Saturday, July 21, 2012

ဒီချုပ်ရုံးချုပ်တွင် ကျင်းပသော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း

ကျွန်မကဒေါက်တာဘွဲ့မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့်မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီး ခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံစေချင်ရင် စာမေးပွဲဖြေရတော့မလို ဖြစ်နေပြီ၊ အားလုံးဒီလို အာဇာနည်နေ့မှာ သိုက်သိုက်ဝန်းဝန်းရောက်လာတဲ့အတွက် ကျွန်မဝမ်းသာပါ တယ်။ ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ အခုနှစ်တင် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဘယ်လိုပဲ အခက်အခဲတွေ ရှိခဲရှိခဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်နေ့ကို ကျင်းပဖြစ်အောင် ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပရတဲ့အကြောင်းဟာ ကျွန်မတို့ အခြေခံအားဖြင့်တော့ နိုင်ငံရေးအကြောင်းပဲ လို့ပြောရမှာဖြစ်ပါ တယ်။ ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ နိုင်ငံရေးအကြောင်းကို အခြေခံပြီးတော့ ဒီလိုပွဲတွေကို ကျင်းပတာပါ။ အာဇာနည်စိတ်ဓာတ်ကို ကျွန်မတို့နိုင်ငံမှာ ပြန့်ပွားစေချင်လို့။ ဒီလို အာဇာနည် စိတ်ဓာတ်ပြန့်ပွားစေချင် တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစားတယ်ဆိုတာ ဟာကျွန်မ တို့နိုင်ငံမှာရှိရမယ်။ အများမလေးစားတဲ့ဟာကို ပြန့်ပွားအောင်လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒီတော့ကျွန်မတို့ အာဇာနည် စိတ်ဓာတ်က ဘာလဲဆိုတော့ ပြောနိုင်တာတွေက အမျိုးမျိုးပေါ့နော်။ ကျွန်မအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို အများက မြင်တာက သတ္တိရှိခြင်းနဲ့ပဲဆိုင်တယ်လို့ မြင်ကြတာများတယ်။ သတ္တိရှိတာကို အာဇာနည် စိတ်ဓာတ်ပေါ့ ၊ ရဲရဲရင့်ရင့်နဲ့ လုပ်ရဲကိုင်ရဲတာကို အာဇာနည် စိတ်ဓာတ်လို့မြင်ကြတယ်။ ကျွန်မကတော့ ဒီလိုပဲ ကြည့်လို့မဖြစ်ဘူးပေါ့နော်။ အာဇာနည်ဆိုတဲ့ စကားကတော့ သက္ကတ ဘာသာကနေပြန်ကြည့်မယ်ဆိုရင် မြင့်မြတ်တဲ့မျုးိရိုးကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီခေတ်က မျိုးရိုးကိုကြည့်တဲ့ခေတ်မဟုတ်တော့ပါဘူး။ ဒီတော့ မြင့်မြတ်တဲ့မျုးိရိုး အစား မြင့်မြတ်တဲ့စိတ်ဓာတ်လို့ပဲ ကျွန်မပြောချင်ပါတယ်။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံမှ အာဇာနည် စိတ်ဓာတ်လို့ အခေါ်ခံရမှာပါ။ သတ္တိရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံတဲ့သတ္တိမျိုးဖြစ်ရပါမယ်။ သတ်ရဲဖြတ်ရဲတိုင်းသတ္တိမဟုတ်ပါဘူး။ တိုက်ရဲခိုက်ရဲတိုင်းလည်း အာဇာနည် မဟုတ်ပါဘူး။ အာဇာနည် စိတ်ဓာတ်ရဲ့ အခြေခံက မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ ကျွန်မပြောချင်ပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ကျွန်မတို့ နိုင်ငံမှာ ပွားများအောင်လို့ ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုလေးစားသင့်တယ်။ ဒီခေါင်းဆောင် ကြီးတွေရဲ့ကျေးဇူးကို မမေ့သင့်ဘူးလို့ ကျွန်မတို့ ဒီလိုပဲယူဆပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ ဘာလဲဆိုရင်တော့ လူတိုင်းလူတိုင်းဟာ သိသင့်ပါတယ်။ တကယ်တမ်း မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာ မသိတဲ့သူတွေရှိလားလို့ တစ်ခါတလေကျွန်မစဉ်းစားမိတယ်။ ကျွန်မငယ်ငယ် တုန်းက မရှိဘူးလို့ထင်မိတယ်။ အသက်ကြီးလာတော့ ရှိတယ်ဆိုတာမြင် ခဲ့တယ်။ တကယ်ပဲတချို့က မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာနားမလည် တာတွေရှိကြတယ်။ အဲဒီနားမလည်တာတွေက ပြုစုပျိုးထောင်မှု၊ ပညာရေးစနစ်၊ဗီဇလည်းပါပါတယ်။ ဗီဇဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ မွေးကတည်းကတူလာတာမဟုတ်ပါဘူး။ ဒါပေမယ့် မွေးကတည်းကမတူလာဘူးဆိုပေမယ့်လည်း ပြုစုပျိုးထောင်မှုနဲ့ ပညာရေးစနစ်ကနေပြီးတော့ အများကြီးပြုပြင်ပေးနိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံမှာ ပညာရေးစနစ် အရေးကြီး တယ်ဆိုတာကို အမြဲပဲ မီးမောင်းထိုးရတဲ့ကိစ္စက ဒါပါပဲ။ ကျွန်မတို့နိုင်ငံသူနိုင်ငံ သားတွေဟာ တန်ဖိုးရှိတဲ့လူသားတွေဖြစ်လာအောင်လို့ ကျွန်မတို့ဟာ ပညာရေးစနစ်ကိုပြုပြင်ချင်တာပါ။ ပညာရေးစနစ်ပြုပြင်ပြီးတော့မှ ကျွန်မတို့ပိုပြီးတော့ အမြင်ကျယ်တဲ့ ပိုပြီးတော့ စိတ်ထားမြင့်တဲ့ နိုင်ငံ သူနိုင်ငံ သားတွေကို ပြုစုပျိုးထောင်ချင်ပါတယ်။ မိဘများမှာလည်းတာဝန်ရှိပါတယ်။ လက်ဦးရာတွေက မိဘတွေပဲ ။ မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို မှန်ကန်တဲ့အတွေးအခေါ်တွေ မှန်ကန်တဲ့ တန်ဖိုးထားတွေ သိအောင်လို့ လုပ်ပေးရမှာပါ။ အဲဒီလိုလုပ်ပေးမှ ကျွန်မတို့ဟာ အာဇာနည်တွေများတဲ့ တိုင်းပြည်ဖြစ်လာပါလိမ့်မယ်။ တချို့က အာဇာနည်ဆိုတာ စွန့်လွတ်ပြီး အနစ်နာခံပြီး အသေခံသွားတဲ့သူလို့ထင်မှတ်တဲ့သူတွေလည်းရှိပါတယ်။ဒါက သူရဲကောင်းနဲ့ အာဇာနည်ကို အဓိပ္ပါယ် အသဲမကွဲ ဖော်ထုတ်လိုက်တာပဲလို့ ကျွန်မကတော့ မြင်ပါတယ်။ သူရဲကောင်းက သူရဲကောင်းပဲ၊ အာဇာနည်က အာဇာနည်ပဲ။ အာဇာနည်ဆိုတာဟာ မြင့်မြတ်တဲ့စိတ်လည်းပါရမယ်လို့ ကျွန်မထင်ပါတယ်။ ရိုးရိုးသူရဲကောင်းစိတ်ဓာတ်နဲ့ မလုံလောက်ပါဘူး။တစ်နည်းအားဖြင့် ဆိုရမယ်ဆိုလို့ရှိရင် သူရဲကောင်း အာဇာနည် ၊ အာဇာနည် သူရဲကောင်းစတာမှာတော့ သူရဲကောင်းဘက်က စပေမယ့် အာဇာနည် စိတ်ဓာတ်ရှိမှ အာဇာနည်ဖြစ်မှာပါ။ သူရဲကောင်းတိုင်းက အာဇာနည်ဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဇာနည်တိုင်းကတော့ သူရဲကောင်းဖြစ် တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဇာနည် စိတ်ဓာတ်ဆိုကတည်းက ဘယ်ဟာကိုတန်ဖိုးထားရမလဲဆိုတာ သိတဲ့အခါကျတော့ ဒီတန်ဖိုးထားမှုကို အခြေခံပြီးတော့ ဒီ သတ္တိရှိသင့်တဲ့နေရာမှာ ရှိကြတယ်။ သတ္တိထုတ်သင့်တဲ့နေရာမှာထုတ်ကြတယ်။ သတ္တိကို မထုတ်သင့်တဲ့နေရာမှာ ထုတ်တာလည်း အာဇာနည် စိတ်ဓာတ်မဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်။ အာဇာနည် စိတ်ဓာတ်ဆိုတာ မြင့်မားတဲ့စိတ်၊ ဆင်ခြင်တုံတရားပါတဲ့စိတ်နဲ့ သတ္တိကို တွဲထားတဲ့စိတ်လို့ ဒီလိုပဲ ကျွန်မက အဓိပ္ပာယ်ဖော်ချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တကယ်ပဲလေးစားတယ်၊ တကယ်ပဲ တန်ဖိုးထားတယ်ဆိုလို့ရှိရင် ဒီကိစ္စကိုနားလည်ဖို့လိုပါတယ်။ တကယ်တန်ဖိုးကိုနားမလည်ဘဲနဲ့လေးစားတယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ မှားပြီးတော့ ဒီလူဟာ မလေးစားသင့်တဲ့အရည်အချင်းကိုကြည့်ပြီး အားကျပြီးလေးစားတယ်ဆိုတာလည်း တစ်နည်းအားဖြင့် တကယ့်မြင့်မြတ်တဲ့လူတွေကို စော်ကားရာရောက်တယ်လို့ ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။ အဲဒါကြောင့်မို့ အာဇာနည် စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကို သေသေချာချာ တစ်ယောက်ချင်းတစ်ယောက်ချင်းကနေပြီး ကိုယ့်ဘာသာကို လေ့လာပြီးကြည့်စေချင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့လူငယ်တွေကို ကြည့်စေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ အာဇာနည်ဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း အာဇာနည်ဖြစ်ဖို့ဆိုတာ အသက်ကို စွန့်လွှတ်ဖို့ မလိုပါဘူး။ တစ်ခါတလေ မသက်မစွန့်ဘဲနဲ့တကယ့်ကိုနေသွားရတာတောင်မှ အာဇာနည် စိတ်ဓာတ်နဲ့နေသွားတာတွေရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့လူငယ်တွေဟာ မြင့်မြင့်ကြံကြပါ။ ကိုယ့်ကိုယ်ကို အာဇာနည် စိတ်ဓာတ်နဲ့နေနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် လေ့ကျင့်ကြပါ။ လေ့ကျင့်နေလို့ရှိရင်ရပါတယ်။ အာဇာနည် စိတ်ဓာတ်ထဲမှာ ကိုယ်ကျိုးမရှာတဲ့ မြင့်မြတ်တဲ့ စိတ်ထားတစ်ခုလည်းပါပါတယ်။ ကိုယ်ကျိုးရှာတဲ့ စိတ်ပါသွားပြီဆိုလို့ရှိ ရင် ကိုယ့်ရဲ့တိုးတက်ရေးအတွက် ကိုယ့်ရဲ့အကျိုးတိုးတက်ရေးအတွက် သိပ်ပြီးတော့ အလေးထားသွားပြီဆိုလို့ရှိရင် ဒါအာဇာနည်မဟုတ်တော့ပါဘူး။ တခြားနေရာတွေမှာတော်တဲ့သူဖြစ်နိုင်ပါတယ်။ လူတော်ဖြစ်နိုင်ပါတယ်။ အင်မတန်မှတော်တဲ့သူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာဇာနည်လို့တော့ ကျွန်မကသတ်မှတ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုလို့ရှိရင် ကိုယ့်ရဲ့ပစ္စည်းအတွက်၊ ကိုယ့်ရဲ့တိုးပွားရေးအတွက် အများကြီး စွန့်စားတဲ့သူတွေရှိတယ်။ စွန့်စွန့်စားစားနဲ့လုပ်တဲ့ စီးပွားရေးသမားတွေလည်းရှိတယ်။ စွန့်စွန့်စားစားနဲ့ကိုယ်လုပ်ချင်တဲ့အရာကို ရအောင်လို့ လုပ်တဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုပ်တယ်ဆိုတဲ့အခြေခံတာကြောင့်မို့ ဒါကို ကျွန်မကတော့ အာဇာနည် စိတ်ဓာတ်လို့ မသတ်မှတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သား အားလုံးဟာ အာဇာနည် စိတ်ဓာတ်ဘာလဲဆိုတာကို သေသေချာချာစဉ်းစားကြပါ။ စဉ်းစားပြီးတော့မှ ဒီလို စိတ်ဓာတ်မျိုးကို ကိုယ့်အတွင်းမှာလည်း တိုးပွားအောင်လို့လုပ်ပါ။ တခြားသူတွေ ဒီလို စိတ်ဓာတ်ရှိလို့ ရှိရင်လည်း အဲဒီလို ပုဂ္ဂိုလ်တွေကို တန်ဖိုးထားပါ လို့ ကျွန်မပြောချင်ပါတယ်။ မှားပြီးတော့ သွားပြီးတန်ဖိုးမထားနဲ့နော်။ မှားပြီး တန်ဖိုးထားရင် ကျွန်မတို့နိုင်ငံ အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ တန်ဖိုးထားမှန်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ပညာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ ဘာကိုတန်ဖိုးထားသင့်တယ်။ ဘယ်လိုကိစ္စတွေကို တကယ် အထင်ကြီးသင့်တယ်ဆိုတာကို၊ အထူးသဖြင့် ကျွန်မတို့လူငယ်တွေကိုသေသေချာချာ စဉ်းစားစေချင်ပါတယ်။ ဘာပဲကြည့်ကြည့် အပေါ်ယံပဲမကြည့်ပါနဲ့။ သေသေချာချာ လေးလေးနက်နက်စဉ်းစားပြီးတော့ ငါတို့ဟာ ဘာတွေကို တန်ဖိုးထားရမလဲဆိုတာ ကို စဉ်းစားပါ။ အရေးမကြီးတဲ့ ကိစ္စနဲ့ပတ်သက်လို့ အထင်မသေးပါနဲ့။ တချို့တွေကဆိုရင် အပေါ်ယံကြောပဲကြည့်ကြတယ်။ အပေါ်ယံကြောကြည့်ပြီးတော့ အထင်သေးတာတွေရှိခဲ့ပါတယ်။ ဥပမာ ဒီနေ့ အာဇာနည်နေ့မို့ ပြန်ပြောရမယ်ဆိုရင် ဖေဖေက ငယ်ငယ်က ကျောင်းသားဘဝတုန်းက ဖိုသီဖတ်သီနဲ့နေတတ်တာ နောက်ပြီးတော့ နေပုံထိုင်ပုံက မယဉ်ကျေးတာ၊ မသိမ်မွေ့တာ အဲဒါတွေကိုကြည့်ပြီးတော့ အထင်သေးတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် အဲလိုအထင်သေးတာမှားသလားဆိုတော့လည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးတဲ့သူနဲ့ ရိုင်းစိုင်းတဲ့သူဟာ ယဉ်ကျေးတဲ့သူက ပိုပြီးတော့တန်ဖိုးရှိပါတယ်။ ဖေဖေကိုယ်တိုင်လည်း ဒီဟာကို မဆုံးခင်မှာ အသိအမှတ်ပြုသွားပါတယ်။ ကျွန်မဖေဖေအကြောင်းရေးတဲ့ အထုပ္ပတ္တိအတိုလေးမှာလည်းရေးထားပါတယ်။ ကျွန်မတို့အင်မတန်မှ နီးစပ်ဖူးတဲ့ မိတ်ဆွေတစ်ယောက်ကပြောတယ်။ ဖေဖေကပြောခဲ့ဘူးတယ်တဲ့ ငယ်ငယ်တုန်းက ကျောင်းသားဘဝတုန်းကလို သူဒီလိုနေလို့မဖြစ်ဘူးပေါ့နော်။ အခုသူကအမျိုးသားခေါင်းဆောင်အဆင့်ရောက်နေပြီဆိုတော့ ကျောင်းသားဘဝတုန်းကလို ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းနေဖို့မသင့်ဘူး။ သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်ဆိုတာကိုသူက ဖေဖေက အသိအမှတ်ပြုတယ် ။ သူကြိုးစားသွားမယ်လို့ပြောပါတယ်။ ကြိုးစားလည်းကြိုးစားပါတယ်။ ဒါကြောင့်မို့လို့လဲနောက်ဆုံးအပိုင်းမှာဖေဖေဟာ အပြောအဆိုကတော့ နောက်ဆုံးမိန့်ခွန်းအထိ ဗမာတွေမမေ့အောင်တော့ ခပ်ကြမ်းကြမ်းပြောသွားတာပဲ။ ဒါပေမယ့် ဆက်ဆံရေးနဲ့ပတ်သက်လို့ရှိရင် အထူးသဖြင့် လူကြီးတွေကို ဒါကတော့ ဖေဖေက ငယ်ငယ်ထဲကပါ ငယ်ငယ်ကတည်းက လူကြီးတွေကိုလေးလေးစားစားနဲ့ ဂါရဝတရားပြည့်ပြည့်ဝ၀နဲ့ ဆက်ဆံခဲ့တာတွေရှိပါတယ်။ နောက်ပိုင်းမှာလည်း ပိုပို ပိုပိုပြီး ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုပြီးတော့မြင်ရတာပေါ့လေ။ ဒါကမေမေ့ရဲ့ကျေးဇူးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ပိုပြီးတော့ ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုတော့ ငြင်းလို့မရနိုင်ပါဘူး။ တကယ့်အာဇာနည် စိတ်ဓာတ်ရှိတဲ့သူဆိုတာဟာ စိတ်နှိပ်ချမှုလည်းရှိရမယ်။ ကိုယ့်မှာပြုပြင်ဖို့လိုတယ်ဆိုတာကိုလည်းနားလည်ရမယ်။ ကိုယ်နဲ့မတန်တဲ့အဆင့်ကို ကိုယ်ရောက်နေပြီဆိုပြီးတော့ မာန်တက်နေတယ်ဆိုတာလည်း ဒါအာဇာနည် စိတ်ဓာတ်မဟုတ်ဘူး။ အာဇာနည် မှန်ရင် အတွေးအခေါ်မှန်ရတယ်။ အတွေးအခေါ်မှန်တဲ့အခါကျရင် ကိုယ့်အားနည်းချက်ကို ကိုယ်တွေ့ရတယ်။ တခြားသူရဲ့အားသာချက်ကိုလည်း သိရတယ်။ တရားတော်ထဲမှာ ဆိုလို့ရှိရင် ကျွန်မအင်မတန်မှ ကြိုက်တဲ့ ဆုံးမစကားတစ်ခုရှိပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မမကြာခဏပြောပါတယ်။ ဒါကတော့ရှင်းရှင်းလေးပါ ။ သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့ကျေးဇူးကို ကျုံ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချဲ့ပြီးတော့မြင်တယ်။ သူယုတ်မာကတော့ပြောင်းပြန်ပေါ့နော်။ ကိုယ့်ရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချုံ့ပြီးတော့မြင်တယ်။ အဓိကပြောရမယ်ဆိုရင် သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် သိရတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် အလေးထားရတယ်။ တခြားသူတွေရဲ့အားနည်းချက်တွေကို မြင်ပြီးတော့ သိပြီးတော့ အင်မတန်မှ ချဲ့ကားပြီးတော့ ကိုယ့်ရဲ့အားနည်းချက်ကို ကျတော့ လစ်လျူရှုထားတဲ့သူတွေသာ သူတော်ကောင်းမဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီတော့ အာဇာနည်ဆိုကတည်းက သူတော်ကောင်းဖြစ်ရမယ်။့မြင့်မြတ်တဲ့စိတ်ရှိရမယ်။ မြင့်မြတ်တဲ့စိတ်ရှိတဲ့စိတ်ရှိတဲ့သူဟာ ကိုယ့်ရဲ့အားနည်းချက်ကို သိရမယ်။ သိရုံတင်မကဘူး။ ပြုပြင်ချင်တဲ့စိတ်လည်းရှိရမယ်။ အဲဒါကြောင့် ကျွန်မ ဒီနေ့ ဖေဖေနဲ့တကွ ကျဆုံးသွားတဲ့ခေါင်းဆောင်ကြီးတွေ အကြောင်းပြောနေတဲ့နေရာမှာ ဖေဖေကိုယ်တိုင်ပြောသွားတဲ့စကား သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်။ ကျောင်းသားဘဝတုန်းကလိုပုံစံနဲ့သူနေလို့မရတော့ဘူး။ သူဟာကျောင်းသားမဟုတ်တော့ဘူး။ သို့သော်ငြားလည်း အဲဒီတုန်းက ဖေဖေတော်တော်ငယ်ပါသေးတယ်။ ၃၂ နှစ် ။ဒီစကားပြောခဲ့တုန်းက ၃၂ နှစ် မပြည့်သေးခင်ပေါ့။ ဘုရင်ခံရဲ့ကောင်စီမှာ ဒုဥက္ကဋ္ဌဖြစ်ပြီးတဲ့အချိန် ၃၂ နှစ်မပြည့်သေးတဲ့ အချိန်မှာ ဒီစကားပြောခဲ့တာပါ။ အခုခေတ်ဆိုရင် ၃၂ နှစ်မပြည့်သေးတာကို ကလေးလို့တချို့ကတောင်ထင်ကြတယ်။ ကျွန်မ တို့လည်း အမှန်ပြောရင် တစ်ခါတလေ ကလေးလို့မြင်ပါတယ်။ လူငယ်ပေါ့နော်။ ဒါပေမယ့် ဖေဖေကတော့ လူကြီးစိတ်အပြည့်အဝနဲ့ သူဟာ လူကြီးတစ်ယောက်ဖြစ်သွားလို့ လူကြီးပီပီနေရမယ်။ သူ့ရဲ့အားနည်းချက်တွေကို သူပြုပြင်ရမယ်။ ဒီဟာတွေကို တစ်နေ့ထက်တစ်နေ့ တိုင်းပြည်အတွက်ပိုတန်ဖိုးရှိအောင်လို့ နေသွားရမယ်ဆိုတာကို လက်ခံသွားတာကြောင့်မို့လို့ ကျွန်မအနေနဲ့ကတော့ ဖေဖေဟာ တကယ့်အာဇာနည်စိတ်ဓာတ်နဲ့ပြည့်စုံတယ်လို့ ဒီလိုပဲသတ်မှတ်ပါတယ်။ ကျဆုံးသွားရလို့ ၊ ဒီလို အနစ်နာခံသွားရလို့ အာဇာနည်ရယ်လို့ ဒီလို ကျွန်မ သတ်မှတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့ ၊ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိလို့ အာဇာနည်လို့ ကျွန်မက သတ်မှတ်တာပါ။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့နိုင်ငံမှာ အာဇာနည်တွေ အများကြီး မွေးဖွားရှင်သန်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

No comments: