်သည်။ ပုခက်တွင်းငယ်စဉ်ကပင် လက်ထပ်ထိမ်းမြားရန်ကတိပြု၍ စေ့စပ်ကြောင်း လမ်း ထိမ်းမြားခြင်းသဘောလည်း ရှိကြပါသည်။ ၄င်းကို ကျမ်းဂန်အလိုအရ သာရက္ခမိန်းမဟု ခေါ်သည်။

(ဂ) အမျိုးသား (သို့မဟုတ်) အမျိုးသမီး လက်ထပ်ထိမ်းမြားရာ၌ မိဘ(သို့မဟုတ်) မိဘမရှိပါက အုပ်ထိန်းသူ ၏ သဘောတူညီချက်ရယူရန် လိုမလို

လိုအပ်သည်။ အုပ်ထိန်းသူနှင့် ကင်း၍မရနိုင်။ အမိအုပ်ထိန်းသော မိန်းမစသည်ဖြင့် အုပ်ထိန်းခြင်းရှိသော မိန်းမ (၂၀)ရှိ၏ဟု ကျမ်းဂန်၌လာ၏။ ဤအုပ်ထိန်းခြင်းနှင့် မကင်းသော အမျိုးသား၊ အမျိုးသမီးတို့သည် မိမိကာမကို သဘောတူကလည်း အုပ်ထိန်းသူက အခွင့်မရလျှင် အပြစ်ဒဏ်ရှိသည်ဟု မနုကျယ်ဓမ္မသတ်၌ ပါရှိသည်။ ကျမ်းဂန်တွင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ဆို၏။

၂။ ထိမ်းမြားလက်ထပ်ခြင်း
(က) လက်ထပ်ပုံလက်ထပ်နည်း
စေ့စပ်ကြောင်းလမ်း ကတိခံဝန်ချက်ဖြင့် လက်ထပ်ပုံ၊ ရေခွက်၌ လက်ဆုံချ၍ လက်ထပ်ပုံ၊ ပွဲလမ်းသဘင်ပြု၍ အမျိုးသမီးအိမ်သို့ အမျိုးသားကိုပို့၍ လက်ထပ်ပုံ (သမက်တက်သည် ဟူ၏) အမျိုးသားအိမ်သို့ အမျိုးသမီးကို ပို့၍ လက်ထပ်ပုံကို မင်းတင်လက်ထပ်သည်ဟု ဆိုသည်။

လက်ထပ်ပွဲကို စတင်သောအခါ အညွန့်ရှိသူ အမျိုးသမီးက ချည်ခင်ကိုကိုင်၍ အမျိုးသမီး၊ အမျိုးသားနှစ်ဦး စလုံးတို့ မင်္ဂလာနေရာကို လည်းကောင်း၊ ယင်းတို့၏ အိပ်ရာလိပ်၊ သေတ္တာစသော ပစ္စည်းတို့ကို လည်း ကောင်း၊ ကာရံတားဆီး၍ ရစ်ပတ်ရသည်။ ဤသည်ကိုပင် ထိမ်းမြားသည်ဟု ခေါ်သည်။ ပထမစတိ ထိမ်း မြားခြင်းမည်၏။ အညွန့်ရှိသူ ဆိုသည်မှာ သားဦး၊သမီးဦး မပျက်စီးဘဲ အသက်ထင်ရှား ရှိခြင်းကို အညွန့်ရှိ သည်ဟု ဆိုသည်။
ထို့သို့မြားပြီးနောက် အမျိုးသား၊ အမျိုးသမီးတို့ ထမင်းလက်ဆုံ စားကြရသည်။ ရေဖလားတွင် အတူလက် ဆေးကြရသည်။ မိဘ(သို့မဟုတ်) အုပ်ထိန်းသူများက ထမင်းဆုပ်ခံရသည်။ အညွန့်ရှိသူ ဇနီးမောင်နှံတို့က အမျိုးသား၊အမျိုးသမီး ညာလက်တို့ကိုယူပြီး လက်ထပ်ပေးသည်။ ထို့နောက် ရေစင်သွန်းလောင်းပြီး ထိမ်းမြား မှု ပြီးဆုံးလေသည်။ လက်ထပ်ပုံ လက်ထပ်နည်း၌ ရပ်ရွာလူကြီး မိဘများ ရှေ့မှောက်တွင် ထမင်းလက်ဆုံ စားခြင်း၊ ကျွေးမွေးဧည့်ခံခြင်းဖြင့် အကြင်လင်မယားဖြစ်ကြောင်း၊ လက်ထပ် ထိမ်းမြား ကြောင်း အသိအမှတ် ပြုရာ ထင်ရှားပြီးဖြစ်ပါသည်။

(ခ) ထိမ်းမြားလက်ထပ်ရာရောက်ကြောင်း မည်သည့် အခြေအနေတွင် မှတ်ယူနိုင်သည်

အထက်ဖော်ပြပါ လက်ထပ်ပုံ လက်ထပ်နည်းအရ ရပ်ရွာလူကြီး မိဘများ၏ ရှေ့မှောက်၌ တရားဝင်လက်ဆုံ စားခြင်း အပြီးတွင်ပင် ထိမ်းမြားလက်ထပ်ရာ ရောက်ကြောင်း အသိအမှတ်ပြုကြသည်။ လက်ဆုံမစားသော သူများကို လင်မယားဟု အသိအမှတ် မပြုကြချေ။

၃။ လင်မယား ကွာရှင်းခြင်း၊ ပြတ်စဲခြင်း
(က) နှစ်ဦးသဘောတူ လင်မယားကွာရှင်းလိုပါက မည်သို့မည်ပုံ ဆောင်ရွက်သည်

ကွာရှင်းခြင်း၊ ပြတ်စဲခြင်း အကြောင်း ပါရှိသော ပေးစာကို ပေး၍လည်းကောင်း၊ သို့မဟုတ် လူကြီးမိဘ ရှေ့ မှောက်၌ ပြောဆိုဖြင်းဖြင့် ကွာရှင်းပြတ်စဲရပါသည်။

(ခ) လင် သို့မဟုတ် မယားက ကွာရှင်းလိုပါက မည်သည့်အကြောင်း အချက်များပေါ်တွင် အခြေခံ၍ မည်သို့ မည်ပုံ ဆောင်ရွက်သည်

အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ စကားများခြင်း၊ သားလင်ကျင့်ဝတ် ချွတ်ယွင်းခြင်း၊ စာရိတ္တပျက်စီးခြင်း၊ မကျွေး မွေးနိုင်ခြင်း၊ တစ်ဦးကို တစ်ဦး ယုံမှားသံသယ ဖြစ်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်မိခြင်း စသော အ ကြောင်းများအပေါ် အခြေခံ၍ ကွာရှင်းမှုကို အထက်ပါ (က) အတိုင်း ဆောင်ရွက်ရသည်။

(ဂ) မည်သည့်အခြေအနေတွင် လင်မယားပြတ်စဲခြင်း မြောက်သည်

တရားဝင်ကွာရှင်းစာပေးခြင်း၊ ကွာရှင်းပြီးကြောင်းကို လူကြီးမိဘ အသိသက်သေရှိခြင်း၏အဆုံး၌ လင်မယား ပြတ်စဲခြင်း ရောက်သည်။

(ဃ) လင်မယားမပြတ်စဲဘဲ နောက်ထပ်အိမ်ထောင်ပြုခွင့် ရှိမရှိ

အခင်းချင်း ကြည်ဖြူပါက အိမ်ထောင်ပြုခွင့်ရှိသည်။ သို့သော် ပထမအိမ်ထောင် ပြတ်စဲမှု မဖြစ်စေရ။ နောက် အိမ်ထောင်ကို မယားငယ်၊ လင်ငယ်ဟူ၍ နှိမ့်ချ၍ ခေါ်ဆိုသုံးနှုန်းသည်။

၎။ ပစ္စည်းပိုင်ဆိုင်ခြင်း
(က) အသက်ထင်ရှားရှိစဉ် လင်နှင့်မယားတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း များနှင့် ပတ်သက်၍ လင်၏ပစ္စည်းကို မယားက ပိုင်ဆိုင်ခွင့် ရှိ၊မရှိ၊ မယားပစ္စည်းကို လင်က ပိုင်ဆိုင်ခွင့် ရှိ၊ မရှိ၊ ပိုင်ဆိုင်ခွင့်ရှိပါက မည်သို့မည်ပုံ ပိုင်ဆိုင်သည်

အသက်ထင်ရှားရှိစဉ် ခန်းဝင်ပစ္စည်းဆိုသော အမျိုးသမီးအား အမျိုးသားဘက်မှ ပေးဆောင်ရသော လက် ၀တ်လက်စား၊ ရတနာ ရွှေငွေပစ္စည်းများကို အမျိုးသမီးက တရားဝင် ကွာရှင်းမပြတ်စဲသရွေ့ ကာလပတ်လုံး ပိုင်ဆိုင်ခွင့်ရှိပြီး အမျိုးသားများနှင့် မသက်ဆိုင်ချေ။ အမျိုးသမီးက သူမ၏ သဘောဆန္ဒအရ လင်ယောက်ျား နှင့် ကွာရှင်းပြတ်စဲခြင်းပြုလျှင် ယောက်ျားအမျိုးသား ပိုင်ဆိုင်ခွင့်အဖြစ်သို့ ရောက်သွားသည်။ အမျိုးသမီးမှာ ကိုယ်ပိုင်မိဘ အိမ်မှပါလာသော ကိုယ်ပိုင်အ၀တ်အစား ပစ္စည်းများသာ ၄င်းပိုင်ဆိုင်ရသည်။ ထို့အတူ အမျိုး သားက ၄င်း၏ဆန္ဒဖြင့် ကွာရှင်းလျှင် အမျိုးသမီးအား ပေးထားရှိသော ခန်းဝင်ပစ္စည်း လက်ဆောင်များသည် အမျိုးသားက ပိုင်ဆိုင်ခွင့်မရှိဘဲ အမျိုးသမီးသာ ပိုင်ဆိုလေသည်။

(ခ) လင် (သို့မဟုတ်) မယားသေဆုံးပါက ကျန်အိမ်ထောင်ဖက်က လက်ထပ်ထိမ်းမြားလျှင် သားသမီးများ သို့မဟုတ် အခြားဆွေမျိုးများက ပစ္စည်းပိုင်ဆိုင်ခွင့် မည်သို့ရှိသည်

လင် သို့မဟုတ် မယားသေဆုံး၍ ကျန်အိမ်ထောင်ဖက်က လက်ထပ်ထိမ်းမြားပြုလျှင် ထိုအိမ်ထောင်ဖက်က ပင် ပစ္စည်းပိုင်ဆိုင်ခွင့်ရှိသည်။ သားသမီးများ (သို့မဟုတ်) အခြားဆွေမျိုးများက ပစ္စည်းပိုင်ဆိုင်ခွင့် မရပါ။ လင်သေ မယားဆိုင်၊ မယားသေ လင်ဆိုင်ဟူ၍ အမွေဆက်ခံပိုင်ခွင့်လည်း ရှိသည်။

၅။ ပစ္စည်းခွဲဝေခြင်း
(က) နှစ်ဦးသဘောတူ ကွာရှင်းပါက ပစ္စည်းများကို မည်သို့မည်ပုံ ခွဲဝေသည်

နှစ်ဦးသဘောတူ ကွာရှင်းပါက အမျိုးသမီး၌ ခန်းဝင်ပစ္စည်းကိုရရှိခြင်း၊ ထို့အပြင်မိဘထံမှ ပါလာသော ပစ္စည်း အသုံးအဆောင်တို့ကို ရရှိခြင်း၊ ထို့အပြင် မိမိတို့လက်ထက်ပွား ပစ္စည်းဥစ္စာများကို အညီအမျှ ခွဲဝေရရှိခြင်း ဖြင့် ခွဲဝေရယူနိုင်သည်။

(ခ) လင်(သို့မဟုတ်) မယား၏ ဆန္ဒကြောင့် ကွာရှင်းပါက ပစ္စည်းကို မည်သို့မည်ပုံ ခွဲဝေသည်

လင်၏ဆန္ဒကြောင့် ကွာရှင်းလျှင် ခန်းဝင်ပစ္စည်းကို မယားအား ပေးဆောင်ရသည်။ မယား၏ ဆန္ဒကြောင့် ကွာရှင်းပါက ပစ္စည်းများကို လင်သို့ ခွဲဝေပေးရသည်။

၆။ ပစ္စည်းဆက်ခံခြင်း

(က) လင်(သို့မဟုတ်) မယား သေဆုံးပါက ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် ပတ်သက်၍ လင်၏ပစ္စည်းကို မယား (သို့မဟုတ်) အခြားဆွေမျိုးများက ဆက်ခံပိုင်ခွင့် ရှိမရှိ၊ မယား၏ပစ္စည်း ကို လင်(သို့မဟုတ်) အခြားဆွေမျိုးများက ဆက်ခံပိုင်ခွင့် ရှိမရှိ၊ ဆက်ခံပိုင်ခွင့်ရှိပါက မည်သို့မည်ပုံ ဆက်ခံ သည်

လင်သေ မယားပိုင်၊ မယားသေ လင်ပိုင် စနစ်ဖြစ်၍ လင်၏ပစ္စည်း မယား၊ မယား၏ပစ္စည်းကို လင်သာ ပိုင် ဆိုင်ခွင့်ရှိသည်။ အခြားဆွေမျိုးများ ဆက်ခံ ပိုင်ခွင့် မရှိပါ။

(ခ) မိဘနှစ်ပါးစလုံး သေဆုံးလျှင် သားသမီးများ သို့မဟုတ် ဆွေမျိုးများက ပစ္စည်းကို မည်သို့ဆက်ခံသည်

မိဘနှစ်ပါးစလုံး သေဆုံးလျှင် သားသမီးများက ဆက်ခံရမည်။ သားသမီးမရှိက မွေးကျွေးသူ၊ စောင့်ရှောက် ပြုစုသူ၊ သင်္ဂြိုဟ်သူများသာ ဆက်ခံရသည်။

(ဂ) မြေးများ၏ အမွေဆက်ခံခွင့် မည်သို့ရှိသည်

အဘိုးအဘွားများ၌ အမွေဆက်ခံနိုင်သော သားမယား၊ သားသမီးမရှိက မြေးများ အမွေက်ခံပိုင်ခွင့် ရှိသည်။

(ဃ) လင်(သို့မဟုတ်) မယားသည် သေတမ်းစာ ပြုလုပ်ခွင့် ရှိ၊ မရှိ

လင်(သို့မဟုတ်) မယား သေတမ်းစာ ပြုလုပ်ခွင့်ရှိသည်။ သေတမ်းစာနှင့် သဘောတူ အကျိုးသက်ရောက် သော သေခါနီးဆဲ အသိသက်သေများ ရှေ့မှောက်ပြောဆို မှာကြားထားခြင်းလည်း ရှိပါသည်။ ၄င်းမှာလည်း သေတမ်းစာနှင့် အကျိုးတူ သက်ရောက်သည်။

၇။ သားသမီးမွေးစားခြင်း

ရှိပါသည်။ မိဘနှစ်ပါးစလုံးက ဖြစ်စေ၊ တစ်ဦးဦးက ဖြစ်စေ မွေးစားနိုင်သည်။ မိဘနှစ်ဦးစလုံး သဘောတူ မွေးစားခြင်းသာများသည်။ မွေးစားခံရမည့်သူ၏ အသက်အရွယ် ကန့်သတ်ချက် မရှိပါ။ နို့စို့အရွယ်ကပင် နို့တိုက်မွေးစားလေ့ ရှိသည်။

၈။ သားသမီးများ ထိန်းသိမ်းစောင့်ရှောက်ခြင်

လင်မယား ကွာရှင်းသည့်အခါတွင် သားသမီးကလေးများကို သူတို့၏ ဆန္ဒအရ ခွဲယူ၍ဖြစ်စေ၊ လုံးဝ မယား (သို့) လင်အား အပ်နှင်းပေး၍ ထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိသည်။

၉။ မယားစရိတ်၊ ကလေးစရိတ်

လင်ကမယားအပေါ် မပြုစုမကျွေးမွေးခြင်းဖြင့် လည်းကောင်း၊ မယား၏ စားဝတ်နေမှု အခက်အခဲ၊ ကလေး ၏ စောင့်ရှောက်ထန်းသိမ်းမှု အခက်အခဲကြောင့် လည်းကောင်း၊ မယားက လင်အား အခါအခွင့် အားလျော် စွာ စားသောက်စရိတ်ကို တောင်းခံရသည်။ (သို့)လင်၏ မိဘဆွေမျိုးများထံ အကျိုးအကြောင်း တိုင်ကြားရ သည်။ လင်ကဖြစ်စေ (သို့) လင်၏ဆွေမျိုး မိဘများက ဖြစ်စေ ကွာရှင်းမှုမရှိသေးဆိုက စားသောက်စရိတ်၊ ၀မ်းစာ ဆန်ရေစပါး ကူညီပေးဆောင်စေရသည်။ (၀ါ) မပေးဆောင်နိုင်က အလျှင်းပြတ်စဲခြင်း၊ ကွာရှင်းခြင်း ပြုပေးရသည်။ မကွာရှင်းသေးသမျှ ကာလပတ်လုံး လင်မယား၊ သားသမီးတို့ စားဝတ်နေရေးတာဝါန် လုံးဝ ကျရောက်သည်။

၁၀။ အထွေထွေ

ရခိုင် လက်ထပ်ထိမ်းမြားမှု၊ကွာရှင်းမှု၊ ပိုင်ဆိုင်မှု၊ ပစ္စည်းခွဲဝေမှု၊ ပစ္စည်းဆက်ခံမှု၊ သားသမီးမွေးစားမှု၊ ထိန်း သိမ်းစောင့်ရှောက်မှု၊ သားမယားစရိတ် စသည်များမှာ လူမှုဓလေ့အပေါ်တွင် အခြေခံ၍ လိုက်နာ ခဲ့ရသော လူမှုကျင့်ဝတ်ဖြစ်သည်။ ၄င်းကို လောကသမုတ္တိခေါ် လူသားတို့ ကျင့်ထုံး ပညတ်ချက်ပင် ဖြစ်ရာ နောင်တွင် ယင်းပညတ်ချက်ကို အများကလိုက်နာ၍ လူမှုကျင့် ၀တ္တရားခေါ် ဓမ္မအမည် ရရှိပါသည်။ ထိုဓမ္မနှင့် လျော် သော ထိုဓမ္မအတိုင်း ပြုလုပ်စီရင်ရသော အဆုံးအဖြတ်များကို ဓမ္မသတ်ဟု ခေါ်သည်။ (၀ါ) တရားဥပဒေဟု ခေါ်သည်။ ထိုလူမှု ကျင့်ဝတ်ဓလေ့ ဓမ္မသတ်များကိုလည်း ကမ္ဘာအရပ်ရပ်က ဥပဒေပညာရှင်များသည် ဥပ ဒေကဲ့သို့ ကျင့်သုံး လိုက်နာစေခဲ့ခြင်းဖြင့် လူမှုဓလေ့ ယဉ်ကျေးမှုကို ထိန်းသိမ်းလာနိုင်ခဲ့ပေသည်။ ထိုရခိုင် လူမှု ဓလေ့ ဓမ္မသတ်များက ကမ္ဘာဦး မနုအမတ်ကြီး၏ အနုဓမ္မသတ်ကို အခြပြုလာသော ရွှေမျဉ်းဓမ္မသတ် အဌစ တ္တာလီသ (၄၈)ကျင့်ဝတ် စသည်ဖြင့် ဓမ္မသတ်များ၊ ကျင့်ဝတ်များ ရှိခဲ့ကြသည်။ ဒေသအလိုက် လက်ခံ အသုံး ပြုလျက်ရှိသော ဓလေ့ကျင့်ဝတ်များ ရှိကြ သေးရာကား ထိုထို လူမျိုးတို့၏ ဓလေ့ ကျင့်ဝတ်ထုံး ဓမ္မ သတ်များကို လေ့လာရှာမှီး စုစည်း ထိန်းသိမ်းခြင်းဖြင့် လည်းကောင်း၊ ဥပဒေအဖြစ်သို့ သတ်မှတ်ပြဌာန်း ခြင်းဖြင့် လည်းကောင်း ထိုလူမျိုး၏ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့များ မပျောက်မပျက်ဘဲ တည်တံ့နိုင်မည် ဖြစ်ပါသည်။ ရခိုင်ဓမ္မသတ်များ ကျမ်းမှာ-မနုဓမ္မသတ်၊ ရာဇ၀ံသကျမ်း၊ ရာဇာမတ္တဏ်ကျမ်း၊ ရာဇာနိတိကျမ်း များနှင့် ရွှေမျဉ်း ဓမ္မသတ်ကျမ်း၊ တိတ္တုံပါရာကျမ်း၊ အမွေခံ ဓမ္မသတ် စသည်ဖြင့် ရှေးက အသုံးပြုခဲ့သော ဓမ္မသတ်ကျမ်းများရှိရာ ယခုတိမ်မြုပ် ပျောက်ကွယ်သွားခြင်းဖြင့် ရှားပါးသွားခဲ့ရသည့်အတွက် ဖော်ထုတ်ပေးရန် သင့်လှပေသည်။

မှတ်ချက်။ ။ ရခိုင်ပြည်နယ်မှ ရခိုင်ယဉ်ကျေးမှုနှင့် ပတ်သက်၍ တောင်းခံချက်အရ မောင်တောမြို့နယ် ပြည်သူ့ကောင်စီ၏ မေးမြန်းချက်ကို ၁၉-၈-၈၆ နေ့က ဖြေဆိုပေးခဲ့ရခြင်း ဖြစ်သည်။

နတ်မြစ်-စန်းအောင်
(အရှင် စက္ကိန္ဒ- ရခိုင်ယဉ်ကျေးမှုများ အမှတ်(၆)မှ-)

No comments: