Tuesday, July 3, 2012

ဘားမား Vs မြန်မာ

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ဘားမားဟု သုံးနှုန်းခြင်းနှင့်ပတ်သက်၍ ယနေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်၌ ပြုလုပ်သော (3.7.2012)သတင်းစာရှင်းလင်းပွဲတွင် အောက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

"ကျွန်မတို့ မြန်မာနိုင်ငံကိုပေါ့နော်၊ လွတ်လပ်ရေးရစဉ်ကတည်းက အင်္ဂလိပ်ဘာသာအရ တရားဝင် Burma ဆိုတာ သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီလို ဘားမားလို့ သုံးတဲ့ဟာကို န.၀.တ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)ခေတ်မှာ ပြောင်းခဲ့ပါတယ်။ ပြောင်းတုန်းက ပြည်သူလူထုရဲ့ ဆန္ဒကို လုံးဝမလေ့လာခဲ့ဘူး။ ဆန္ဒခံယူပွဲ လုပ်တာကို ကျွန်မပြောတာမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ဆန္ဒသဘောထား တွေကို လေ့လာမှုမရှိဘဲနဲ့ တစ်နေ့မှာ ဒီလိုပဲပြောင်းလိုက်တာပါ။ ဒါကို ကျွန်မအနေနဲ့တော့ မူအားဖြင့် မလုပ်သင့် ဘူးလို့ ကျွန်မထင်တယ်။ ဒီလိုနိုင်ငံတစ်နိုင်ငံရဲ့ နာမည်ကို နိုင်ငံခြားသားတွေသုံးဖို့ကို ပြောင်းတယ်ဆိုရင်တောင်မှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အထင်အမြင်ကိုတော့နည်းနည်းတော့သုံးသပ်သင့် တယ်။ ဒါဘာလဲဆိုတော့ ပြည်သူကို လေးစားတဲ့သဘောအရပါ။ နောက်တစ်ခုကလည်း ဦးဉာဏ်ဝင်းပြောတဲ့အတိုင်းပဲ။ ဘာဥပဒေမှ မရှိဘူး။ ဒီလိုနာမည်သုံးရာမှာလည်း ဥပမာဆိုရင် ကျွန်မတို့ အင်္ဂလန် အင်္ဂလန်လို့ခေါ်နေတာ တကယ်တော့ သူတို့ရဲ့ တရားဝင်နာမည်က United Kingdom ပါ။ ဒါပေမဲ့ ကျွန်မတို့ ဒီလိုပဲပြောတာပဲ။ အင်္ဂလန်လို့လည်းပြောတာပဲ၊ ဗြိတိန်လို့လည်း ပြောတာပဲ။ UK လို့ တကယ်တော့ အမှန်ပြော ခဲတယ်။ ဘယ်သူ့မှလည်း ဒါကို မပြောကြပါဘူး။ ကိုယ်သင့်တော်သလို ခေါ်တာပေါ့နော်။ ဥပမာ ပြင်သစ်မှာဆိုရင် မြန်မာနိုင်ငံကို ဗျူမာနီးလို့ ပြောတယ်။ ဒါသူတို့ ပြင်သစ်စကားလေ။ ကျွန်မတို့က ပြင်သစ်နိုင်ငံကို ပြင်သစ်လို့ခေါ်တယ်။ ဘာလို့ လားဖရွန့်စ်လို့ မခေါ်သလဲ။ ပြင်သစ်ကလည်း သူတို့က ကျွန်မတို့နိုင်ငံကို ဗျူမာနီးလို့ခေါ်တယ်။ ပြင်သစ်ကလည်း လာပြီးတော့ ငါတို့နိုင်ငံကို ဘာလို့ လားဖရွန့်စ်လို့ မခေါ်တာလဲဆိုပြီးတော့ မပြောပါဘူး။ ဒါတွေဟာ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေနဲ့ ဆိုင်တယ်လို့ ကျွန်မထင်တယ်။ နံပါတ် ၁ ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ နာမည်နဲ့ ပတ်သက်လို့ တရားဝင်နာမည်ပဲဖြစ်ဖြစ် ကုလသမဂ္ဂမှာ သုံးဖို့ဆိုပြီး ပေးလိုက်တဲ့နာမည်ပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာ တရားဝင်သုံးတဲ့ တရားဝင်နာမည်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆိုင်ပါဘူး။ ဒါကသက်သက်ပါ။ ဒါပြည်သူပြည်သားတွေရဲ့ သဘောတရားတွေကို လေ့လာပြီးတော့ လုပ်သင့်တယ်လို့ ကျွန်မထင်တယ်။ ဒါကတော့ ဒီမိုကရေစီနည်းအရပါ။ ပြည်သူတွေကို လေးစားတဲ့အနေနဲ့၊ နောက်တစ်ခုကလည်း လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်ပါ။ လွတ်လွတ်လပ်လပ် ကိုယ့်ရင်ထဲမှာ ရှိတဲ့အတိုင်း ပြောဆိုပိုင်ခွင့်ဆိုတာဟာ ဒါဘယ်သူ့ကိုမှလည်း စော်ကားတာမဟုတ်ဘူး။ အဲဒါကလည်း ဒီမိုကရေစီရဲ့ သဘောတရား၊ ဒီမိုကရေစီရဲ့ မူဝါဒတွေနဲ့ ဆိုင်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်မအနေနဲ့တော့ ဒီမိုကရေစီကို ယုံကြည်လို့ ကျွန်မဟာကျွန်မ သုံးချင်သလို သုံးခွင့်ရှိတယ်လို့ ကျွန်မကတော့ ယူဆတယ်"

No comments: